ဝီဂါတို့အပေါ် တရုတ်အစိုးရ၏ ဆက်ဆံမှုများကို ဗြိတိန်က အပြောနှင့်အညီ အရေးယူရန် ပါလီမန်အမတ်များ တောင်းဆို

ဝီဂါတို့အပေါ် တရုတ်အစိုးရ၏ ဆက်ဆံမှုများကို ဗြိတိန်က အပြောနှင့်အညီ အရေးယူရန် ပါလီမန်အမတ်များ တောင်းဆို

ဝီဂါမွတ်စလင်တို့ကို တရုတ်အစိုးရက ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်စေရန် ဗြိတိန်အစိုးရက အရေးယူဆောင်ရွက်ရာတွင် တရုတ် ချည်မျှင်များနှင့် ရှင်ကျန်းပြည်နယ်မှ နေရောင်သုံးလျှပ်စစ်ထုတ်ပြားများ တင်သွင်းမှုကို ရပ်ဆိုင်းသလို မိမိတို့အစိုးရအရာရှိများ ပေကျင်းအိုလံပစ်သို့ မတက်ရန် လုပ်ဆောင်ရမည်ဟု ပါလီမန်အမတ်များက ပြောကြားသည်။

ပါလီမန်၏ ပြည်ပရေးရာ ကော်မတီဥက္ကဌ တွမ်တူဂျင်ဒက်က အရေးယူများ မလုပ်ဆောင်ပါက တရုတ်တို့သည် ဗြိတိန်တို့၏ လူနေမှုဘဝအတွင်းသို့ ပိုမိုဝင်ရောက် ထိုးဖောက်ခြင်းအား ခွင့်ပြုသလို ဖြစ်မည်ဟု ပြောကြားသည်။

ရှင်ကျန်းဒေသတွင် စက်မှုလုပ်ငန်းများ၌ အတင်းအဓမ္မခိုင်စေမှုအပေါ် အစိုးရက ပြင်းထန်သည့် ပြောဆိုမှုများ မကြာခဏ လုပ်ဆောင်နေသော်လည်း ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မပါဝင်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဗြိတိန်အစိုးရ ဝန်ကြီးများအနေဖြင့်လည်း ကုမ္ပဏီများအပေါ် လျော့ရဲသည့် အရေးယူများသာ လုပ်ဆောင်နေသောကြောင့် ရှင်ကျန်းဒေသ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင် အတင်းအဓမ္မခိုင်းစေမှုကို မဖယ်ရှားနိုင်သလို ဆိုးရွားသည့် ရက်စက်ကြမ်းကြုတ်မှုများတွင် တာဝန်ရှိသူ တရုတ်အရာရှိများကို ပိတ်ဆို့အရေးယူရန် ပျက်ကွက်နေကြောင်းနှင့် ရှင်ကျန်းဒေသမှ ဗြိတိန်သို့ ကုန်သွယ်ရေးထိန်းချုပ်မှု လုပ်ငန်းစဉ်များကို အရေးပေါ် ပြန်လည်သုံးသပ်ချက်အား ၆ လကြာသည့်တိုင် မထုတ်ပြန်ကြောင်း ပါလီမန်အမတ်များက ပြောကြားသည်။

ရှင်ကျန်းတွင် လူမျိုးတုန်း သတ်ဖြတ်မှု မည်ကဲ့သို့ ဖြစ်ပွားသည့်ကို ဖော်ပြရန် ဝန်ကြီးများအနေဖြင့် ဗြိတိန်လွှတ်တော်နှင့် လာရောက်ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနှင့် ဝီဂါတို့အပေါ် ကျူးလွန်သူများအား အမည်ဖော်ထုတ်ခြင်း၊ ရှက်ရွံ့စေခြင်းတို့ ဖြစ်စေရန် ဗျူဟာများကို လုပ်ဆောင်ရာတွင် တံခါးပိတ် သံခင်းတမန်ခင်း နည်းလမ်းအား အသုံးပြုခြင်းထက် ပိုမိုထိရောက်စွာ လုပ်ဆောင်သင့်သည်ဟုလည်း ပါလီမန်အမတ်များက တိုက်တွန်းထားသည်။

တရုတ်နိုင်ငံမှ ထွက်ရှိသည့် ချည်မျှင် ၈၀ ရာခိုင်နှုန်းသည် ရှင်ကျန်းဒေသမှ ထွက်ရှိခြင်း ဖြစ်ပြီး ကမ္ဘာ့ချည်ထည်ထုတ်ကုန် ၄ ပုံ ၁ ပုံသည် တရုတ်နိုင်ငံမှ ထွက်ရှိသည်။ ဗြိတိန်နိုင်ငံတွင် နေရောင်မှ လျှပ်စစ်ထုတ်ပြား ၄၀ ရာခိုင်နှုန်းသည် ရှင်ကျန်းဒေသမှ ထွက်သည့် ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly