အီရတ်က အမေရိကန်ရဲ့ တိုက်ပွဲဝင်စစ်ဆင်ရေးတွေ နှစ်ကုန်မှာ အဆုံးသတ်မယ်လို့ ဂျိုးဘိုင်ဒင် ကြေညာ 

အီရတ်က အမေရိကန်ရဲ့ တိုက်ပွဲဝင်စစ်ဆင်ရေးတွေ နှစ်ကုန်မှာ အဆုံးသတ်မယ်လို့ ဂျိုးဘိုင်ဒင် ကြေညာ 
Photo - AFP

ဇူလိုင် ၂၇

အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ခါဒီမီနဲ့ တနင်္လာနေ့က တွေ့ဆုံရာမှာ သမ္မတ ဂျိုးဘိုင်ဒင်က အီရတ်မှာ ရှိနေဆဲ အမေရိကန်တပ်တွေရဲ့ တိုက်ပွဲဝင်စစ်ဆင်ရေးတွေကို အခုနှစ်ကုန်မှာ အဆုံးသတ်တာနဲ့အတူ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ကဏ္ဍသစ်တစ်ရပ်ဆီ ရောက်ရှိတော့မှာ ဖြစ်ကြောင်း ပြောဆိုကြေညာလိုက်ပါတယ်။ 

အီရတ်နိုင်ငံမှာ အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ ပြန်လည်နိုးထလာခြင်းနဲ့ အီရန်ရဲ့ အားကောင်းတဲ့ ဩဇာလွှမ်းမိုးလာမှု ခြိမ်းခြောက်မှုတွေကြားမှာ ခါဒီမီက နှစ်နိုင်ငံရဲ့ ‘မဟာဗျူဟာ မိတ်ဖက်ပြုမှု’ကို ထပ်လောင်းပြောဆိုသလို ဂျိုးဘိုင်ဒင်ကလည်း အမေရိကန်ဟာ ‘လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု’အပေါ်မှာ ကတိတည်သွားမှာ ဖြစ်တယ်လို့ အလေးအနက်ထား ပြောပါတယ်။ 

အီရတ်မှာ ရှိနေတဲ့ အမေရိကန်တပ်တွေဟာ ‘စစ်ရေးလေ့ကျင့်မှုတွေ၊ အထောက်အပံ့တွေ၊ အကူအညီတွေနဲ့ အိုင်အက်စ်တွေကို ကိုင်တွယ်ဖြေရှင်းရေးတွေ’မှာ ဆက်လက်ပါဝင်သွားမယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ 

ဒါပေမဲ့ အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရကန်တပ်တွေကို အပြီးသတ် တပ်နုတ်နေတဲ့အချိန်မှာပဲ အီရတ်က အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀ ကို တိုက်ပွဲတွေထဲ ပါဝင်စေတော့မှာ မဟုတ်ဘူးလို့ နိုင်ငံခေါင်းဆောင်က အတည်ပြုပြောလာခဲ့တာပါ။ 

“အခုနှစ်ကုန်ဆိုရင် တိုက်ပွဲမစ်ရှင်တွေမှာ ကျွန်တော်တို့ ပါဝင်တော့မှာ မဟုတ်ပါဘူး”လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ 

သဘောထားတင်းမာတဲ့ ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားပြီး အီရတ်ဆီ အမေရိကန်တွေ ကျူးကျော်ဝင်ရောက်လို့ ဆယ့်ရှစ်နှစ်အကြာနဲ့ အီရတ်နိုင်ငံကို ခြိမ်းခြောက်လာခဲ့တဲ့ အိုင်အက်စ်တွေကို ညွန့်ပေါင်းဖွဲ့ ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တဲ့ ခုနစ်နှစ်ကြာချိန်မှာ အမေရိကန်အနေနဲ့ အီရတ်နိုင်ငံကို အခြား ပုံစံမျိုးနဲ့ ကူညီထောက်ပံ့မှုပေးဖို့ကို ဦးတည်ချက် ပြောင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ 

အီရတ်မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ရင်ဆိုင်ဖြေရှင်းရေးနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကူညီပေးသွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်ဆေး ၅၀၀၀၀၀ နီးပါးကိုလည်း အီရတ်နိုင်ငံဆီ သီတင်းပတ်အနည်းငယ်အတွင်းမှာ ပေးပို့လှူဒါန်းမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်မှာ ဂျိူးဘိုင်ဒင်က ခါဒီမီက ပြောပါတယ်။ 

အောက်တိုဘာမှာ ကျင်းပမယ့် အီရတ်ရွေးကောက်ပွဲတွေမှာလည်း အမေရိကန်ဟာ ကညီထောက်ပံ့သွားပြီး ရွေးကောက်ပွဲ တရားမျှတရေးအတွက် အီရတ်၊ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီနဲ့ ကုလသမဂ္ဂတို့နဲ့အတူ အနီးကပ် လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ဂျိုးဘိုင်ဒင်က အလေးထား ပြောဆိုခဲ့ပါတယ်။ 

အီရတ်ဝန်ကြီးချုပ် ခါဒီမီကလည်း မိမိတို့ နိုင်ငံရဲ့ အနာဂတ်အရေး ဆွေးနွေးဖို့ ဝါရှင်တန်ကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

“အမေရိကန်၊ သူတို့တွေဟာ အီရတ်ကို ကူညီပေးတယ်၊ အိုင်အက်စ်တွေကို ကျွန်တော်တို့ အတူတကွ တိုက်ခိုက်တယ်၊ တိုက်ထုတ်တယ်၊ အောင်ပွဲခံခဲ့တယ်”လို့ သူက ဆိုပါတယ်။ 

“ခုချိန်မှာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အရင်ကထက် ခိုင်မာအားကောင်းနေပြီ၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ နယ်ပယ်များစွာမှာလည်း နှစ်နိုင်ငံဆက်ဆံရေးက အလားတူပဲ ဖြစ်တယ်”ဆိုပြီး ခါဒီမီက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required