ဖိလစ်ပိုင် စစ်လေယာဥ်ပျက်ကျမှု သေဆုံးသူ ၄၅ ဦးအထိ မြင့်တက်

ဖိလစ်ပိုင် စစ်လေယာဥ်ပျက်ကျမှု သေဆုံးသူ ၄၅ ဦးအထိ မြင့်တက်
Photo - AFP

ဇူလိုင် ၅

ဖိလစ်ပိုင်နိုင်ငံမှာ စစ်သည်တပ်ဖွဲ့၀င်တွေ လိုက်ပါလာတဲ့ စစ်လေယာဉ်တစင်း ယမန်နေ့က ပျက်ကျမီးလောင်ခဲ့မှုဖြစ်စဉ်ဖြစ်ပြီးနောက် သေဆုံးသူဦးရေဟာ ၄၅ ဦးထက်မနည်း ရှိနေခဲ့ပြီး ဒဏ်ရာရရှိသူ ဒါဇင်နဲ့ချီ ရှိတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

မကြာသေးခင်ကမှ စစ်သင်တန်းဆင်းထားတဲ့ စစ်သင်တန်းကျောင်းဆင်း အများစု အပါအ၀င် လူ ၁၀၀ နီးပါး လိုက်ပါလာတဲ့ C-130 Hercules စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ဆူလူပြည်နယ် ဂျိုလိုကျွန်းမှာ ဆင်းသက်ဖို့ ကြိုးပမ်းခဲ့စဉ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေယာဉ်မြေပြင်နဲ့ ထိပြီး ပေါက်ကွဲမီးလောင်မှုမဖြစ်ခင် စစ်သားတစ်ချို့ လေယာဉ်ပေါ်ကနေ ခုန်ထွက်ဆင်းခဲ့ကြတာကို တွေ့ခဲ့ရတယ်လို့ ဆူလူပြည်နယ် ပူးတွဲတပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် ဝီလီယံ ဂွန်ဇာလက်စ်က ပြောပါတယ်။

ယင်းဖြစ်စဉ်ဟာ နိုင်ငံမှာ လူအသေအပျောက်အများဆုံး စစ်ဘက်လေကြောင်း မတော်တဆမှုဖြစ်စဉ်တွေအနက် တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

“ဒါကတော့ ၀မ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ၊ ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်ချက်တွေ ဆက်ရှိနေကြရပါမယ်” လို့ ဂွန်ဇာလက်စ်က ပြောပါတယ်။

သေဆုံးသူတွေအနက် ၄၂ ဦးဟာ စစ်သားတွေဖြစ်ပြီး ကျန်သုံးဦးကတော့ အရပ်သားတွေဖြစ်တယ်လို့ ဖိလစ်ပိုင်စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ဘက်အမှုထမ်း ၄၉ ဦး နဲ့ အရပ်သား လေးဦးတို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့လို့ ဆေးရုံပို့ဆောင်ထားရပါတယ်။

စစ်သည်တပ်ဖွဲ့၀င် ငါးဦးကတော့ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ယခု လေယာဉ်ပျက်ကျမှု ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ကြောင်း လေတပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး မေနာ့ဒ် မာရီယန်နိုက ပြောပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ ဒီဖြစ်စဉ်ကို တိုက်ခိုက်မှုတစ်ခုထက် မတော်တဆမှုတစ်ခုအဖြစ်သာ ရှုမြင်သတ်မှတ်ထားကြောင်း စစ်တပ် ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အက်ဒ်ဂါ့ဒ် အရီဗာဒိုက ပြောသွားခဲ့ပါတယ်။

ယခု ပျက်ကျသွားခဲ့တဲ့ စစ်လေယာဉ်ပေါ် လိုက်ပါသွားသူ အများစုဟာ အခြေခံ စစ်သင်တန်းတစ်ခုကနေ မကြာ‌ခင်ကမှ ကျောင်းဆင်းထားကြသူတွေ ဖြစ်ပြီး ၎င်းတို့ကို မွတ်ဆလင်အများစု ရှိရာ ဒေသမှာ အကြမ်းဖက်မှု တိုက်ဖျက်နေတဲ့ စစ်တပ်ပူးပေါင်းအထူးတပ်ဖွဲ့ရဲ့ တစိတ်တဒေသအဖြစ် တာ၀န်ထမ်းစေဖို့အတွက် မငြိမ်မသက်ဖြစ်နေတဲ့ ကျွန်းဆီ ပို့ဆောင်ခဲ့ရင်း ခုလို ဖြစ်ရပ်နဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။

ဖိလစ်ပိုင်စစ်တပ်ဟာ နိုင်ငံတောင်ပိုင်းမှာ စစ်သည်တပ်ဖွဲ့၀င်တွေ အများအပြား ဖြန့်ကျက်ထားပြီး ယင်းနိုင်ငံတောင်ပိုင်းမှာ ပြန်ပေးဆွဲပြီး ပြန်‌ရွေးငွေတောင်းနေတဲ့ အဘူဆေယက်ဖ် အဖွဲ့အပါအ၀င် စစ်သွေးကြွအုပ်စုတွေ လှုပ်ရှားနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly