KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်မှာလည်း အောက်ဆီဂျင် အရေးပေါ် လိုအပ်ချက်ရှိနေ

KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်မှာလည်း အောက်ဆီဂျင် အရေးပေါ် လိုအပ်ချက်ရှိနေ
ဓာတ်ပုံ- ကဆောဝါး

ဇူလိုင် ၂၀

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်မှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရသူတွေအတွက် ဆေးဝါးနဲ့ အောက်ဆီဂျင် အရေးပေါ် လိုအပ်ချက်တွေ ရှိနေတယ်လို့ လေးကေ့ကော်မြို့သစ် စီမံအုပ်ချုပ်ရေး ကော်မတီတာဝန်ရှိသူ စောဌေးမြင့်အောင်က မဇ္ဈိမကို ပြောပါတယ်။

လေးကေ့ကော်မြို့သစ် အထက်တန်းကျောင်းမှာ ကိုဗစ် ၁၉ အတည်ပြုလူနာတွေကိုထားရှိ ကုသမယ့် လူ ၂၀၀ ဆံ့ စင်တာတစ်ခု ဖွင့်လှစ်ထားပြီး လက်ရှိမှာ လူနာ ၆၀ လောက် ထားရှိကုသနေတယ်လို့ သိရပါတယ်။ ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးလို့ မတွေ့ရှိ သူတွေကိုတော့ နေအိမ်ကွာရန်တင်း ဝင်ခိုင်းပါတယ်။

လေးကေ့ကော်မြို့သစ် စီမံအုပ်ချုပ်ရေး ကော်မတီတာဝန်ရှိသူ စောဌေးမြင့်အောင်က “ပိုးမတွေ့ရင်တော့ အိမ်မှာပြန်နေရင် ဘယ်လိုပုံစံမျိုးပေါ့၊ မထွက်ရဘူး။ ကျန်းမာရေးဆရာမတွေက ရှင်းပြတာပေါ့။ နေရာအခက်အခဲကြောင့်။ စစ်တာ ၁၅၀ ကျော်ပြီလေ။ ပိုးမရှိတဲ့သူကျတော့ အိမ်ပဲပြန်လွှတ်တာပေါ့” လို့ မဇ္ဈိမကို ပြောပါတယ်။

လေးကေ့ကော်မြို့သစ်ဧရိယာအတွင်းမှာ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ဒီနေ့အထိ ရောဂါပိုး ကူးစက်ခံ ထားရသူ ၆၀ ဦးရှိပြီး သံသယလူနာ ၁၅၀ ကျော်နဲ့ သေဆုံးသူ တစ်ဦးရှိပါတယ်။ ကိုဗစ်အတည်ပြုလူနာ ၆၀ ဦးအနက် ငါးဦးကို အောက်ဆီဂျင်အရေးပေါ် ရှူခိုင်းထားရတယ်လို့ စောဌေးမြင့်အောင်က ပြောပါတယ်။

“ဒီတစ်ရက်နှစ်ရက် အတိုးအတွင်းမှာတော့ အောက်ဆီဂျင်ပေါ့နော်၊ အဲလိုမျိုး လိုအပ်ချက် ရှိတယ်။ ဘာလို့လဲဆို တချို့က အသက်ရှူမဝတဲ့ လက္ခာဏာတွေရှိတယ်။ အောက်ဆီဂျင်က အလှူရှင်တွေ လှူပေးထားတဲ့ဟာတွေရှိတယ်။ အရေးပေါ် လိုအပ်ချက်တွေတော့ ရှိတာပေါ့” လို့ ပြောပါတယ်။

လေးကေ့ကော်မြို့သစ် ကိုဗစ်ကုသရေးစင်တာမှာတော့ လေးကေ့မြို့သစ်တစ်ခုတည်း မဟုတ်ဘဲ အနီးပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ဖလူးကျေးရွာအုပ်စုနဲ့ မယ်ထော်သလေး ကျေးရွာအုပ်စုက ဒေသခံတွေကိုလည်း လက်ခံကုသပေးထားတယ်လို့ သိရပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required