တရုတ်တွင် Monkey B ဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရသူ သေဆုံး

တရုတ်တွင် Monkey B ဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရသူ သေဆုံး

တရုတ်နိုင်ငံတွင် Monkey B ဗိုင်းရပ်စ် (BV ) လူသားသို့ ပထမဆုံးကူးစက်ခံရသည့် ပေကျင်းမြို့တော်အခြေစိုက် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦး သေဆုံးသွားသော်လည်း ၎င်းနှင့် ထိတွေ့သူများ ယခုချိန်ထိ အန္တရာယ်ကင်းသေး ကြောင်း Global Times သတင်းဌာနက ဖော်ပြသည်။

လူသားမပါဝင်သည့် နို့တိုက်သတ္တဝါများကို သုတေသနပြုလေ့လာသည့် ဌာနအတွက် အလုပ်လုပ်နေသည့် အသက် ၅၃ နှစ်အရွယ် အဆိုပါ အမျိုးသားဆရာဝန်သည် မတ်လအစောပိုင်းက မျောက်အသေ ၂ကောင်ကို ခွဲစိတ်လေ့လာပြီးနောက် ပျို့ခြင်း၊ အော့အန်ခြင်းစသည့် ကနဦး ရောဂါလက္ခဏာများကို စတင်ခံစားခဲ့ရသည်။

ဆရာဝန်သည် ဆေးရုံအသီးသီးတွင် ကုသမှုခံယူခဲ့သော်လည်း မေ ၂၇ ရက်တွင် သေဆုံးသွားခဲ့ကြောင်း တရုတ်နိုင်ငံရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုဌာန၏ China CDC Weekly English Platform သတင်းတွင် ဖော်ပြထားသည်။

ယခင်က တရုတ်နိုင်ငံတွင် BV ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသည့် ဖြစ်စဉ်မရှိခဲ့သောကြောင့် ယခုတိရစ္ဆာန်ဆရာဝန်သေဆုံးမှုသည် အဆိုပါဗိုင်းရပ်စ်ကြောင့် နိုင်ငံတွင်း လူသားတစ်ဦး ပထမဆုံး သေဆုံးမှု ဖြစ်သည်။

အဆိုပါဆရာဝန်၏ ဦးနှောက်နှင့် ချိတ်ဆက်ထားသည့် ကျောရိုးအရည်ကို သုတေသနပညာရှင်များက ဧပြီလအတွင်း ထုတ်ယူစစ်ဆေးခဲ့ပြီးနောက် BV ဗိုင်းရပ်စ် ကူးစက်ခံရကြောင်းအတည်ပြုခဲ့သော်လည်း သူနှင့် အနီးကပ် ထိတွေ့သူများတွင် ကူးစက်ခံထားရခြင်း မရှိပေ။

၁၉၃၂ ခုနှစ်က စတင်တွေ့ရှိခဲ့သည့် အဆိုပါ ဗိုင်းရပ်စ်သည် တိုက်ရိုက်ထိတွေ့ခြင်းဖြင့် လည်းကောင်း၊ ခန္ဓာကိုယ်အရည်ကြည်များမှ လည်းကောင်းကူးစက်နိုင်ကာ သေဆုံးမှုနှုန်း ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly