ဟင်းသီးဟင်းရွက်အများစု အမှာပါးလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ဈေးခြင်းအမှာ

ဟင်းသီးဟင်းရွက်အများစု အမှာပါးလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ဈေးခြင်းအမှာ

ဇူလိုင် ၂၅ ရက်

စစ်ကောင်စီ၏ဖမ်းဆီးတရားစွဲဆိုခြင်းခံနေရသူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ အိမ်သားများအတွက် အစားအသောက်များကို သူ၏ရှေ့နေအဖွဲ့က အပတ်စဉ်ပို့ခွင့်ရနေပြီး ယခုတစ်ခေါက်တွင် ဟင်းသီးဟင်းရွက်ကအများစုဖြစ်သည်။ 

ယနေ့ နံနက်က ပေးပို့လိုက်သည့် စားသောက်ကုန်များတွင်  ကြက်ဟင်းခါးသီး၊ ချဉ်စော်ခါးသီး၊ CP ကြက်နှင့်အိမ်ကြက် ကြက်သားဗူး၊ ငါးဗူး၊  ငါးရံ့ခြောက်ဖုတ် သုံးဗူး၊ ငပိထောင်း တစ်ဗူး၊ ပုဇွန်ခြောက်ကြော် တစ်ဗူး၊ ငှက်ပျောသီး တစ်ဖီး၊ တောကြက်ဥ အလုံးသုံးဆယ်၊ CP ကြက်ဥက အလုံးရှစ်ဆယ်၊  ပျားရည်နဲ့ ဖော်စပ်ထားသော အဖျော်ရည် တစ်ဖာအပြင် နေအိမ်၏ ခြံစောင့်သူအတွက် စီးကရက်ဗူး နှစ်ဗူးတို့ကို ပေးပို့ခဲ့ကြောင်းသိရသည်။

ရှေ့နေအဖွဲ့က တစ်ပတ်တစ်ခါပုံမှန်ရုံးချိန်းချိန်များတွင် ပစ္စည်းများပေးပို့နေကြဖြစ်သော်လည်း ယခုအခါ COVID-19 ကြောင့် ရုံးချိန်းရွှေ့ထားသဖြင့် သီးသန့်ပေးပို့ရခြင်းဖြစ်သည်။

မဇ္ဈိမအနေဖြင့် တည်နေရာမသိရသော ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသောအိမ်တွင် သူနှင့်အတူ အိမ်သား ကိုးဦးရှိကာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေသောကာလတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဟင်းသီးဟင်းရွက်များကို ပိုမိုမှာကြားခဲ့သည်ဟု ရှေ့နေဒေါ်မင်းမင်းစိုးက ပြောသည်။ 

“ အမေစုက ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်လေးတွေ စားချင်တယ်လို့ လုံခြုံရေးတွေကတဆင့် မှာကြားလာတဲ့အတွက် ဝယ်ခြမ်းပြီး ပို့ပေးရတာပါ။ အခြားလိုအပ်မယ့်အစားအသောက်တွေလည်း စီစဉ်ပြီး ပေးပို့ပေးလိုက်ပါတယ်။ ပို့တဲ့ အခါမှာ အဆင့်ဆင့်ပို့ဆောင်ပေးရတယ်။ ရုံးချိန်းတိုင်းလည်း ပို့ပေးတယ်။ အခုရုံးချိန်းကလည်း မထုတ်ဖြစ်တော့ မပို့တာကြာသွားပြီ။ ဒါ့ကြောင့် ပို့ပေးလိုက်တာပါ။  ” ဟု ဒေါ်မင်းမင်းစိုးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော်ခွေးလေး တိုက်ချီဒိုအတွက်လည်း ရှေ့နေအဖွဲ့ဝင် ခုနှစ်ဦးထဲမှာ တစ်ဦးဖြစ်သော ဒေါ်စန်းမာလာညွှန့်က ရန်ကုန်မှ အစားအစာ အချို့ကို ပို့ပေးလျှက်ရှိကြောင်းလည်းသိရသည်။

စစ်ကောင်စီက ပုဒ်မ ၁၁ ခုတပ်ကာ တရားစွဲဆိုဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကမှာ နေအိမ်အကျယ်ချုပ်ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး ကူးစက်မြန်ကပ်ရောဂါကြောင့် တရားခွင်ကို ရပ်ထားထားရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးအတွက် ၎င်းတို့မှာကြားသည့်အစားအသောက်များကို ရှေ့နေအဖွဲ့က ပို့ဆောင်ပေးလျှက်ရှိပြီး၊ ဒေါက်တာမျိုးအောင်ကိုမူ ၎င်း၏မိသားစုက အစားအသောက်များပေးပို့လျှက်ရှိသည်။

နိုင်ငံခေါင်းဆောင်သုံးဦးအတွက် နောက်ဆုံးတရားရုံးထုတ်မှုမှာ ဇူလိုင် ၁၂ရက်ကဖြစ်သည်။ ပြန်လည်ချိန်းဆိုသည့် ဇူလိုင် ၁၉ ရက်သည် အာဇာနည်နေ့နှင့် တိုက်ဆိုင်နေသောကြောင့် ဇူလိုင် ၂၀ ရက်သို့ ပြန်လည်ချိန်းဆိုထားသော်လည်း ယင်းနေ့မှစတင်ကာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကူးစက်မှုများကြောင့် တရားခွင်ကို ရပ်နားထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required