ယူကေစစ်သင်္ဘောကိစ္စမှာ အမေရိကန် ပါ၀င်ပတ်သက်မှုရှိဟု ပူတင် စွပ်စွဲ

ယူကေစစ်သင်္ဘောကိစ္စမှာ အမေရိကန် ပါ၀င်ပတ်သက်မှုရှိဟု ပူတင် စွပ်စွဲ
Photo - AFP

ဇူလိုင် ၁

မော်စကို သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားရဲ့ ကမ်းရိုးတန်းအနီး ဗြိတိန်ဖျက်သင်္ဘောတစ်စင်းကို ရုရှားက ခြောက်လှန့်ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်မှာ အမေရိကန်နိုင်ငံလည်း ပါ၀င်ပတ်သက်မှု ရှိခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဇွန်လ ၃၀ ရက်မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။

ပင်လယ်နက်အတွင်း ခရိုင်းမီးယားကျွန်းဆွယ်အနီး ဗြိတိန်ရေတပ်ရဲ့ HMS Defender ဖျက်သင်္ဘော ဖြတ်သန်းခဲ့လို့ ယင်းကို သတိပေး ခြောက်လှန့်ပစ်ခတ်မှုတွေ လုပ်ခဲ့ရကြောင်း ရုရှားက ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။ ဒါက ယင်းရဲ့ ပင်လယ်ရေပိုင်နက်ထဲ ကျူးကျော်ချိုး‌ဖောက်မှုတစ်ခု ဖြစ်တယ်လို့ ရုရှားက ပြောပါတယ်။

ဒါပေမယ့်လည်း ဗြိတိန်ဘက်ကတော့ ရုရှားတို့ ပြောသလိုမျိုး မိမိတို့ဖျက်သင်္ဘောကို ပစ်မှတ်ထားတဲ့ သတိပေးပစ်ခတ်မှုမျိုး မရှိခဲ့ဘူးလို့ ပြန်လည် တုံ့ပြန်ထားခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်က ရုပ်သံ အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ရာမှာတော့ “ဒီကိစ္စက တကယ်တမ်းတော့ ရန်စမှုတစ်ခုပါပဲ၊ ဒါက လုံးလုံးလျားလျား ပေါ်လွင်ထင်ရှားပါတယ်” လို့ ပြောခဲ့ပါတယ်။

“ဒါက ရှုပ်ထွေးပါတယ်၊ ဒါကို ဗြိတိန်တစ်နိုင်ငံတည်းကပဲ လုပ်ခဲ့တာ မဟုတ်ပါဘူး၊ ဒါကို အမေရိကန်ကလည်း လုပ်ခဲ့ပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။

ရုရှားက ယင်းပိုင်အဖြစ် ပြောထားတဲ့ ရေပြင်ထဲ ယူကေ သင်္ဘော ပြီးခဲ့တဲ့အပတ်က မ၀င်ရောက်ခင်မှာ အမေရိကန်ရဲ့ မဟာဗျူဟာကျ ကင်းထောက် လေယာဉ်တစ်စင်းဟာ ဂရိနိုင်ငံရှိ နေတိုးစစ်ဘက်လေယာဉ်ကွင်းတစ်ခုကနေ ပျံတက်ထားခဲ့တယ်လို့ ပူတင်က ပြောသွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အခြားအသေးစိတ်အချက်အလက်တွေကိုတော့ ၎င်းက ပြောသွားခဲ့ခြင်း မရှိပါဘူး။

ဗြိတိန်ကတော့ ၎င်းတို့ သင်္ဘောရဲ့ လမ်းကြောင်းနဲ့ပတ်သက်လို့ ခုခံကာကွယ်ပြောဆိုထားပြီး HMS Defender သင်္ဘောဟာ နိုင်ငံတကာ ဥပဒေနဲ့အညီ ယူကရိန်း ပင်လယ်ရေပြင်ပိုင်နက်ကနေ ဖြတ်သန်းပြီး အပြစ်ကင်းကင်း သွားလာခဲ့တာ ဖြစ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။

ရုရှားဟာ ၂၀၁၄ ခုနှစ်က ယူကရိန်းဆီကနေ ခရိုင်းမီးယားဒေသကို သိမ်းယူထားခဲ့ပြီး ယင်းကျွန်းဆွယ်အနီး၀န်းကျင် ရေပြင်ကို ယင်းပိုင်နယ်နမိတ်တစိတ်တဒေသအဖြစ် ပြောဆိုထားခဲ့ပါတယ်။ ဒါ့ပေမယ့် အဆိုပါ သိမ်းယူမှုကို နိုင်ငံအများစုက အသိအမှတ်မပြုသလို ယူကရိန်းရဲ့ ရေပြင်ပိုင်နက် ပြောဆိုချက်တွေရဲ့ နောက်မှာပဲ ရပ်တည်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required