တရုတ်ကွန်မြူနစ်ပါတီ နှစ်၁၀ဝ သက်တမ်း အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို အမေရိကန်အမတ်များ အစီရင်ခံစာတင်သွင်း

By thegenevadaily
03 July 2021
တရုတ်ကွန်မြူနစ်ပါတီ နှစ်၁၀ဝ သက်တမ်း အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို အမေရိကန်အမတ်များ အစီရင်ခံစာတင်သွင်း

တရုတ်ကွန်မြူနစ်ပါတီနှစ် ၁၀ဝ ပြည့်နှစ်ပတ်လည်နေ့ ကျရောက်တော့မည့် သီတင်းပတ်တွင် အမေရိကန် ပါတီနှစ်ရပ်စလုံးမှ ဥပဒေပြုလွှတ်တော်အမတ်တစ်ဖွဲ့က တရုတ်လူ့အခွင့်အရေးချိုးဖောက်မှုများအား ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို တင်သွင်းခဲ့သည်။

ဝစ်ကိုဇင် ပြည်နယ်၏ ရီပတ်ဘလီကန်အမတ် မိုက်ဂေါလာဂျာ ဦးဆောင်သောအဖွဲ့က ယင်းဆုံးဖြတ်ချက်ကို အမေရိကန်အောက်လွှတ်တော်သို့ ဇွန်လ ၂၅ရက်က တင်သွင်းခဲ့သည်။

တရုတ်ပြည်သူများ၏ လွတ်မြောက်ရေးကြိုးပမ်းမှုအတွင်း ၎င်းတို့နှင့် အတူရပ်တည်မည်ဟု ကတိပြုခဲ့မှုများနှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) က ၁၉၃၀ ပြည့်နှစ်မှစတင်ကာ မိမိလူမျိုးများအပေါ်ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှုများ စာရင်းကိုလည်း ပြုစုခဲ့သည်။

တက္ကဆက်ပြည်နယ်ရီပတ်ဘလီကန်လွှတ်တော်ကိုယ်စားလှယ် မိုက်ကယ်မက်ကော်လ်၊ နယူးယောက်မှ အီလိုက်စ် စတီဖန့်ခ်နှင့် ပင်ဆယ်ဗေးနီးယားပြည်နယ်မှ ဘရိုင်ရယ် ဖစ်ဇ်ပက်ထရစ် တို့က ယင်းဆုံးဖြတ်ချက်ကို ပူးတွဲ ကမကထပြုခဲ့သည်။

ဒီမိုကရက်တစ်ပါတီမှ အောက်လွှတ်တော်အမတ် ၃ ဦးဖြစ်သော အရီဇိုးနားမှ ကိုယ်စားလှယ် ရူဘန်ဂယ်လီဂို၊ နယူးဂျာစီပြည်နယ်မှ ဂျိုးစ် ဂိုတာမေရာနှင့် မိန်းမှ ဂျရတ်ဂိုးဒင်တို့က ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။

လွှတ်တော် အမတ်များက လတ်တလောဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၀ ကျော်ကိုလည်း စာရင်းပြုစုခဲ့သလို ၁၉၅၁ ခုနှစ်တွင် တိဘက်ကိုသိမ်းပိုက်ခြင်းမှသည် ၂၀၁၇ ခုနှစ်မှစတင်သည့် ရှင်ကျန်းရှိ ဝီဂါလူမျိုးများအပေါ်ကျူးလွန်သည့် ရက်စက်ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများအထိ ပါဝင်သည်။

“နှိပ်စက်ညှင်းပန်းခြင်း၊ အစုလိုက်အပြုံလိုက်ထောင်ချခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် နှစ်ပေါင်း ၁၀ဝ အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် တရုတ်ကွန်မြူနစ်ပါတီအား အောက်လွှတ်တော်က ပြစ်တင်ရှုတ်ချလိုက်သည်” ဟု ဂယ်လာဂါက ဆုံးဖြတ်ချက်တွင် ရေးသားထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူ့အခွင့်အရေးကို ထောက်ခံအားပေးရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် တစိတ်တဝမ်းထဲရှိသည့် မဟာမိတ်များနှင့် မိတ်ဖက်များကို ယင်းအဖွဲ့က တောင်းဆိုခဲ့ပြီး“ CCP မရှိတော့သည့် နေ့ကို မျှော်လင့်ကြောင်း ဖော်ပြထားသည်” ဟု Fox News မှ ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly