တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံအတွင်း သိမ်းပိုက်ထားသည့် ဒေသများတွင် အခွန်များ စတင်ကောက်ယူ

တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံအတွင်း သိမ်းပိုက်ထားသည့် ဒေသများတွင် အခွန်များ စတင်ကောက်ယူ

အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ် စပင်ဘိုလ်ဒက်ခရိုင်ကို ယခုလအစောပိုင်းတွင် သိမ်းပိုက်ခဲ့သည့် တာလီဘန်တို့က ဇူလိုင် ၂၇ ရက်တွင် အခွန်ကောက်ယူများကို ချမှတ်ခဲ့ပြီး ပါကစ္စတန်နိုင်ငံနှင့် သွင်းကုန်/ထုတ်ကုန်များအပေါ် အခွန်များစတင်ကောက်ခံခဲ့သည်။

တာလီဘန်နှင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် သီတင်း ၂ ပတ်ကြာ ပိတ်ထားခဲ့သည့် နယပ်စပ်ကို ကုန်သွယ်ရေးအတွက် ပြန်ဖွင့်ခဲ့ပြီး နောက်တစ်နေ့တွင် အခွန်များကို စတင်ကောက်ခံခဲ့ခြင်းဖြစ်သည်။

စပင်ဘိုလ်ဒက်နျင့် ဝက်ရှ်ဧရိယာများကို တာလီဘန်များနှင့် အာဖဂန်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားချိန်တွင် ပါကစ္စတန်တို့က နယ်စပ်ကို ပိတ်ထားခဲ့သည်။

ယင်းဒေသများကို ထိန်းချုပ်ထားသည့် တာလီဘန်တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် ပါကစ္စတန်က နယ်စပ်ကို ပြန်လည်ဖွင့်ပေးခဲ့သည်။

တာလီဘန်များသည် အာဖဂန်နစ္စတန်နှင့်ပါကစ္စတန်နိုင်ငံတို့အကြား ဝင်ထွက်သွားလာနေသည့် ကုန်တင်ကားများ၊ ကွန်တိန်နာတင် ယာဉ်များကို အခွန်ကောက်ခံနေကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိ များက ပြောကြားသည်။

“အာဖဂန်နစ္စတန်နှင့်ပါကစ္စတန်နိုင်ငံတို့အကြား တင်ပို့နေတဲ့ ကုန်ပစ္စည်း အမျိုး ၂၀ အပေါ် အခွန်ကောက်ခံ ကြောင်း စာမျက်နှာ-၂၀ ပါဝင်တဲ့ ကြေညာချက်ကို ထုတ်ပြန်ထားပါတယ်” ဟု ပါကစ္စတန်-အာဖဂန်ပူးတွဲ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များအသင်း (PAJCCI)မှ ဒုဥက္ကဌ အီမရန်ခန်းကာကာက Dawn သတင်းဌာနသို့ ဖုန်းဖြင့် အတည်ပြုပြောကြားသည်။ ဝက်ရှ်ဒေသမှ တာလီဘန်တာဝန်ရှိသူများကလည်း သွင်းကုန်နှင့် ထုတ်ကုန်များကို သူတို့ကိုယ်တိုင် သတ်မှတ်ထားသည့် အခွန်များ ကောက်ခံနေကြောင်း ၎င်းက ပြောကြားသည်။

“အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံက သွင်းကုန်/ထုတ်ကုန်သမားတွေက အခွန်နဲ့အခြား အခကြေးငွေတွေကို ၂ကြိမ် ပေးဆောင်နေရပါတယ်” ဟု သွင်းကုန်/ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ကာကာက ပြောသည်။

တာဘီဘန်တို့ကို အခွန်ပေးပြီးသော်လည်း ခန်ဒဟာမြို့သို့ ရောက်ပါက အာဖဂန်အစိုးရ အရာရှိများကိုလည်း အခွန်ထပ်မံ ပေးဆောင်ရကြောင်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly