အထူးသံတမန်အား မြန်မာစစ်ကောင်စီ၏ အတည်ပြုမှုကို အာဆီယံ ‌စောင့်ဆိုင်းနေ 

အထူးသံတမန်အား မြန်မာစစ်ကောင်စီ၏ အတည်ပြုမှုကို အာဆီယံ ‌စောင့်ဆိုင်းနေ 

ဩဂုတ် ၃

အရှေ့တောင်အာရှနိုင်ငံများ၏ ထိပ်တန်းသံတမန်များသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်း ကူညီဖြေရှင်းမည့် အထူးသံတမန်တစ်ဦးကို အစမ်းသဘော ရွေးချယ်ထားပြီးပြီဖြစ်ပြီး အဆိုပါ ရွေးချယ်မှုကို မကြေညာမီ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များထံမှ အတည်ပြုမှုကို ‌စောင့်ဆိုင်းနေကြကြောင်း သံတမန်နှစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောသည်။ 

အရှေ့တောင်အာရှနိုင်ငံများအသင်း၏ နိုင်ငံခြား‌ရေး၀န်ကြီးများသည် ဘရူနိုင်း နိုင်ငံခြားရေးဒု၀န်ကြီး အာ၀မ် ယူဆော့ဖ်ကို မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ရွေးချယ်သတ်မှတ်လိုနေပြီး ယင်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကိုလည်း သြဂုတ် ၂ ရက် ၎င်းတို့၏ အစည်းအဝေးတစ်ခုတွင် သဘောတူညီချက် ရခဲ့ပြီဖြစ်ကြောင်း အရှေ့တောင်အာရှ သံတမန်နှစ်ဦးက ပြောသည်။ 

အဆိုပါ သံတမန်နှစ်ဦးသည် လူအများသို့ တရား၀င် ထုတ်ဖော်ပြောဆိုပိုင်ခွင့် မရှိသည့်အတွက် ၎င်းတို့၏ အမည်ကို မဖော်ပြရန် အေပီသတင်းဌာနကို ပြောဆိုခဲ့သည်။ 

မြန်မာ စစ်ကောင်စီဘက်က ရွေးချယ်မှုအပေါ် တုံ့ပြန်အဖြေမပေးသေးသည့်အတွက် အာဆီယံ၀န်ကြီးများအနေဖြင့် အစည်းအဝေး အပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်နိုင်သေးခြင်း မရှိကြောင်း သံတမန်များက ပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရထံမှ ဖေဖေါ်၀ါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းများနှင့်ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ရန် အာဆီယံအုပ်စုသည် နိုင်ငံတကာ ဖိအားများနှင့် တိုးမြင့်ရင်ဆိုင်ထားခဲ့ရသည်။ 

သို့သော် အဖွဲ့၀င်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ၀င်မစွက်ဖက်ရေး ဆိုသည့် ယင်း၏ အခြေခံမူ နှင့် အများသဘောဆန္ဒဖြင့် ဆုံးဖြတ်ချက်ချမှတ်မှုတို့ကြောင့် အဆိုပါ ဒေသတွင်းအုပ်စုအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အဟန့်အတားနှင့် ကြုံနေရသည်။ 

အထူးသံတမန် ခန့်အပ်မှုကို မြန်မာ၏ အတည်ပြုချက် မပါဘဲ လုပ်ဆောင်၍ မရသလို မြန်မာအာဏာသိမ်းစစ်ကောင်စီအနေဖြင့် အဆိုပြုထားသည့် ရွေးချယ်မှုကို မည်သည့်အတွက်ကြောင့် မတုံ့ပြန်သေးသည်လဲ ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိပေ။ လက်ရှိအချိန်တွင် အထူးသံတမန်၏ လုပ်ငန်းတာ၀န်များ တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်သွားနိုင်ရန်အတွက် အာဆီယံ၀န်ကြီးများက မြန်မာကို ဖိအားပေးနေကြောင်း သံတမန်တစ်ဦးက ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required