တရုတ်နိုင်ငံသားများ လုံခြုံရေး မစိုးရိမ်ရအောင် ဆောင်ရွက်ပေးရန် ပါကစ္စတန်အစိုးရကို တောင်းဆို

တရုတ်နိုင်ငံသားများ လုံခြုံရေး မစိုးရိမ်ရအောင် ဆောင်ရွက်ပေးရန် ပါကစ္စတန်အစိုးရကို တောင်းဆို

ပါကစ္စတန်နိုင်ငံ၏ Das ရေအားလျှပ်စစ်စီမံကိန်းဆည်အနီးတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တရုတ်နိုင်ငံသား ၉ ဦး တိုက်ခိုက်ခံရပြီးနောက် ပါကစ္စတန်နိုင်ငံတွင်း ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများအတွက် လုံခြုံရေးမစိုးရိမ်ရအောင် ဆောင်ရွက်ပေးရန် တရုတ်အစိုးရက ပါကစ္စတန်အစိုးရကို တောင်းဆိုလိုက်သည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး ကျောင်ကေကျိက ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရှိတ်ခ်ရာရှစ်ဒ်အာမက်နှင့် ဇူလိုင် ၁၇ ရက်က ဖုန်းဖြင့် ဆက်သွယ်၍ ပါကစ္စတန်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသား ၉ ဦး သေဆုံးခဲ့ခြင်းကို ဆွေးနွေးခဲ့ကြောင်း China Daily သတင်တွင် ဖော်ပြခဲ့သည်။

ဇူလိုင် ၁၄ ရက်က ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံသားများ တိုက်ခိုက်ခံရမှုအပေါ် ၎င်းတို့အစိုးရက အထူးအာရုံစိုက်ထားကြောင်းလည်း ကျောင်က ပြောသည်။

စုံစမ်းစစ်ဆေးမှုနှင့် ရရှိထားသည့် သတင်းအချက်အလက်များအရ တရုတ်နိုင်ငံသားများကို အကြမ်းဖက် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းအတည်ပြုထားသည်ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

တရုတ်အစိုးရက အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်သော မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် စုံစမ်း စစ်ဆေးမှုတွင် ကူညီရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးသူများအား စေလွှတ်ပြီး ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

တိုက်ခိုက်မှုတွင် တာဝန်ရှိသူများအား ဖော်ထုတ်ကာ ဖမ်းဆီးအပြစ်ပေးရန် တရုတ်နှင့် ပါကစ္စတန်အစိုးရတို့ ပူးပေါင်း လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly