ကိုဗစ်-၁၉ တိုက်ဖျက်မည့် APEC ရန်ပုံငွေတစ်ခုထံ တရုတ်က ငွေကြေးထောက်ပံ့

ကိုဗစ်-၁၉ တိုက်ဖျက်မည့် APEC ရန်ပုံငွေတစ်ခုထံ တရုတ်က ငွေကြေးထောက်ပံ့

ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရန်နှင့် စီးပွားရေး ပြန်လည်နာလန်ထူမှုကို အားတက်စေရန် ရည်ရွယ်သည့် APEC အောက်ရှိ ရန်ပုံငွေ မတည်ထူထောင်မှု အစီအစဥ်တစ်ခုထံ တရုတ်က ငွေကြေးထောက်ပံ့ထားခဲ့ကြောင်း သမ္မတ ရှီကျင့်ဖျင်က ဇူလိုင် ၁၆ ရက်က အာရှ-ပစိဖိတ် ကုန်သွယ်မှု အုပ်စု၏ အွန်လိုင်းအစည်းအဝေးတစ်ခုအတွင်း ပြောခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့်ပတ်သက်ပြီး ဥာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လျှော့ပေါ့ပေးမှုများကို တရုတ်အနေဖြင့် ထောက်ခံခဲ့ကြောင်းနှင့် ကာကွယ်ဆေးများအတွက် တည်ငြိမ်ပြီး လုံခြုံစိတ်ချရသည့် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်တစ်ခု အသေအချာ ဖြစ်ပေါ်စေရေးအတွက် အခြားနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ရှီက ပြောခဲ့သည်။

တရုတ်အနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများထံ ကာကွယ်ဆေးအလုံးရေ သန်း ၅၀၀ ကျော် ထောက်ပံ့ပေးထားခဲ့ကြောင်း ရှီက ပြောသည်။

“ခင်ဗျားရဲ့ နေဘက်ကို မျက်နှာမူလိုက်ပါ၊ အဲဒီအခါကျရင် အရိပ်တွေက ခင်‌ဗျားရဲ့ ကျောဘက်ကို ကျပါလိမ့်မယ်” ဟု ရှီက နယူးဇီလန် ဆိုရိုးစကားတစ်ခုကို ကိုးကား ပြောခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

“ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် ကပ်ရောဂါအပေါ် လူသားတွေ အောင်နိုင်ဖို့အတွက် ကျွန်တော်တို့ အပြည့်အ၀ ယုံကြည်မှု ရှိပါတယ်၊ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူနိုင်မှု အလားအလာတွေအပေါ် ကျွန်တော်တို့ အပြည့်အ၀ ယုံကြည်မှု ရှိပါတယ်၊ လူသားတွေရဲ့ တူညီပြီး တောက်ပတဲ့ အနာဂတ်တစ်ခုအတွက် ကျွန်တော်တို့ အပြည့်အ၀ ယုံကြည်မှု ရှိပါတယ်”

ဖွံ့ဖြိုးဆဲနိုင်ငံများ ကပ်ရောဂါကနေ ပြန်လည်နာလန်ထူနိုင်စေရေး ကူညီရန် လာမည့် သုံးနှစ်အတွင်း အကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့မည်ဟု ရှီက မေလက ကျင်းပသော ဂျီ ၂၀ ကျန်းမာ‌ရေး ထိပ်သီးအစည်းအဝေးတစ်ခုတွင် ကတိပြုခဲ့သည်။

ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှု အကြောင်းအရာနှင့်ပတ်သက်၍ ရှီက ဒစ်ဂျစ်တယ် ကုန်သွယ်မှုအတွက် တံခါးဖွင့်ထားပြီး မျှတ၊ ဘက်မလိုက်သော ပတ်၀န်းကျင်တစ်ခု ထူထောင်တည်ဆောက်ရန် နိုင်ငံများကို တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ဟာ တံတိုင်းအကာအဆီးတွေ မတည်ဆောက်ဘဲ ဖြိုဖျက်ချင်ပါတယ်၊ တံခါးဖွင့်မှုကို လိုချင်ပါတယ်၊ သီးခြားအထီးကျန်ရှိမှုကို မလိုချင်ပါဘူး၊ ပေါင်းစည်းမှုကိုပဲ လိုချင်ပါတယ်၊ အဆက်ဖြတ်ကင်းကွာတာကို မလိုချင်ပါဘူး” ဟု ရှီက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များကို ပြောခဲ့သည်။

အမေရိကန် မပါ၀င်ဘဲ အာရှ-ပစိဖိတ် နိုင်ငံ ၁၅ ခု ဖွဲ့စည်းပါ၀င်သော ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာကုန်သွယ်မှု အုပ်စု (ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု- RCEP) ကို တရုတ်အနေဖြင့် အတည်ပြုလက်မှတ်ထိုးမှု ပြီးစီးထားပြီးဖြစ်ကြောင်းနှင့် ယင်း သဘောတူညီချက်သည် ၂၀၂၁ နှစ်ကုန်တွင် အသက်၀င်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ရှီက ပြောခဲ့သည်။

နို၀င်ဘာလ တရား၀င် အစည်းအဝေးတစ်ခုမတိုင်မီ နယူးဇီလန်က အိမ်ရှင်အဖြစ် ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဖြစ်ရိုးဖြစ်စဥ် မဟုတ်သည့် အစည်းအဝေးတစ်ခုတွင် ရှီက ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့သော ထပ်တိုး အစည်းအဝေးမျိုးကို ပထမဆုံး ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly