တရားရုံးတားမြစ်ချက်ကိုချိုးဖောက်၍ ဒေါ်အောင်ဆန်းစုကြည်တရားခွင်ထဲသို့ လူစိမ်းတစ်ဦး ဓာတ်ပုံဝင်ရိုက် 

တရားရုံးတားမြစ်ချက်ကိုချိုးဖောက်၍ ဒေါ်အောင်ဆန်းစုကြည်တရားခွင်ထဲသို့ လူစိမ်းတစ်ဦး ဓာတ်ပုံဝင်ရိုက် 

ဇူလိုင် ၁၃

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်သုံးဦး၏ ယနေ့တရားခွင်တွင် လူတစ်ဦးကဝင်ရောက်ဓာတ်ပုံရိုက်မှုဖြစ်ပွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော် ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသောအမှုအတွက် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးတရားခွင်အတွင်း အရပ်ဝတ်နှင့်လူတစ်ဦးက ဓာတ်ပုံရိုက်ကူးမှုဖြစ်သည်။ 

တရားလိုစစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီးသန်းအေးဆိုသူက တရားလိုပြသက်သေထွက်ဆိုရန် ကျမ်းကျိမ်နေစဉ် ကင်မရာကိုင်ဆောင်ထားသူတစ်ဦးဝင်ရောက်လာကာ တရားရုံးအနေအထားနှင့် တရားယှဉ်ပြိုင်သူများကိုဓာတ်ပုံရိုက်ယူခဲ့ကြောင်း စွပ်စွဲခံရသူရှေ့နေအဖွဲ့ဝင် ဦးခင်မောင်ဇော်က ပြောသည်။
ရိုက်ကူးမှုလုပ်ခဲ့သူသည် ဌာနဆိုင်ရာတစ်ခုခုကဖြစ်သည် သို့မဟုတ် ပြင်ပကလူလားဆိုသည်ကို မသိရသေးပါ။

ယင်းအပြုအမူသည် ရုံးတော်နှင့်တကွ တရားသူကြီးကို မထီမဲ့မြင်ပြုရာရောက်ကြောင်း ထောက်ပြပြီး အရေးယူပေးရန် တိုက်တွန်းပြောဆိုခဲ့ရာ တရားသူကြီးက မှတ်တမ်းသက်သေယူခဲ့သည်ဟု သိရသည်။ 

“ ရုံးတော်ကြားနာနေချိန်မှာရှေ့မှောက်ကျူးကျော်ဝင်ရောက်ဓာတ်ပုံရိုက်ယူတဲ့အတွက် ရှေ့နေအဖွဲ့က တားမြစ်လိုက်ပြီး အရေးယူပေးဖို့ တရားသူကြီးကိုတိုက်တွန်းလိုက်တာပါ။  ” ဟု ဦးခင်မောင်ဇော်က ပြောသည်။

နိုင်ငံ့ခေါင်းဆောင်သုံးဦးကို တစ်ပေါင်းတည်း တရားစွဲဆိုထားရာ ယခုရုံးချိန်းသည် ဒုတိယမြောက်ဖြစ်ပြီး ဗိုလ်မှူးကြီး သန်းအေး၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဋ္ဌာနမှ တရားလိုပြသက်သေတစ်ဦးနှင့် အခြားသက်သေတစ်ဦး တို့ကို စစ်ဆေးခဲ့သည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအပေါ်စွဲဆိုထားသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အမှုအတွက် စစ်ဆေးရန်သက်သေများကို ဆင့်ခေါ်ထားသော်လည်း တစ်ဦးမျှ ရောက်ရှိလာခြင်းမရှိချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly