မန္တလေးဆေးရုံကြီးအတွက် အောက်ဆီဂျင် တန် ၂၀ ထပ်ရောက်၊ အောက်ဆီဂျင်ရဖို့ နေ့စဉ်တန်းစီနေရသူတွေအတွက် မရေရာသေး

မန္တလေးဆေးရုံကြီးအတွက် အောက်ဆီဂျင် တန် ၂၀ ထပ်ရောက်၊ အောက်ဆီဂျင်ရဖို့ နေ့စဉ်တန်းစီနေရသူတွေအတွက် မရေရာသေး
(ဓာတ်ပုံ- New Starlight Facebook)

ဇူလိုင် ၂၁

မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှာ အသုံးပြုရန် အောက်ဆီဂျင် နောက်ထပ် တန် ၂၀ ဇူလိုင် ၂၁ရက်မှာ ထပ်မံရောက်ရှိလာပါတယ်။

ယခုတစ်ခေါက် ရောက်ရှိလာတဲ့ Liquid Oxygen တန် ၂၀ဟာ ထိုင်းနိုင်ငံမှ တင်သွင်းတာဖြစ်ပြီး 40 Liter အောက်ဆီဂျင်အိုး (၃၂၀၀) ဖြည့်ပေးနိုင်တဲ့ ပမာဏရှိတယ်လို့ မန္တလေးမြို့က ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးဆေးရုံကြီးမှာ ဆေးကုသနေတဲ့ Covid-19 အရေးပေါ်လူနာများအတွက် Liquid Oxygen Bowser တွေ ရောက်ရှိဖို့ မန္တလေးမြို့က ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီက စီစဉ်မှုနဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိ မန္တလေးမြို့အတွင်း နေ့စဉ် ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်လိုအပ်မှု မြင့်တက်နေပြီး အောက်ဆီဂျင်ရဖို့ နေ့စဉ်တန်းစီ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အောက်ဆီဂျင် လိုအပ်ချက်ကို ပရဟိတအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေက ကူညီပေးလျက်ရှိပါတယ်။  

(ဓာတ်ပုံ- New Starlight Facebook)

အခုရောက်ရှိလာတဲ့ Liquid Oxygen ကားတွေကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ Liquid Oxygen Storage Tank မှာ သိုလှောင်ထားကာ လူနာကုတင်များဆီ တိုက်ရိုက်အောက်ဆီဂျင်ပေးတဲ့စနစ်နဲ့ ပို့လွှတ်ပေးမှာ ဖြစ်ပါတယ်။

နေ့စဉ် အောက်ဆီဂျင်ဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ မန္တလေးမြို့အတွင်း အထူးလိုအပ်နေသော အိမ်သုံး Oxygen အိုးများ ဖြည့်သွင်းနိုင်ဖို့ကိုတော့ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီဘက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အမြန်စီစဉ်နေကြောင်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ရက်ကလည်း ပထမအကြိမ်အဖြစ် Liquid Oxygen Bowser ၂၆ တန် ပါဝင်တဲ့ ကားတစ်စီးကို အဆိုပါ ကော်မတီရဲ့ စီစဉ်မှုနဲ့ တရုတ်ပြည်က တင်သွင်းလာပြီး မန္တလေးအထွေထွေကုဆေးရုံကြီးမှာ အသုံးပြုနေပါတယ်။

လက်ရှိ မန္တလေးမြို့မှာ ကိုဗစ်ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း မြင့်တက်နေပြီး နေ့စဉ် ၁၀ ဦးနဲ့အထက်ရှိကာ အများစုမှဦ အောက်ဆီဂျင်ကျပြီး သေဆုံးမှုက များပြားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly