စစ်အာဏာသိမ်းမှုနောက်ကွယ်က CDM ဝန်ထမ်းသူရဲကောင်းများရဲ့ ဘဝလမ်း 

စစ်အာဏာသိမ်းမှုနောက်ကွယ်က CDM ဝန်ထမ်းသူရဲကောင်းများရဲ့ ဘဝလမ်း 

ဇူလိုင် ၂

“အာဏာသိမ်းလိုက်တာက အားလုံးရဲ့စိတ်ဓာတ်တွေ ဟိုးအောက်ထိကျရတယ်။ အနာဂတ်တွေ ဝေဝါး ကုန်တယ်။ ကိုယ်တိုင်ရပ်တည်ဖို့ရော မှီခိုနေတဲ့ မိသားစုအတွက်ပါ အခု ငါးလအကြာမှာ အင်မတန်မှ ကျပ်တည်းလာပါတယ်”

ဒီလိုပြောလာသူကတော့ စစ်တပ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး အစောဆုံးCDM ဝင်ခဲ့တဲ့ ကျန်းမာရေးဝန် ထမ်းထဲက အသက်သုံးဆယ်အရွယ် အထွေထွေရောဂါကုဆရာဝန်တစ်ဦးဖြစ်သူ မသက်သက်(အမည်လွှဲ) ပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ကြောင်း ကြေညာ ပြီးတဲ့နောက်မှာပဲ အစိုးရရဲ့ လည်ပတ်နေတဲ့ ယန္တရားတွေဟာ လုံးဝဆိုသလိုရပ်တန့်သွားခဲ့ပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်အောင်လို့ ထောက်တိုင် နယ်ပယ်ကဏ္ဍအသီးသီးက ဝန်ထမ်းတွေဟာ (Civil Disobedience Movement) အဖြစ် လှုပ်ရှားမှုတစ်ခု ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကိုဗစ်၁၉ ကပ်ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းများက ပထမဦးဆုံး အနေနဲ့ (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယကတော့ ပညာရေးဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းတွေ ဟာ ဆိုရင်လည်း ဒီလှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုဖြစ်တဲ့ မီးရထားဝန် ထမ်းတွေဟာလည်း CDM လှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်ခဲ့ကြပါတယ်။

CDM ဆိုတဲ့အတိုင်းပဲ ဆေးရုံမသွားဘူး၊ ကျောင်းမသွားဘူး၊ ရုံးမသွားကြပါဘူး။ ပြီးတော့ လစာတွေ မယူကြရပါဘူး။ စစ်ကောင်စီအနေနဲ့ကလည်း အစပိုင်းမှာ ဆေးရုံမလာ၊ ကျောင်းမလာ၊ ရုံးမလာကြတဲ့ဝန်ထမ်း တွေကို ချော့တစ်ခါ၊ ခြောက်တစ်လှည့်နဲ့ လုပ်ငန်းခွင်ထဲကိုပြန်လည် ခေါ်ယူခဲ့ကြပါတယ်။ ရာထူးတွေနဲ့ မက်လုံး ပေးတာမျိုးက အစ လုပ်ဆောင်ခဲ့ကြလို့ တစ်ချို့ သော CDM ဝန်ထမ်းတွေ လုပ်ငန်းခွင်ထဲ ပြန်လည်ဝင်ရောက် လာတာ မျိုးတွေလည်းရှိပါတယ်။ ဒါပေမယ့် အဆုံးထိCDM လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာသူ ဝန်ထမ်း တွေရဲ့စိတ်ဓာတ်ခွန်အားကတော့ ယိုင်လဲမသွားခဲ့ပဲနဲ့ အခုဆိုရင် စစ်ကောင်စီက သက်ဆိုင်ရာ မြို့နယ်တွေ အလိုက် ကဏ္ဍအသီးသီးက CDM  ဝန်ထမ်းတွေကို အလုပ်ထုတ်စာတွေနဲ့ ဝန်ထမ်းအဖြစ်မှ ထုတ် ပယ်ကြောင်း ကြေညာလိုက်ပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်းပြီးတာ ငါးလတာ ကြာမြင့်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ လစာမရ အလုပ်မရှိတော့တဲ့ CDM ဝန်ထမ်းတွေရဲ့ ဘ၀ ဘယ်လိုအခြေအနေတွေ ရှိနေပြီလဲဆိုတာ မေးခွန်းထုတ်စရာကောင်းလာတဲ့ ကိစ္စရပ် တစ်ခုပဲ ဖြစ်ပါတယ်။ CDM ဝန်ထမ်းတွေ အလုပ်မရှိပဲ ဘယ်လိုနေထိုင်စားသောက်ပြီး ဘဝကို ရပ်တည်ဖြတ်သန်း နေပါသလဲ။

တောင်ငူမြို့နယ်က အစောဆုံး CDM လုပ်ခဲ့သူ အထက်တန်းပြ ဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်မူမူမြင့်(အမည်လွှဲ) ကတော့ အခုလိုပဲ ဖြေကြားထားပါတယ်။

“ကျွန်မက အကင်ရောင်းနေတယ်။ပြီးတော့ အွန်လိုင်းရှော့ပင်လုပ်တယ်။ စစ်အုပ်ချုပ်ရေးရှိနေသမျှကာလ ပတ်လုံး ကျောင်းဆရာမအလုပ်တော့ လုံးဝမလုပ်တော့ပါဘူး။ ဘာထောက်ပံ့မှုမှလည်း အခုထိ မယူထားသလို အလုပ်ပြန်ဝင်ဖို့ မပြောနဲ့ အလုပ်ဖြုတ်စာတောင် ထွက်ပြီးနေပါပြီ။ မြေဖြူကိုင်တဲ့လက်က အခု အကြော်အိုးကိုင် နေတယ်။ တစ်သက်လုံးစာပဲသင်လာတာ။ ဈေးတောင် ကောင်းကောင်းရောင်းတတ်တာ မဟုတ်တော့ စီးပွားရေးက အဆင်ပြေလားဆိုရင် ဇီးရိုးအဆင့်မှာပဲ ရှိပါတယ်။ ဒါကတော့ အခုဖြစ်နေတဲ့ အခြေအနေပါ” တဲ့။ 

ဒီလိုဖြစ်လို့ နောင်တလုံးဝရစရာ အကြောင်းမရှိဘူးလို့လည်း ဒေါ်မူမူမြင့်က သူ့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာရှိ ကြောင်း ထပ်မံသက်သေပြုပြောကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံးကျောင်းဆရာဆရာမပေါင်း သုံးသိန်းကျော်ရှိရာမှာ CDM ပြုလုပ်ထားသူ ကျောင်းဆရာ၊ ဆရာ မဦးရေ ၇၀ ရာခိုင်နှုန်းကျော်ရှိတာဖြစ်တာကြောင့် လက်ရှိကျောင်းပြန်ဖွင့်ချိန်မှာ ဆရာ၊ဆရာမ မလုံလောက် တဲ့ပြသနာဟာလည်း စစ်ကောင်စီအတွက် အကြီးမားဆုံးစိန်ခေါ်မှုပြဿနာတစ်ရပ်ဖြစ်နေပါတယ်။

ဒါကြောင့် ဆွဲခန့်ဆရာ၊ ဆရာမတွေကိုလည်း စစ်ကောင်စီက ခေါ်ယူအသုံးပြုနေတာဖြစ်တယ်လို့လည်း ပညာ ရေးဘက်က သတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။ ဒေါ်မူမူမြင့်တို့လို CDM လုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေမှာတော့ လက်ရှိမှာ ငါးလကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် စားဝတ်နေရေးပြဿနာဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။

ယင်းနှင့်ပတ်သက်ပြီး မရမ်းကုန်းမြို့နယ်က CDM ပြုလုပ်ထားသူ အလယ်တန်းပြဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်သီတာ(အမည်လွှဲ) ကတော့ “အခုအင်္ဂလိပ်စာ ပြန်လေ့လာနေတယ်။ နိုင်ငံခြားသွားအလုပ်လုပ်မယ်လို့ စိတ်ကူးထားတယ်။ NUG ကဝန်ထမ်းတွေကို ထောက်ပံ့ပေးတယ်ပြောနေပေမယ့်လည်း ကျွန်မသိတောင် မသိလိုက်ပါဘူး။ NUG အစိုးရကိုလည်း ဘာမှမပြောချင်တော့ပါဘူး။ဘာမှလုပ်စရာမရှိရင် ဈေးရောင်းစားတော့မယ်” လို့ ပြောပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲကြီးမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ခံNLD အမတ်များဦးဆောင်ပြီး CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလ ၁၆ရက်နေ့မှာတော့ National Unity Government အမျိုးသား ညီညွတ်ရေးအစိုးရ အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

" CDMတွင်ပူးပေါင်း ပါဝင်ပေးကြသော ပြည်သူ့ဝန်ထမ်းများ၏ စာရင်းများကို တိုင်းဒေသကြီး၊ပြည်နယ်၊မြို့နယ်အလိုက်  CDM Supporting Team များ   စနစ်တကျ ဖွဲ့စည်းကာ  ယခုလမကုန်မီအထိ အပြီးသတ် စာရင်းပြုစုလျက်ရှိပါသည်။ မြို့နယ်အလိုက်  ပြုစုထားသောစာရင်းများအရ ပြည်သူ့ဝန်ထမ်းများ၏  မူလ လစာငွေအတိုင်း ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် CRPH- CDM Supporting Team အနေဖြင့် စီစဉ်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း ပြည်သူများထံ အသိပေးတင်ပြ အပ်ပါသည်။" ဟု NUG က ဖေဖော်ဝါရီ ၁၉ ရက်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ CDM ထောက်ပံ့ရေးလမ်းကြောင်းများကို စစ်ကောင်စီကလိုက်လံပိတ်ဆု့ိခြင်းနှင့် CDM အတွက်လှူဒါန်းသူများကို ဖမ်းဆီးခြင်းများဖြင့် တုံ့ပြန်ခြင်းခံရပါတယ်။ 

NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက  " တစ်ချို့နေရာမှာ စစ်တပ်ကနေ ဒါကို သိတဲ့အခါမှာ ပိုပြီးတော့ ခြိမ်းခြောက်တာ ၊ အကြပ်ကိုင်တာ… NUG ကကူညီတာကို လက်ခံတဲ့အတွက် ပိုပြီးတော့အမှုကြီးတယ်ဆိုပြီး လုပ်ဆောင်တယ်။ ဒီလိုမျိုး ယုံကြည်ချက်ကြောင့် လုပ်ဆောင်နေတဲ့ CDM တွေအပေါ်မှာ အခက်အခဲတွေမဖြစ်အောင် လုပ်ဆောင်ပေးတာဖြစ်တယ်။" လို့ပြောပါတယ်။

"  ဒီကိစ္စကို ပိတ်ပင်တာမျိုးက မလုပ်သင့်ပါဘူး။ တကယ်တော့ ဝန်ထမ်းတွေက သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်နေကြတာဖြစ်တဲ့ အတွက် ဒီအပေါ်မှာ ထက်ပြီးတော့ ခြိမ်းခြောက်တာ အကူအညီရရှိတဲ့ အပေါ် နောက်ထပ် ခြိမ်းခြောက်တဲ့ အပိုင်းကတော့ စစ်အုပ်စုအပိုင်းကနေ လူသားချင်းမညှာမတာ လုပ်ဆောင်တဲ့ ကိစ္စ၊ နောက်တစ်ခု CDM တွေကို အမြန်ဆုံးလုပ်ငန်းခွင်ထဲ ပြန်ဝင်အောင် ဖိအားပေးတဲ့ သဘောမျိုး ဖြစ်နေတဲ့ ပုံစံတွေ့ရတယ်။” လို့ သူက ဆက်ပြောပါတယ်။

NUG အစိုးရတက်လာသည်အထိ တောင့်ခံသွား မှာဖြစ်ကြောင်းကို အထူးကုဆရာဝန်မတစ်ဦးဖြစ်တဲ့ မသက်သက်က အခုလို ပြောကြားခဲ့ပါတယ်။

“NUG ကိုယုံကြည်ပါတယ်။ အစကတည်းက ယုံကြည်လို့လည်း ကျွန်မအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေက အင်တိုက်အားတိုက် အခုအချိန်အထိ NUG ဖက်က ရပ်တည်ပေးနေကြတာ ဖြစ်ပါတယ်။ NUG အစိုးရပြန်တက် လာတဲ့အချိန် ဘယ်လောက်မျှော်လင့်သလဲဆိုတော့ ကျွန်မတို့ Health Sector (ကျန်းမာရေးကဏ္ဍ) အနေနဲ့ အနည်းဆုံးတော့ အာဆီယံအဆင့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ အဆင့်တစ်ခု ပြည်သူတွေအတွက်ရဖို့ မျှော် လင့်ပါတယ်။  အာဏာရူးတွေအတွက် ဝင်ငွေရှာပေးတဲ့ ဌာနတွေ မဟုတ်တော့ သူတို့သာ အုပ်ချုပ်မယ်ဆိုရင် အဆင့်မြင့်ဖို့ တိုးတက်ဖို့ သူတို့ဘက်က ကြံဆောင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အားလုံးက NUG ကို အခုချိန် ထိမျှော်လင့်ပြီးတော့ တောင့်ခံထားကြတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ပညာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါ်မူမူမြင့်ကတော့ NUG အစိုးရကို တောင်းဆိုစရာများရှိနေကြောင်း၊ ရာထူး ပြန်ပေးမည်ဆိုခြင်းထက် လက်ရှိခန့်ထားသောဆွဲခန့်များကို ပြန်ဖြုတ်ပေးမှသာ ပညာရေးလောကကို ပြန်လာတော့မှာ ဖြစ်တယ်လို့လည်း ၎င်းရဲ့ ခံစားချက်ကို ရင်ဖွင့်ခဲ့ပါတယ်။

“ ခပ်ရိုင်းရိုင်းပြောရရင် ခွေးတိုးပေါက်က ဝင်လာတဲ့သူတွေ ရှိနေသမျှ ကျွန်မအလုပ်ပြန်မဝင်ဘူး။ ဘာမှလုပ်စရာ မရှိရင်တောင် ဈေးရောင်းစားမှာပဲ” လို့ ပြောကြားထားပါ တယ်။

နယ်ပယ်ကဏ္ဍအသီးသီးက CDM လှုပ်ရှားမှုဆောင်ရွက်ကြတဲ့ ဝန်ထမ်းတွေထဲမှာ နေအိမ်လိုင်းခန်းတွေကိုပါ စွန့်လွှတ်ပြောင်းရွှေ့ခဲ့ရတဲ့ မီးရထားဝန်ထမ်းတွေရဲ့ ဘဝကတော့ ပိုပြီး ဆိုးလွန်းတယ်လို့ ပြောရမှာပဲဖြစ် ပါတယ်။ နဂိုကတည်းက အခြေခံလစာနည်းပါးသူတွေ ဖြစ်တဲ့အပြင် နှစ်ကာလကြာရှည်စွာ ဝန်ထမ်းလိုင်းခန်း များမှာ နေထိုင်ခဲ့ကြရတဲ့ သူတွေမို့ CDM လုပ်နေချိန်မှာ ဝင်ငွေမရှိတဲ့အပြင် နေစရာပါ ဘုံပျောက်ခဲ့ကြရတာ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့် မြို့နယ်က မီးရထားဝန်းမှာဆိုရင် CDM လုပ်ထားသူ ဝန်ထမ်းပေါင်းကိုးရာခန့် ရှိခဲ့ပြီး သူတို့ထဲကတစ်ဦး ဖြစ်တဲ့ ဦးမြင့်(အမည်လွှဲ) က လက်ရှိသူ့ရဲ့ အခြေအနေကို ပြောပြထားပါတယ်။

“ကျွန်တော်တို့လိုင်းခန်းကထွက်တော့ အလှူရှင်တွေက ကူညီကြပါတယ်။ ငွေကြေးရော၊ သယ်ယူပို့ဆောင်ရေး ကောကူညီကြတယ်။ ဒါပေမယ့် အချိန်တိုင်းမှာ အလှူရှင်ကိုမှီခိုဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်ဆိုမိသားစု လိုက်ကြီးပြောင်းရတာ။ အိမ်ငှားမနေနိုင်ဘူး။ ဒီတော့ မြို့စွန်ဖက်က ကျူးကျော်တဲမှာ တစ်လငါးသောင်းပေးပြီး နေရတယ်။ ကျွန်တော် ကယ်ရီငှားဆွဲတယ်။ အမျိုးသမီးဈေးဗန်းရွက်ရောင်းတယ်။ ဆိုင်ခန်းမဟုတ်ဘူးနော်။ ရွက်ရောင်းရတာ။ ဒီလိုတွေဖြစ်နေပြီ။ စားလို့လောက်လားဆို တွေးသာကြည့်ပါတော့။ တစ်လတစ်လ အိမ်ငှားခ အဆင်ပြေအောင်လုပ်နေရတာ။ တကယ်လည်း ရုန်းထွက်ချင်နေပါပြီ။ ဝန်ထမ်းဘဝတုန်းက ဒီလိုအလုပ်တွေ မလုပ်ခဲ့ရဘူးလေ။ အခုတော့ ဘယ်လိုမှကို တောင့်မခံနိုင်ဘူး။ ရရာအလုပ်အကုန်လုပ်နေရတာ။ ဘဝပျက်တာ ပေါ့ဗျာ” လို့ ပြောပြပါတယ်။

မီးရထားသယ်ယူပို့ဆောင်ရေးကဏ္ဍတွေအနေနဲ့ စစ်ကောင်စီတက်လာပြီးနောက်ပိုင်း မေ ပထမပတ်ကစလို့ ရန်ကုန်မြို့ပတ်ရထားအချို့ကို ပြန်လည်ပြေးဆွဲခဲ့သလို မေ ၆ ရက်နေ့မှာ ရန်ကုန် မန္တလေး အစုန်အ ဆန်ရထား တွေပြေးဆွဲခဲ့တယ်လို့လည်း သိရပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေအလိုက် လည်း မီးရထားနဲ့ သွားလာဖို့ ပြေးဆွဲပေးနေပါတယ်။ ဒါပေမယ့် အဲဒီလိုပြေးဆွဲမှုတွေမှာ ယခင်အငြိမ်းစား ဝန်ထမ်းဟောင်းတွေနဲ့ Non CDM သမားအချို့နဲ့ ဆောင်ရွက်ခဲ့ကြတာလို့ CDM လုပ်ထားတဲ့ မီးရထားအသိုင်းအဝိုင်းက သိရပါတယ်။ ဒီလိုတွေ ဇွတ်အားတင်း လုပ်ဆောင်နေရပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ အရှုံးခံပြေးဆွဲပေးနေရတယ်လို့ လည်း စစ်ကောင်စီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲတစ်ခုမှာ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားခဲ့ ဖူးပါတယ်။

ဒီလို ပြေဆွဲပြီးမကြာခင် ရထားလမ်း မှာ မိုင်းကွဲတာတွေ သံလမ်းအဆက်တွေ ဖြုတ်ခံထားရတာတွေကြောင့် တိမ်းမှောက်တာတွေ ပျက်ဆီး ဆုံးရှုံးတာမျိုးတွေရှိနေတာကြောင့် သီးခြားအတည်မပြုနိုင်သေးသော်လည်း မီးရထားစီးနင်းတဲ့ ပြည်သူ ရာခိုင်နှုန်းနည်းပါး နေသေးတယ်လို့ သိရပါတယ်။

NUG အစိုးရဟာ CDM ဝန်ထမ်းတွေအတွက် ကြည့်ပေးနေသည်ဟုဆိုသော်လည်း အတိုင်းအတာတစ်ခု ထိအောင်ရောက်မလာပဲ လစ်ဟာမှုများစွာရှိနေသေးတာကို တွေ့မြင်ရပါတယ်။ ငွေကြေးထောက်ပံ့မှုမှသည် အသိအမှတ်ပြုမှုအထိ လစ်လပ်နေသည့် အရာများစွာရှိနေသေးကြောင်း၊ ယင်းသို့ဖြစ်ရသည်မှာလည်း အစိုး ရသစ်တစ်ရပ်အနေနှင့် ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စရပ်များစွာ ရင်ဆိုင်ကြုံတွေ့နေရခြင်းကြောင့်ကို ယုံကြည်နားလည်ပါကြောင်း၊ သို့သော်လည်းCDM ဝန်ထမ်းတွေအနေနဲ့ NUG အစိုးရရဲ့ အသိအမှတ်ပြုမှု တစ်စုံတစ်ရာကိုပါ မျှော်လင့်တာ ဖြစ်တယ်လို့ ဒေါက်တာ သက်သက်က ယင်းရဲ့ခံစားချက်ကို ရင်ဖွင့်ပြောကြာခဲ့ပါတယ်။

“NUG အနေနဲ့လည်း ကျွန်မတို့ CDM လုပ်နေတယ်ဆိုတာလေးကို လုပ်ရကျိုးနပ်အောင် အသိမှတ်ပြုတာလေး တစ်ခု သေသေချာချာ စိစစ်ပြီးပေးစေချင်တယ်။ ပထမ CDM ID ထုတ်ပေးတယ်။ ကျွန်မတို့တတွေဆို အဲဒီ အိုင်ဒီမရခဲ့ဘူး။ နောက်မေးလ်အမျိုးမျိုး၊ မက်ဆေ့ချ်အမျိုးမျိုး ပို့တယ်၊ Reply မရခဲ့ဘူး။ ဒီထက်အရေးကြီးတာ တွေမှာ အများကြီးအင်တိုက်အားတိုက် လုပ်နေရတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် CDM ဝန်ထမ်းတွေကို လည်း စိတ်ခွန်အားလေးရှိအောင် NUG က အသိမှတ်ပြုတာလေးတစ်ခု သတ်သတ်မှတ်မှတ်လိုချင်တယ်။ တိကျတဲ့ အရာလေးတစ်ခု။ ဆိုလိုတာက ငွေရေးကြေးရေး အထောက်အပံ့ ရမှ မဟုတ်ဘူး။ ကျွန်မတို့မှာ အကာအကွယ်ရှိတယ်။ ကျွန်မတို့လို လူတွေ အများကြီးရှိတယ်။ ကျွန်မတို့ကို NUG ကစောင့်ရှောက်တယ် ဆိုတာလေးရှိတယ်ဆိုတဲ့ စိတ်ခွန်အားတော့ လိုချင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသား ညီညွှတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဋ္ဌာနက ဇွန် ၈ရက်မှာ CDM ဝန်ထမ်းတွေနဲ့ ပတ်သက်လို့ ကြေညာချက်အမှတ် ၁/ ၂၀၂၁ ဖြင့် ထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ ဆိုရင် ကိုယ်တိုင်CDM မပြုလုပ်ဘဲ CDM ပြုလုပ်နေသည့် ဝန်ထမ်းတွေကို  အနိုင့်အထက်ပြုကျင့် ဖိအားပေးနေသည့် ဝန်ထမ်းဆိုးများကို စနစ်တကျ စာရင်း ပြုစုလျှက်ရှိတယ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Non-CDM များနှင့် CDMများ၏ စာရင်းကို CDM ပြုလုပ်သည့် အချိန်ကာလအပေါ်မူတည်၍အဆင့်များခွဲခြားကာ စနစ်တကျ စာရင်းများ ပြုစုလျှက်ရှိပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ချိန်တွင် အဆိုပါ စာရင်းများအပေါ်မူတည်၍ တရားသော စီရင်ဆောင်ရွက်မှုများကို တိကျစွာလုပ် ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာလည်း CDM ပြုလုပ်နေသူ ကျန်းမာရေးဝန်ထမ်းအချို့ရဲ့ မိခင်ဌာနရင်းများက CDM ပြုလုပ် နေတဲ့ ဆရာဝန်၊ ဆရာမများကို ချော့မော့ခေါ်ယူခြင်း၊ ခြိမ်းခြောက်ခေါ်ယူခြင်းနှင့် စာထုတ်ခေါ်ယူခြင်းများကို ယခုချိန်ထိ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေါ်သက်သက်က ဆက်လက်ပြောဆိုပါတယ်။

