ဖိလစ်ပိုင်မှာ မီးတောင်ပေါက်ကွဲလို့ သတိပေးချက် ထုတ်ပြန်

ဖိလစ်ပိုင်မှာ မီးတောင်ပေါက်ကွဲလို့ သတိပေးချက် ထုတ်ပြန်
Photo - AFP

ဇူလိုင် ၂

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာရဲ့ တောင်ဘက်မှာရှိတဲ့ တားလ်မီးတောင် ပေါက်ကွဲခဲ့လို့ မီးတောင်အနီး၀န်းကျင်ရှိ နေအိမ်တွေမှာ နေထိုင်ကြတဲ့ လူပေါင်းထောင်ချီကို ‌ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ဖိလစ်ပိုင်မြေငလျင်ပညာဆိုင်ရာ အေဂျင်စီက ဇူလိုင် ၁ ရက်မှာ သတိပေးချက်ထုတ်ခဲ့ပါတယ်။

တားလ် မီးတောင်ဟာ ဇူလိုင်လ ၁ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ချိန် အငွေ့တွေနဲ့ ကျောက်ခဲအပိုင်းအစတွေ ကောင်းကင်ယံဆီ မီတာရာချီအမြင့်အထိ လွင့်ထွက်စေခဲ့ပါတယ်။

မျက်စိပသာဒဖြစ်စရာ ရေကန်တစ်ခုမှာ တည်ရှိတဲ့ တားလ် မီးတောင်ဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ မှုတ်ထုတ်နေခဲ့ပြီး မြို့တော်နဲ့ အနီးအနား ဒေသတစ်ချို့ရဲ့ အထက်မှာ ထူထဲတဲ့ မြူတွေ ဆိုင်းနေစေခဲ့သလို ကျန်းမာရေး သတိပေးချက်တွေကိုပါ ထွက်ပေါ်လာစေခဲ့ပါတယ်။

ယင်းမီးတောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်န၀ါရီလက နောက်ဆုံး ပေါက်ကွဲခဲ့ချိန်တုန်းကလည်း ပြာတွေကို ၁၅ ကီလိုမီတာ (ကိုးမိုင်) အမြင့်အထိ မှုတ်ထုတ်ခဲ့သလို ရဲရဲညီးနေတဲ့ ချော်ရည်တွေ ပန်းထုတ်ခဲ့လို့ နေအိမ်အများအပြားကို ပျက်စီးစေပြီး ကျွဲနွားတိရစ္ဆာန်တွေ သေကျေစေခဲ့ကာ လူပေါင်း ၁၃၅,၀၀၀ ကျော်ကို ယာယီခိုလှုံ‌ရေးစခန်းနေရာတွေဆီ ရောက်ရှိစေခဲ့ပါတယ်။

တားလ်မီးတောင်ဟာ ဇူလိုင် ၁ ရက် နေ့လည်ပိုင်းမှာ ပြန်လည်အသက်၀င်လှုပ်ရှားခဲ့ပြီး အနက်ရောင် ကျောက်ရည်ပူနဲ့ ရေတို့ပါ၀င်တဲ့ တိုတောင်းတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး ယင်း‌ပေါက်ကွဲမှုက လေထဲသို့ တစ်ကီလိုမီတာအထိ မြင့်တက်ခဲ့တယ်လို့ ဖိလစ်ပိုင် မီးတောင်ဗေဒနဲ့ မြေငလျင်ပညာဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပါတယ်။

ယင်းနောက် နောက်ထပ် ကျောက်ရည်ပူနဲ့ ရေတို့ပါ၀င်တဲ့ တိုတောင်းတဲ့ ပေါက်ကွဲမှု လေးခု ထပ်ဖြစ်ခဲ့ပြီး ယင်းတို့ဟာ ၂၀၀ မီတာ အမြင့်ရှိ ရေပန်းတွေလိုမျိုး ဖြစ်စေခဲ့တယ်လို့ ယင်းက ထုတ်ပြန်ပါတယ်။

မီးတောင်ရဲ့ အဓိက မီးတောင်၀မှာ ကျောက်ရည်ပူ ညှစ်ထုတ်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး နောက်ထပ် ပေါက်ကွဲမှုတွေ ထပ်ဖြစ်လာစေနိုင်တယ်ဆိုပြီး အေဂျင်စီက သတိပေးထားပါတယ်။

ယခုအခါ မီးတောင်နဲ့ပတ်သက်လို့ အန္တရာယ် သတိပေးချက်လယ်ဗယ်ကို ၂ ကနေ ၃ ကို တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အန္တရာယ်များတဲ့ ဧရိယာတွေဖြစ်တဲ့ အေဂွန်စီလိုနဲ့ လော်ရယ် မြို့တွေနဲ့ မီးတောင်ကျွန်းမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ကြဖို့ အဆိုပါ အေဂျင်စီက ပြောကြားထားတယ်လို့ သိရပါတယ်။

“သတိပေးချက် လယ်ဗယ်ကို ကျွန်တော်တို့ အဆင့်တိုးသတ်မှတ်ထားပါတယ်၊ ဘာလို့လဲဆိုတော့ ဒီမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကြောင့်ပါ၊ ဒါက ပိုမိုမြင့်မားတဲ့ လှုပ်ရှားမှုတစ်ခုဆီ ဦးတည်နိုင်ပါတယ်” လို့ အေဂျင်စီအကြီးအကဲ ရီနာတို ဆိုလီဒမ်က ပြောပါတယ်။

အဆိုပါ အေဂျင်စီရဲ့ မီးတောင် စောင့်ကြည့်လေ့လာရေးဌာန အကြီးအကဲ မာရစ်တန် ဘော်နက်စ်ကတော့ လက်ရှိအချိန်အထိတော့ ယမန်နှစ်က ပေါက်ကွဲမှုက အခြေအနေတွေလိုမျိုး တူညီတဲ့ ဖြစ်ရပ်တွေ ခုတစ်ကြိမ်မှာ ထပ်ကြုံရလိမ့်မယ်လို့ ယူဆမထားကြောင်း ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly