အာဖဂန်နစ္စတန်အနှံ့အပြားတွင် ဖြစ်ပွားနေသော ထိုးစစ်ဆင်နေသည့် စစ်ပွဲများကြောင့် အများဆုံး ထိခိုက်နစ်နာနေရသည့် လူမှုအသိုင်းအဝိုင်းများနှင့် ပတ်သက်၍ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာများကြောင့် အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့က စိုးရိမ်ပူပန်မှုများ မြင့်တက်လျှက်ရှိသည်။
သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းခြင်း၊ နှိပ်စက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများနှင့် ပတ်သက်သည့် အစီရင်ခံစာများ ကြောင့် ကြောက်ရွံ့့မှုနှင့် မလုံခြုံမှုကို ဖြစ်ပေါ်နေရာ ယင်းအခြေအနေများအတွက် တာဝန်ရှိသူများအနေဖြင့် တာဝန်ယူရမည်ဖြစ်သည်။
အာဖဂန်လူမျိုးအားလုံး၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လေးစားရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ရှိပြီး အထူးသဖြင့် အတိတ်ကာလက ဆိုးရွာစွာ ခွဲခြားဆက်ဆံမှုပုံစံများကို ခံခဲ့ရသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ရိုသေလေးစားရမည်ဟု ကုလသမဂ္ဂက ထပ်လောင်းပြောကြားခဲ့သည်။
အရပ်သားများအား ထိခိုက်နစ်နာမှုကို အဆုံးသတ်စေရန် အကောင်းဆုံးနည်းလမ်းမှာ ညှိနှိုင်းသဘောတူညီမှု ရရှိရန် ငြိမ်းချမ်းရေးဆွေးနွေးမှုများအား ပြန်လည်အသက်သွင်းရန် လိုအပ်သည်ဟု ဆိုသည်။
အာဖဂန်နစ္စတန်နှင့် ပြည်သူများ၏ အနာဂတ်အတွက် အမှန်တကယ်စိတ်ဝင်စားသူများသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းခြင်းနှင့် တိုင်းပြည်၏ အခြေခံအဆောက်အအုံများကို ကာကွယ်ခြင်းအပါအဝင် အစီအမံများလုပ်ဆောင်ခြင်းကို ဦးစားပေးမှသာ အာဖဂန်ပြည်သူများ၏ ကောင်းကျိုးကိုလိုလားကြောင်း ဖော်ပြရာရောက်မည်ဟု ဆိုသည်။
အာဖဂန်ပြည်သူများအား ပဋိပက္ခမှ လွတ်မြောက်စေနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများအတွက် အထောက်အကူပြုနိုင်သည့် အစ်အပစ်အခတ် ရပ်စဲရေးကြေညာရန် သက်ဆိုင်သူများ အားလုံးအား ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့က တိုက်တွန်းခဲ့သည်။