ကိုဗစ်-၁၉ တကျော့ပြန်ခေါင်းထောင်နေသည့်အပေါ် ပြည်သူအချင်းချင်း သတိပေး ပိုဂရုစိုက်ရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံမှာကြား

ကိုဗစ်-၁၉ တကျော့ပြန်ခေါင်းထောင်နေသည့်အပေါ် ပြည်သူအချင်းချင်း သတိပေး ပိုဂရုစိုက်ရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံမှာကြား

ဇူလိုင် ၆

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ တကျော့ပြန်ပြင်းထန်လာသည့်အပေါ် ပြည်သူအချင်းချင်း သတိပေးပြီး ဂရုစိုက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမှာကြားကြောင်း ၎င်း၏ ရှေ့နေအပြောအရ သိရသည်။

ယခင်ရုံးချိန်းတွင်လည်း ကိုဗစ်-၁၉ နှင့်ပတ်သက်၍ သတိထားရန်မှာ အသက် ၇၆ နှစ်အရွယ် အချုပ်ကျခံနေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကမှာကြားခဲ့ပြီး ယခုတစ်ခါထပ်မံပြောခြင်းဖြစ်သည်။ 

“ ပြည်သူအချင်းချင်း သတိပေးပြီးတော့မှ ကိုဗစ်ကိစ္စကို ပိုပြီးဂရုစိုက်ဖို့ပြောပါတယ်။ အမေစုကတော့ ကျန်းမာရေးကောင်းမွန်းပါတယ်။ ” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

" ကိုဗစ်က အခါတိုင်းထက်ပိုပြီးတိုးနေတာကို သူအနေနဲ့သိထားတဲ့အတွက် ပိုဂရုစိုက်ဖို့ မှာကြားတာပါ" သူက ထပ်ပြောသည်။ 

ယနေ့ (ဇူလိုင် ၆ ) ရက် အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များတွင် ပုံမှန်ပြုလုပ်လျှက်ရှိသော ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို တစ်ပေါင်းတည်းစွဲဆိုထားသော ၅၀၅ (ခ)  နှင့်ပတ်သက်သည့် ဒုတိယမြောက် ရုံးထုတ်စစ်ဆေးမှုတွင် အထက်ပါအတိုင်း မှာကြားလိုက်ခြင်းဖြစ်သည်။

ယနေ့ရုံးချိန်း၏ နံနက် ၉ နာရီခွဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ တရားစွဲမှုရင်ဆိုင်နေရသည့် နိုင်ငံ့အကြီးအကဲများက အမှုလိုက်ရှေ့နေ အဖွဲ့ဝင်လေးဦးနှင့် မျက်နှာစုံညီတွေ့ဆုံခဲ့ကြကာ အမှုနှင့်ပတ်သက်သည့် ညွှန်ကြားချက်များပေးခဲ့ကြသည်။

ယင်းနောက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) အတွက် တရားခွင်ကိုစတင်ကြားနားခဲ့ရာ အမှုလိုက်ရှေ့နေအဖွဲ့က တရားလိုသက်သေတင်သွင်းထားသော သက်သေခံစာရွက်စာတမ်းကိစ္စကို ခရိုင်တရားရုံးက ပလပ်လိုက်သည့်အပေါ် ပြန်လည်စိစစ်ပေးရန် ထပ်မံတောင်းဆိုချင်သောကြောင့် ကြားနာမှုကို ရက်ရွှေ့ဆိုင်းပေးရန်တောင်းဆိုသော်လည်း မြို့နယ်တရားရုံးက လက်မခံဘဲ ပယ်ချကာ တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးခဲ့သည်။

“ သက်သေခံတင်သွင်မှုကို မြို့နယ် အဆင့်ရော၊ ခရိုင်အဆင့်ကပါ လက်ခံတဲ့အတွက် ကျွန်မတို့ တိုင်းအဆင့်ကို ဆက်တက်ဖို့ စီစဉ်ထားပါတယ်။ ဒီအတွက် စွပ်စွဲခံရသူသုံးဦးကလည်း ဥပဒေအတိုင်းသာ ဆက်လုပ်ကြဖို့ မှာပါတယ်။ ” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအပေါ်စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ- ၂၅ အတွက် သက်သေတစ်ဦးကို စစ်ဆေးကာ မွန်းလွဲပိုင်း နှစ်နာရီအချိန်ခွဲတွင် တရားခွင်ကို ရပ်နားခဲ့ကြသည်။

ယင်းအမှုနှစ်ခုအတွက် ရုံးချိန်းကို လာမည့် ဇူလိုင် ၁၃ ရက် (အင်္ဂါနေ့)တွင် ဆက်လက်စစ်ဆေးရန်ချိန်း ဆိုထားရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly