မွတ်စလင်များကို နိုင်ငံတွင်းသို့ အဝင်မခံရန် ပြောဆိုခဲ့မှုဖြင့် ဒေါ်နယ်ထရန့် ဝေဖန်ခံနေရ

မွတ်စလင်များကို နိုင်ငံတွင်းသို့ အဝင်မခံရန် ပြောဆိုခဲ့မှုဖြင့် ဒေါ်နယ်ထရန့် ဝေဖန်ခံနေရ

ဝါရှင်တန်၊ ဒီဇင်ဘာ ၉ ။          ။ မွတ်ဆလင်များကို နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ရန် ပြောကြားခဲ့မှုကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ဒေါ်နယ်ထရန့်အပေါ် ဝေဖန်မှုများ မြင့်တက် လာခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ထရန့်သည် ၎င်း၏ အပေါင်းပါ ရီပတ်ကလင်များအပေါ်တွင်ပါ ဦးဆောင်သွားရန် သင့်တော်မှုမရှိသူတစ်ဦးအဖြစ် အိမ်ဖြူတော်က ပြောကြားခဲ့သည်။

နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က မွတ်ဆလင်စုံတွဲတစ်တွဲ၏ ပစ်ခတ်မှုကြောင့် လူ၁၄ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်နောက်ပိုင်း ရီပတ်ကလင် သမ္မတလောင်းစာရင်းတွင် ဦးဆောင်နေသော ထရန့်က နောက်ဆုံးပြုလုပ်ထားသော စည်းရုံးရေး ပြောဆိုမှုများအတွင်း လူအများအမျက်ထွက်စရာ မှတ်ချက်စကားများကို ပြောကြားခဲ့သူဖြစ်သည်။

အဆိုပါပစ်ခတ်မှုသည် အကြမ်းဖက်မှု လုပ်ရပ်တစ်ခုဖြစ်သည်ဟု သမ္မတ ဘားရတ်အိုးမားက ဒီဇင်ဘာ ၆ ရက်တွင် ဘဲဥပုံရုံးခန်းမှတဆင့် ပြောကြားခဲ့ပြီး ယင်းသည် "အမေရိက နှင့် အစ္စလမ်အကြား စစ်ပွဲတစ်ပွဲ" တော့ မဟုတ်ဟု အလေးပေးပြောကြားခဲ့သည်။

ယင်းနောက် တစ်ရက်အကြာတွင် ဒေါ်နယ်ထရန့်က "လက်ရှိဘာတွေဖြစ်နေလဲဆိုတာကို ကျွန်တော်တို့နိုင်ငံက အဖြေမထုတ်နိုင်သရွေ့ မွတ်စလင်တွေကို နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းမှ လုံ့၀ ပိတ်ပင်ထားရန်" ဟု တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။ အဆိုပါ ပြောကြားမှုများအပေါ် ဝေဖန်သူများက အပြင်းအထန် အပြစ်ဖို့ခဲ့ပြီး ၎င်းအားလည်း သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်နေခြင်းမှ ပိတ်ပင်တားဆီးရန်လည်းတောင်းဆိုမှုများ ရှိလာသည်။

ထရန့်၏ ပြောစကားများနှင့် ပတ်သက်၍ အိမ်ဖြူတော် အပါအဝင် လန်ဒန်၊ ကိုင်ရိုတို့ကပါ ဝေဖန်ပြစ်တင်ခဲ့ကြပြီး အီဂျစ်၏ ဘာသာရေး အဖွဲ့အစည်းတစ်ခုကလည်း ယင်းမှတ်ချက်များသည် အစွန်းရောက်နေသည်ဟု ပြစ်တင်ခဲ့သည်။ သို့သော် အသက် ၆၉ နှစ်ရှိပြီြုဖစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာ ထရန့်အတွက်မူ ယင်းပြောကြားမှုများအတွက် နောင်တရဟန်မရှိသေးပေ။

ထရန့်၏ တောင်းဆိုမှုများသည် ဖွဲ့စည်းပုံဥပဒေနှင့် ကိုက်ညီခြင်းမရှိကြောင်းနှင့် ယင်းအတွက် ထရန့်၏ အပေါင်းပါ ရီပတ်ကလင်များ၏ ပြစ်တင်ရှုံ့ချခံရရန် လုပ်ဆောင်လိုက်သကဲ့သို့ ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျို့စ် အားနက်စ် က ပြောကြားလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly