နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုအဆုံးသတ်ရေး နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုကြေညာ

နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုအဆုံးသတ်ရေး နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုကြေညာ

ဇူလိုင် ၆

ပြည်သူလူထုတစ်ရပ်လုံး ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ အာဏာသိမ်း စစ်အုပ်စုအဆုံးသတ်ရေး နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့ အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေက သဘောထားထုတ်ပြန် ကြေညာလိုက်ပါတယ်။

မနက်ဖြန် ဇူလိုင်လ ၇ ရက်နေ့မှာ ကျရောက်မယ့် ၅၉ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့နဲ့ ပတ်သက်လို့ ဒီမိုကရေစီအတွက် ကြွေးကြော်ဆန္ဒပြရင်း အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နွေဦးတော်လှန်ရေးအင်အားစု သဘောထား ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပြီး ပြည်သူလူထုထံ အမြန်ဆုံး လက်နက်ချအညံ့ခံဖို့ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းဖြစ်စဉ်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ရာကနေ ဆဲဗင်းဂျူလိုင် အရေးအခင်းဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကျောင်းသားသမိုင်းမှာ မေ့ဖျောက်မရတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးကာစ တော်လှန်ရေးကောင်စီက ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကို ချမှတ် ပြဌာန်းလာခဲ့ပါတယ်။ စည်းကမ်းချက်တွေထဲမှာ ည ၈ နာရီထိုးရင် အဆောင်တံခါးတွေပိတ်၊ လုံးဝအပြင်မထွက်ရ၊ အဆောင်မှူးက လာရောက်စစ်ဆေးတဲ့အချိန် မိမိအခန်းမှာ ရှိနေရမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။ 

တော်လှန်ရေးကောင်စီက ချမှတ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ကျောင်းသားတွေက ကန့်ကွက်ဆန္ဒပြကြရာ ဇူလိုင်လ ၇ ရက်နေ့မှာ အာဏာသိမ်း စစ်တပ်က မောင်းပြန်ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ ပစ်ခတ်ဖြိုခွင်းခဲ့သလို ကျောင်းသားသမဂ္ဂအဆောက်အဦးကိုလည်း ဒိုင်းနမိုင်းတွေနဲ့ ဖောက်ခွဲဖျက်စီးခဲ့ပါတယ်။

အဲဒီအချိန် တော်လှန်ရေးကောင်စီက သေဆုံးသူ ၁၇ ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် သေဆုံးသူ ရာနဲ့ချီပြီး ဒဏ်ရာရသူ ဒါဇင်ပေါင်းများစွာ ရှိခဲ့တယ်လို့ မျက်မြင်တွေက ခန့်မှန်းထားကြပါတယ်။

စစ်အာဏာရှင်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုအပြီး ဗိုလ်ချုပ်နေဝင်းက ရေဒီယိုကနေ ငါးမိနစ် မိန့်ခွန်းပြောကြားရာမှာ ဓားကိုဓားချင်း၊ လှံကို လှံချင်း ရဆိုင်သွားမယ်လို့ ဆိုခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ သမိုင်းဝင် သမဂ္ဂအဆောက်အဦးကို ဖောက်ခွဲဖျက်စီးမှုနဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ ဒုခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးအကြား အပြန်အလှန်လွှဲချကာ ဝန်ခံပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းသားသမဂ္ဂတွေကတော့ ပုံစံမျိုးစုံနဲ့ လက်ရှိအချိန်ထိ ပေါ်ထွန်းနေကြဆဲလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ- သူရ/ မဇ္ဈိမ (၅၈ နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားကျင်းပစဉ်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly