ထရမ့်လက်ထက် စည်းမျဥ်းများအောက်တွင် ငြင်းပယ်ခံခဲ့ရသည့် တရုတ်ကျောင်းသားများ၏ ဗီဇာလျှောက်ထားမှုကို ပြန်သုံးသပ်ရန် တရုတ်က အမေရိကန်ကို တိုက်တွန်း

By Sify.com
10 July 2021
ထရမ့်လက်ထက် စည်းမျဥ်းများအောက်တွင် ငြင်းပယ်ခံခဲ့ရသည့် တရုတ်ကျောင်းသားများ၏ ဗီဇာလျှောက်ထားမှုကို ပြန်သုံးသပ်ရန် တရုတ်က အမေရိကန်ကို တိုက်တွန်း

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရလက်ထက် စည်းမျဥ်းများအောက်တွင် တရုတ်ကျောင်းသားများ၏ ဗီဇာလျှောက်ထားမှုများ ပယ်ချခံရမှုနှင့်ပတ်သက်ပြီး တရုတ်က အမေရိကန်ထံ တင်းမာပြီး အလျှော့မပေးသည့် တင်ပြတောင်းဆိုချက်များကို တင်သွင်းခဲ့သည်။

“ဒါနဲ့ပတ်သက်လို့ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေကို တရုတ်ဘက်က ထုတ်ဖော်ပြောဆိုပါတယ်၊ ပြီးတော့ အမေရိကန်ဆီ လေးနက်တဲ့ တင်ပြတောင်းဆိုချက်တွေ တင်ခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ဇူလိုင် ၆ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

ထရမ့်အစိုးရလက်ထက်က လက်မှတ်ထိုးခဲ့သည့် သမ္မတ ကြေညာချက် ၁၀၀၄၃ ကို ချိုးဖောက်ထားခဲ့သည်ဆိုသည့် အကြောင်းပြချက်များနှင့်အတူ တရုတ် ကျောင်းသားများ၏ ဗီဇာလျှောက်ထားမှုများ ငြင်းပယ်ခံရကြောင်း သတင်းများ ထွက်ခဲ့ပြီးနောက် ယခုကဲ့သို့ တရုတ်၏ တုံ့ပြန်ပြစ်တင်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သက်ဆိုင်ရာ အမေရိကန် ဗီဇာ ပိတ်ပင်ကန့်သတ်မှုများက ထရမ့်အစိုးရ၏ “အဆိပ်အတောက်ရှိ အမွေအနှစ်” အတိုင်း ဆက်လုပ်နေသကဲ့သို့ ဖြစ်နေသလို “တရုတ်ကျောင်းသားများကို ကြိုဆိုမည်” ဆိုသည့် အမေရိကန်၏ ကြေညာချက်နှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သူတို့ရဲ့ အမှားတွေ ပြင်ဆင်ဖို့၊ တရုတ် ကျောင်းသားတွေရဲ့ ဗီဇာလျှောက်ထားမှုတွေအပေါ် ပြန်သုံးသပ်ဆန်းစစ်ဖို့၊ ဆင်ခြေအမျိုးမျိုးပေးပြီး သူတို့ကို ပိတ်ပင်ကန့်သတ် ဖိနှိပ်တာတွေ ရပ်တန့်ဖို့၊ သူတို့ရဲ့ တရား၀င်ဖြစ်တဲ့ ဥပ‌ဒေနဲ့ညီတဲ့ အခွင့်အရေးတွေနဲ့ အကျိုးတရားတွေကို

ကာကွယ်စောင့်ရှောက်ဖို့နဲ့ တရုတ်-အမေရိကန် ပြည်သူအချင်းချင်း အပြန်အလှန် ဖလှယ်မှုတွေနဲ့ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်တဲ့ ၀န်းကျင်တစ်ခု ထူထောင်ဖို့အတွက် တရုတ်အနေနဲ့ အမေရိကန်ဘက်ကို တိုက်တွန်းပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နှစ် ဇွန်လက အမေရိကန်သည် တရုတ်စစ်တပ်နှင့် ချိတ်ဆက်ပတ်သက်မှုရှိသည့် သုတေသီများ၊ တရုတ် ဘွဲ့ရကျောင်းသားများ ၀င်ရောက်မှုအပေါ် ပိတ်ပင်ကန့်သတ်ရန် သမ္မတအစီအမံတစ်ရပ်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။

ဤ ကြေညာချက်အောက်တွင် တရုတ်တို့ဘက်မှ ကျောင်းသားများ၊ သုတေသီများကို အသုံးချပြီး ဥာဏပစ္စည်းမူပိုင်ခွင့်၊ နည်းပညာနှင့် အခြား သတိထားဆင်ခြင်ရသည့် သတင်းအချက်အလက်များ ခိုးယူနိုင်ခြင်း မရှိစေ‌ရေး တားဆီးရန် အမေရိကန်အစိုးရသည် တရုတ်နိုင်ငံသား များစွာ၏ ဗီဇာများကို ပြန်လည် ရုပ်သိမ်းထားခဲ့သည်။

ကြေညာချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ “စစ်ဘက်-အရပ်ဖက် ပေါင်းစပ်မှု မဟာဗျူဟာ” နှင့် ဆက်နွယ်နေသည့် တရုတ် ကျောင်းသားများနှင့် သုတေသီများ ၀င်ရောက်မှုကို အမေရိကန်ဘက်က ရပ်ဆိုင်းထားခဲ့သည်။

ထို့ပြင် PRC ၏ အဖွဲ့တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေးထောက်ပံ့မှုကို လက်ခံရရှိသူ သို့မဟုတ် အလုပ်ခန့််အပ်ခံထားရသူ၊ ပညာသင်ကြားနေသူ၊ သုတေသန လုပ်နေသူ သို့မဟုတ် ကိုယ်စားပြုသူ စသည့် တရုတ်နိုင်ငံသားများ အမေရိကန်တွင် ပညာသင်ကြားရန် သို့မဟုတ် သုတေသနလုပ်ရန် F သို့မဟုတ် J ဗီဇာတစ်ခုခုအရ အမေရိကန်နိုင်ငံထဲ ၀င်ရန်ကြိုးပမ်းမှုများအပေါ် အထက်ပါ ကြေညာချက်က ပိတ်ပင်ကန့်သတ်ရန် ကြိုးပမ်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required