ရန်ပုံငွေ စုဆောင်းကောက်ခံခြင်းကို ပြည်နယ်အစိုးရက ထိန်းချုပ်ရန်လိုဟု အိန္ဒိယ တရားရုံးအကြံပြု

ရန်ပုံငွေ စုဆောင်းကောက်ခံခြင်းကို ပြည်နယ်အစိုးရက ထိန်းချုပ်ရန်လိုဟု အိန္ဒိယ တရားရုံးအကြံပြု

ပြည်သူအများအပြားထံမှ အနည်းငယ်စီ အလှူငွေထည့်ဝင်ရန် ကောက်ခံသည့် စနစ်ကဲ့သို့ ရန်ပုံငွေ စုဆောင်းကောက်ခံသည့် အစီအစဉ်များတွင် ပြည်နယ်အစိုးရအနေဖြင့် ထိန်းချုပ်ကြပ်မတ်မှုအချို့ကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း အိန္ဒိယနိုင်ငံ၏ ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သည့် ကီရာလာတရားရုံးချုပ်က ဇူလိုင် ၉ ရက်တွင် အကြံပြုချက် ထုတ်ပြန်လိုက်သည်။

ပမာဏအနည်းငယ်စီ ရန်ပုံငွေကောက်ခံစုဆောင်းရာတွင် ပြည်နယ်အစိုးရက ယခုအချိန်အထိ မူဝါဒတစ်ရပ်ရပ် ချမှတ်ထားခြင်း မရှိသေးကြောင်းလည်း တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖြစ်တောင့်ဖြစ်ခဲသည့် မျိုးဗီဇ ရောဂါတစ်မျိုးခံစားနေရသည့် ၆ လသားအရွယ် ကလေးငယ်တစ်ဦးအား ကုသရန် ဆေးဝါးတင်သွင်းရေး အတွက် အစိုးရ၏ အကူအညီရရှိရန် အွန်လိုင်းမှ စုပေါင်းတောင်းဆိုမှု ပြုလု်ပရန် ပြင်ဆင်နေချိန်တွင် တရားရုံးက ယခုကဲ့သို့ အကြံပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြည်နယ်အတွင်း ရန်ပုံငွေ စုဆောင်းမှုနှင့် ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များကို တင်ပြပေးရန် ပီဘီဆူရက်ကုမာ ပါဝင်သည့် ခုံရုံးအဖွဲ့က ပြည်နယ်အစိုးရကိုညွှန်ကြားလိုက်သည်။

“YouTube ကနေ ရန်ပုံငွေ စုဆောင်းတာ အပါအဝင် လူအများပြားက အလှူငွေတွေ ကောက်ခံနေကြတယ်။ ကုသမှုအတွက် ငွေတွေကို ကောက်ခံကြရာမှာ ၁ ရက်၊ ၂ ရက်အတွင်းမှာ ရူပီး ၁၈ ကုဋေအထိ ရကြတာတွေ ရှိတယ်။ ဒီငွေတွေ ဘယ်ကိုရောက်သွားလဲ။ဘယ်ကလာတာလဲ။ ဒီပမာဏကို ဘယ်သူက စုဆောင်းလဲ။ လက်ကျန်စာရင်း ဘယ်လောက်လဲ။ ဒီလိုငွေကြေး စုဆောင်းကောက်ခံတာတွေကို ပြည်နယ်အစိုးရက ကြတ်မတ် စောင့်ကြည့်တာရှိသလား၊ ကီရာလာ အစိုးရက ကာကွယ်ဆေး အခမဲ့ထိုးပေးဖို့ ကောက်ခံတုန်းက ရူပီး ၆၈ သိန်းပဲ ရခဲ့ပေမယ့် အခြားလူတွေ စုတဲ့အခါမှာတော့ ၇ ရက်အတွင်းမှာ ရူပီး ၁၈ ကုဋေရခဲ့တယ်။ နောက်ကွယ်မှာ ဘယ်လို ထူးဆန်းတာတွေ ရှိနေလဲ” ဟု တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

YouTuber ပေါ်မှ လူများက ရန်ပုံငွေ စုဆောင်းရန် စည်းရုံးဆော်ဩနိုင်သည် ဖြစ်သော်လည်း လူအများအပြားထံမှ အလှူငွေကောက်ခံနေခြင်းများကို ပြည်နယ်အစိုးရအနေဖြင့် ထိန်းချုပ်မှု တစ်စုံတစ်ရာ လုပ်ဆောင်ရမည်ဟုလည်း မှတ်ချက်ပြုထားသည်။

“ငွေတွေဟာ အစိုးရ လမ်းကြောင်းကို လာရပါမယ်။ အလှူငွေစုဆောင်းသူတွေရဲ့ ဘဏ်စာရင်းထဲကို ဘာကြောင့် ရောက်သွားရတာလဲ။ YouTube ကနေ အလှူငွေ စုဆောင်းနေသူအချို့ လက်ကျန်ငွေစာရင်းနဲ့ ပတ်သက်လို့ အငြင်းစပြီး ပွားနေကြပြီ။ ဒီလို စုဆောင်းတဲ့ အစီအစဉ်တွေမှာ ပြည်နယ်အစိုးရအနေနဲ့ မူဝါဒ တစ်စုံတစ်ရာ ချမှတ်ခြင်းမရှိသေးဘူး။ ပြည်သူတွေက အလှူငွေကြေးကောက်ခံတာမျိုးကို ခွင့်မပြုသင့်ပါဘူး။ အစိုးရက အတို်ငးအတာတစ်ခုအထိ ပါဝင်ထိန်းချုပ်ရပါမယ်။ ပြည်သူက ကျော်ပြီး မလုပ်သင့်ပါဘူး။ စီမံခန့်ခွဲမှု မှားယွင်းတာ၊ စွပ်စွဲမှုတွေ ရှိလာရင် ပြည်သူက နောင်ဆိုရင် အကူအညီပေးမှာ မဟုတ်တော့ဘူး။ အစိုးရမှာ နည်းလမ်းတစ်ခု ဖန်တီးထားမယ်ဆိုရင် ရန်ပုံငွေကို အစိုးရက စုဆောင်းနိုင်ပါလိမ့်မယ်” ဟု တရားရုံး၏ အကြံပြုချက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly