ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း လာမည့် သြဂုတ်၂ ရက်နှင့် ၃ ရက်သို့ ချိန်းဆိုထား

ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း လာမည့် သြဂုတ်၂ ရက်နှင့် ၃ ရက်သို့ ချိန်းဆိုထား

ဇူလိုင် ၂၆

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်သုံးဦး၏ နောက်ရုံးချိန်းကို သြဂုတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ပြန်လည်ချိန်းဆိုထားကြောင်း ရှေ့နေများအပြောအရသိရသည်။

ရုံးချိန်း၏ ပထမနေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ၊ သွင်းကုန်ပို့ကုန်ပုဒ်မ ၈ နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မ ၂၅ အမှုတစ်မှုအတွက် စစ်ဆေးသွားမည်ဖြစ်သည်။ 

ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားသော နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယမြောက် စွဲဆိုထားသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုအတွက် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ ၁၁ ခုတပ်ကာ တရားစွဲဆိုထားပြီး၊ ယင်းပုဒ်မ ၁၁ ခုအနက် ဆက်သွယ်ရေးဥပဒေပုဒ်မနှင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မသည် ကျူးလွန်ခြင်းမရှိ ကြောင်း စစ်ဆေးချက်ရာ၌ ပေါ်လွင် ထင်ရှားနေသည်

“ တာဝန်ရှိသူတွေက အမေစုကိုအရင် သွားရောက်ပြောပြပြီးမှ ကျွန်မတို့ ရှေ့နေအဖွဲ့ကို အကြောင်းကြားတာပါ။ စစ်ဆေးမယ်ဆိုတာ အမေစု သိပြီးလောက်ပါပြီ။ အမှုအားလုံးအတွက် တရားလိုပြသက်သေတွေပဲ ဆက်လက်စစ်ဆေးမှာပါ။ ၅၀၅(ခ) အမှုအတွက် စွဲချက်တင်အမိန့် ချသင့်မသင့်ကို နှစ်ဘက်ရှေ့နေတွေ လျှောက်လဲသွားမှာပါ။” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးမကောင်းဟူသော ကောလာဟလထုတ်လွှင့်မှုများရှိနေခြင်းကို သူမအနေဖြင့် သတိပြုမိကြောင်းနှင့် သတင်းမှားသာဖြစ်သည်ဟု ဒေါ်မင်းမင်းစိုးက ဆိုသည်။

ယမန်နေ့ ကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အိမ်သားများအတွက် ရှေ့နေအဖွဲ့က စားသောက်ဖွယ်ရာ အမယ်ပေါင်း ၁၂မျိုးကျော်ပေးပို့ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly