စစ်ကောင်စီကို ကြောက်ရွံ့သောကြောင့် လှိုင်သာယာမှာ အလံထောင်ပြီး အကူအညီ မတောင်းခံရဲသည့် အခြေအနေ ရှိနေ

စစ်ကောင်စီကို ကြောက်ရွံ့သောကြောင့် လှိုင်သာယာမှာ အလံထောင်ပြီး အကူအညီ မတောင်းခံရဲသည့် အခြေအနေ ရှိနေ

ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး အတွင်းက စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် လှိုင်သာယာမြို့နယ်တွင် အလံဖြူ၊ အလံဝါထောင်ခြင်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံတားမြစ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

လှိုင်သာယာ ၉ ရပ်ကွက်နေ ကျူးကျော်အချို့မှာ စားရေးသောက်ရေး အဆင်မပြေသည့်အတွက် အလံဖြူထောင်ထားသော်လည်း ပြန်ဖြုတ်လိုက်ရသည်။

“ စစ်တပ်က လာဖမ်းမှာကြောက်လို့ အလံ‌တွေ ပြန်ဖြုတ်ထားကြတယ် ” ဟု အသက် ၅၄ နှစ်အရွယ် လေဖြတ်နေသည့် အမျိုးသမီးက သူ့ဘေးအိမ်များတွင် အလံပြန်ဖြုတ်လိုက်ရသည့်ကို ပြောပြသည်။ 

သူ့အိမ်မှာတော့ အကူအညီလိုအပ်နေသေးသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းအား တင်ပြကာ ဆက်ထောင်ထားကြောင်း သူက ဆက်ပြောသည်။

လှိုင်သာယာမြို့နယ် ရပ်ကွက်များဖြစ်သော စက်မှုဇုန် (၁)(၂)(၃)(၄)၊ ရပ်ကွက် (၉)(၁၁)(၁၂) များအပြင် အကူအညီများ လိုအပ်နေသော ရပ်ကွက် (၁၃) သို့ မြေပြင်ကွင်းဆင်း လေ့လာကြည့်သော်လည်း အလံဝါ၊ အလံဖြူများအား တွေ့ရခြင်းမျိုး လုံးဝမရှိပေ။ စစ်ကောင်စီတပ်သားများမှ ယင်းရပ်ကွက်များအနီးအနားတွင် လက်နက်အပြည့်အစုံဖြင့် လှည့်ကင်းပတ်နေသည်ကို သာ မြင်တွေ့ရသည်။

“ တပ်က အဲ့လိုမျိုး အလံတွေ လိုက်သိမ်းတာတွေတော့ မလုပ်ပါဘူး။ မကြားမိဘူး ” ဟု လှိုင်သာယာ ၁၂ ရပ်ကွက်၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

၎င်းက မြို့နယ်ဘက်က တစ်ရပ်ကွက်လျှင် အောက်စီဂျင် ၄၀ လီတာ တစ်ဗူးစီပေးနေပြီး ထိုဗူးအား ဗူးအသေးများဖြင့်ခွဲကာ ရပ်ကွက်သို့ ပြန်ဝေပေးလျက်ရှိသည်ဟု ဆိုသည်။ တကယ်လက်တွေ့တွင် အောင်စီဂျင် လိုအပ်ချက်ရှိသူအချို့မှာ မိမိအစီအစဉ်ဖြင့် အောင်စီဂျင်များကို သွားရောက်ယူနေရသည်ကို တွေ့ရသည်။
လှိုင်သာယာတွင် နေထိုင်သော လူငယ်တစ်ဦးက “ ကျနော်တို့လှိုင်သာယာမှာ အလံထောင်လို့မရဘူးဗျ၊ မနက်ထောင်တာနဲ့ညနေကြရင်လာဖြုတ်ခိုင်းတာ၊ လှူခြင်ရင်တောင် တိုးတိုးတိတ်တိတ်သွားလှူရတယ် ” ဟု ဆိုသည်။ 

ပရဟိတလူငယ်တစ်ဦးကလည်း အလံထောင်ထားသည့်အိမ်အား သွားရောက်လှူဒါန်းခဲ့သော်လည်း နောက်နေ့သွားသည့်အခါ အလံမတွေ့တော့သဖြင့် သွားရောက်လှူဒါန်းရသည်မှာ အခက်အခဲ ဖြစ်ရသည်ဟု ဆိုသည်။

အလှူရှင်အချို့မှာ မိမိအစီအစဉ်များဖြင့် စားရေးသောက်ရေး အခက်အခဲ ဖြစ်နေကြသည့် လှိုင်သာယာရှိ ကျူးကျော်ရပ်ကွက်များသို့ ကြက်ဥနှင့် ဆန်များအား လှူဒါန်းပေးနေကြသည်ကို တွေ့ရသည်။

ဇူလိုင်လ အစမှ စတင်ကာ ရန်ကုန်မြို့တွင် ကိုဗစ်ကူးစက်နှုန်း မြင့်တက်လာပြီး နေအိမ်ပြင်ပထွက်၍ လိုအပ်သည်များဝယ်ယူရန် အခက်အခဲဖြစ်နေသူများက  မိမိနေထိုင်ရာ နေအိမ်တိုက်ခန်းရှေ့တွင် အဖြူနှင့် အဝါရောင် အလံထောင်ပြီး အကူအညီတောင်းခံ​သည့်လှုပ်ရှားမှုကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက စတင်ခဲ့သည်။ 

အဖြူနှင့် အဝါရောင်အလံ၏ အဓိပ္ပါယ်မှာ အစားအသောက်အကူအညီလိုသူများ ၊ဆေးဝါးအကူအညီလိုသည့်အိမ်များမှ  အကူအညီလိုအပ်နေကြောင်း ညွှန်းဆိုခြင်းဖြစ်ပြီး၊ ထိုသို့အလံထောင်ထားခြင်းဖြင့် ဘေးပတ်ဝန်းကျင်မှ တွေ့ရှိကာ အဆင့်ဆင့် ဆက်သွယ်ကူညီပေးနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly