ဇူလိုင် ၂၈
ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ကိုဗစ်ပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူနေ့စဉ် တိုးလာနေပြီး ဇူလိုင်လ ၂၇ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၁၂၈ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ထားပါတယ်။
ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရလို့ သေဆုံးမှု အများဆုံးမြို့မှာ တောင်ကုတ်မြို့ဖြစ်ပြီး သေဆုံးသူ ၃၉ ဦး ရှိပါတယ်။ စစ်တွေမြို့မှာ သေဆုံးသူ ၃၀ ဦး ဒုတိယအများဆုံးဖြစ်ပြီး သံတွဲမြို့မှာ သေဆုံးသူ ၁၄ ဦးရှိတယ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။
ဒါ့အပြင် မနေ့ကအထိ ရခိုင်မှာ ကိုဗစ်ပိုးတွေ့လူ ၂၄၃၃ ဦးရှိပြီး အဲဒီအနက် ဆေးရုံက ဆင်းခွင့်ရသူ ၉၀၅ ဦးတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့ နေအိမ်အတွင်းမှာပဲ နေထိုင်ရေးအစီအစဉ် Stay at Home ကာလ နှစ်ပတ်သတ်မှတ်ကြောင်း ရက္ခိုင့်တပ်တော် AA က ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။
ဒါ့အပြင် ကိုဗစ် တတိယလှိုင်းအတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေချိန် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အခွင့်အရေးရရင် မဖြစ်မနေ ကာကွယ်ဆေးထိုးကြဖို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်သူတွေကို အသိပေး တိုက်တွန်းထားပါတယ်။