 “ဌာနတွေကပေးတဲ့ ပရက်ရှာတွေ၊ အမျိုးမျိုးသော ခြိမ်းခြောက်လိုက်၊ ချော့ခေါ်လိုက်၊ စိတ်ကို နဲ့သွားစေမယ့် စာတွေ၊ နောက်ပြီးတော့ လက်ရှိ ကိုယ်နေနေတဲ့ နေရာမှာရော၊ ဘယ်လောက်ကြာကြာ လုံခြုံအောင် နေနိုင် မလဲ။ စားဝတ်နေရေးအတွက်ရော တောင့်ခံနိုင်ပါဦးမလား စသဖြင့်ပေါ့လေ၊ တိုက်ရိုက်ရောက်တဲ့ သောကနဲ့၊ ဒုက္ခရော၊ သွယ်ဝိုက်ပြီးဖြစ်လာတဲ့ သောကနဲ့ ဒုက္ခတွေရောက စိတ်ရောကိုယ်ပါတော်တော်ချည့်နဲ့လာကြပါ ပြီ။ အာဏာရှင်ကို ဖီဆန်ချင်လွန်းလို့သာ ကျားကန်ထားကြရတာ”  လို့ ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေး ဘဏ်ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၁၉ခုနှစ်မှာဆိုရင် ၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ မြင့် တက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုဟာ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်၁၉ ရောဂါကြောင့် ၃ဒဿမ ၃ ရာခိုင်နှုန်းကို ကျဆင်းခဲ့ရာကနေ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ခုနှစ်မှာတော့ အနုတ်၉ ဒဿမ ၈ရာခိုင်နှုန်း  ဖြစ်လာမယ်ဆိုတဲ့ တွက်ချက်ဖော်ပြမှုတစ်ခု ရှိခဲ့ပါတယ်။

ADBရဲ့ ဖော်ပြချက်မှာဆိုရင် GDP ကျဆင်းမှုတစ်ခုတည်း မဟုတ်ပဲ စီးပွားရေးကျဆင်းမှုနှင့်အတူ ယှဉ်တွဲ လိုက်လာမယ့် ငွေဖောင်းပွမှုကိုလည်း ၆ ဒဿမ ၂ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ ဖော်ပြထားပါတယ်။ အလားတူပဲ တစ်ဦးချင်းဝင်ငွေကိုတော့ ၁၀ ဒဿမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ ဖော်ပြထားတာပါ။ ဒါဟာတကယ် တော့ တော်တော်လေး စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုပါပဲ။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကဏ္ဍအားလုံးလိုလို လုပ်ငန်းလည်ပတ်မှုနှေးကွေးသွားတာ၊ ယာယီရပ် ဆိုင်းသွားတာနဲ့ အပြီးပိတ်သိမ်းလိုက်တာတွေကြောင့် ပြည်တွင်းအလုပ်လက်မဲ့ဦးရေဟာ နှစ်သန်းကျော်က နေ သုံးသန်းနီးပါးအထိ ထပ်တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ထုတ်ပြန် ချက်အရ ကိုဗစ်၁၉ရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အလုပ်သမား၆ ဒဿမ ၉သန်းကနေ ၇ ဒဿမ ၃သန်းအထိ အလုပ်လက်မဲ့ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဆောက်လုပ်ရေးကဏ္ဍမှာ အလုပ်လက်မဲ့ဦးရေ ငါးသိန်း၊ ကိုှဗစ်ကာလအတွင်းမှာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍမှာရှိတဲ့ အလုပ်သမားပေါင်း ခြောက်သိန်းကျော်အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပါတယ်။

အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမားသုံးသိန်းခန့်၊ စက်ရုံအလုပ်ရုံပေါင်း ၁၅၀ ခန့် ပိတ်သိမ်းအလုပ်လက်မဲ့ဖြစ်ခဲ့ရတာကြောင့် အလုပ်အကိုင်စုစုပေါင်းအားလုံးရဲ့ အလုပ်လက်မဲ့နှုန်းဟာ ဆယ်သန်းကျော်ခန့်ရှိနေတာ ဖြစ်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားခဲ့ပါတယ်။

ဒီတော့ CDM ဝန်ထမ်းတွေအပြင် ပြင်ပက အလုပ်လက်မဲ့နှုန်းကလည်း ကြောက်ခမန်းလိလိဆိုသလို မြင့်တက် နေတာပဲ ဖြစ်ပါတယ်။ အလုပ်မရှိကြရတဲ့ ကြားထဲ ကုန်စည်စီးဆင်းမှု ပြတ်တောက်နှောင့်နှေးမှုတွေကြောင့် ကုန်ဈေးနှုန်းတွေကလည်း တရိပ်ရိပ်ဆိုသလို မြင့်တက်လာနေတာပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေဆိုးကို အလုပ်လက်မဲ့တွေ ရုန်းကန်တောင့်ခံလာခဲ့တာ အခုဆိုရင် ငါးလတိတိရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးသည်မှစလို့ ဧပြီလကုန်အထိ အရပ်ဖက်အဖွဲ့အစည်းများ စုပေါင်းလုပ်ဆောင်ထားတဲ့ စစ်တမ်း စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် CDM ပြုလုပ်သူပေါင်း ၈၀ရာခိုင်နှုန်းထိရှိခဲ့ပြီး အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ယခုငါးလတာ ကာလအတွင်းမှာတော့ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ CDM ပြုလုပ်ထားသူဝန်ထမ်းတွေကတော့   ပညာရေး ဝန်ထမ်း ၇၀ရာခိုင်နှုန်း၊ ကျန်းမာရေးဝန်ထမ်း ခြောက်ဆယ်ရာခိုင်နှုန်း၊ ဝန်ကြီးဌာနပေါင်းစုံက လေးဆယ်ရာ ခိုင်နှုန်းခန့် ရှိနေတယ်လို့လည်း သိရပါတယ်။ ဒီဝန်ထမ်းအားလုံးမှာ အချို့က လစာတစ်ဝက်၊ တစ်ချို့ ကတစ်လတစ်သိန်းနှုန်းထောက်ပံ့မှုတွေရရှိတဲ့ ဝန်ထမ်းတွေ ရှိသလို၊ တစ်ကျပ်တစ်ပြားမှ မရရှိပဲ ဖြစ်သလို ဘဝကို ရုန်းကန်ပြီး တောင့်ခံနေတဲ့ CDM ဝန်ထမ်းတွေလည်း ရှိနေပါတယ်။

အများစုဟာ ဝန်ထမ်းဘဝကလာတဲ့သူတွေမို့ စီးပွားရေးလုပ်ဖို့ နားမလည်ကြသူတွေ ပိုများပါတယ်။ ဒီတော့ သူတို့ရဲ့ စားဝတ်နေရေးတွေပြေလည်ဖို့ အတွက် ဈေးရောင်းစားတာတွေ၊ ကယ်ရီဆွဲတာတွေနဲ့ ကြုံရာကျပမ်း အလုပ်ကိုင်တွေကို ရှာဖွေစားသောက်နေကြရပါတယ်။ NUG ဆိုတာကတော့ သူတို့ရဲ့ မျှော်လင့်ချက်အနာဂတ် ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ ဖြစ်မလာနိုင်သေးခင်မှာတော့ ထွေးပြီးသားတံတွေးကို ပြန်မမြိုဘူးဆိုသလိုပဲ Non-CDM ဘယ်တော့မှ မလုပ်ဘူးလို့ ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ထားသူတွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သက် ပြီး ဒေါက်တာ သက်သက်ကတော့ အခုလိုပဲ ပြောကြားထားပါတယ်။

“ကျွန်မတို့ စိတ်ထဲလဲ အားငယ်နေပါတယ်။ ပုဂ္ဂလိက အလှူရှင်တွေ လှူတန်းတာမျိုးဆိုရင်လည်း ကျွန်မတို့က တကယ့်ကိုလိုအပ်ပြီး နေစရာက အစခက်ခဲနေတဲ့ ဌာနကဝန်ထမ်းတွေကို အရင်ဦးစားပေးလှူဖို့ ညွှန်ပါတယ်။ ဘာလို့လဲဆိုတော့ အနည်းဆုံးတော့ ကျွန်မတို့မှာ သူတို့သိမ်းလို့မရတဲ့ အသက်မွေးဝမ်းကျောင်း ပညာပါ နေသေးတယ်ဆိုပြီး ကုသိုလ်ဖြစ်ပဲ ဖြစ်ဖြစ် ဝမ်းဝရုံပဲ ဖြစ်ဖြစ်၊ကိုယ့်ဘဝကျောင်းနိုင်တယ်ဆိုပြီး ခံယူထား ကြပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly