စစ်အုပ်စုဟာ ကိုယ့်ကိုယ်ကိုယ်ပြန်လိမ်တယ်(Editorial)

စစ်အုပ်စုဟာ ကိုယ့်ကိုယ်ကိုယ်ပြန်လိမ်တယ်(Editorial)

ဇွန် ၃၀

စစ်ကောင်စီကို Military council, Military junta, Junta လို့ သုံးနှုံးတာတွေမလုပ်ဖို့နဲ့ သုံးနှုံးရင် အရေးယူခံရနိုင်တယ်လို့ "အသိပေးကြေညာချက်" ဆိုပြီး  မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းထောက်တွေကို ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးစာထွက်လာပါတယ်။ 

ပြည်တွင်းမီဒီယာကို ကန့်သတ်ထားပြီး မလိုတဲ့သူ မောင်းထုတ်၊ ထောင်ချ၊ ရုံးပိတ်သွားရအောင်လုပ်ဆောင်ပြီးတဲ့နောက် နိုင်ငံခြားမီဒီယာဘက်မြှားဦးလှည့်လာတာပါ။ 

သတိပေးစာအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ တရားဝင်အစိုးရဖြစ်ပါတယ်ပေါ့၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေကလည်း တရားဝင်အစိုးရရယ်လို့ အသိအမှတ်ပြုထားတာမို့ အစိုးရအနေနဲ့ပဲသုံးစွဲရမယ်လို့ ဆိုတယ်။ တကယ်တော့ မုသားတွေပါပဲ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်အုပ်စုဟာ သေနတ်ထောက်အာဏာသိမ်းတဲ့အခါ ထိန်းချုပ်မှုလုပ်နိုင်တဲ့ နယ်မြေဒေသရှိသော်လည်း De jury အစိုးရဖြစ်လာဖို့ " တရားဝင်မှု" အတွက်ရုန်းကန်လာရတာ အခုဆိုရင် ရက်ပေါင်း ၁၅၀ ရှိသွားပေမဲ့ မအောင်မြင်သေးပါဘူး။

၂၀၀၈ အခြေခံဥပဒေကိုအကာကွယ်ယူဟန်ဆောင်ပြီး တရားဝင်မှုအတွက်ဆင်ခြေပေးတာကလည်း ၁၉၅၈ ခုနှစ်ကလို ဝန်ကြီးချုပ်ဦးနုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကိုလွှဲပြောင်းသလို ဖြစ်မလာခဲ့တော့ အာဏာသိမ်းစစ်အုပ်စုပဲဖြစ်လာပါတော့တယ်။

ဒါကြောင့် မဇ္ဈိမအနေနဲ့ ဖေဖော်ဝါရီအစောပိုင်းကာလကကိုပဲ နိုင်ငံရေးအရ အရေးပါတဲ့ ဒီလိုအသုံးအနှုံးတွေလိမ်ညာသုံးဖို့ ဖိအားပေးမှုကို လက်မခံပယ်ချခဲ့တာဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ စစ်အုပ်စုခေါ်တာ၊ စစ်ကောင်စီခေါ်တာမခံနိုင်ရင် မသိမ်းဖို့ဘဲဖြစ်ပါတယ်။ 

တကယ်တော့ တရားဝင်မှုဆိုတာ ယုံကြည်စိတ်ချရမှု၊ ထောက်ခံမှုနဲ့ဆက်နွယ်ပါတယ်။ ခေါင်းကိုပစ်ပြီးခေတ်ကိုပြောင်းဖို့ကြိုးစား၊ လူထုရဲ့ပိုင်ဆိုင်မှုကို လုယက်၊ မတရားထောင်ချ၊ စီးပွားတွေပျက်အောင်လုပ်တာမို့ ထောက်ခံမှုမရတာကို အတင်းထောက်ခံပါလို့လုပ်ယူလို့မရပါဘူး ။

စစ်ကောင်စီကိုဘယ်သူများ အသိအမှတ်ပြုနေပါလဲ။ မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားထားတဲ့ ဒုတိယမြောက်နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ရုရှားနိုင်ငံခရီးစဉ်မှာတောင် သူ့ကို မြန်မာနိုင်ငံရဲ့အကြီးအကဲအနေနဲ့သတ်မှတ်တာမဟုတ်ဘဲ စစ်ဘက်ခေါင်းဆောင်ရယ်လို့သာ အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ သူ့ကိုလာကြိုသူဟာလည်း ရုရှားစစ်တပ်မှာ ဗိုလ်မှူးကြီးအဆင့်ရှိသူသာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပထဆုံးခရီးစဉ်ဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေကို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ဆက်တွဲအဖြစ်အပျက်တွေအတွက် တာဝန်ရှိသူအနေနဲ့ သွားရောက်ရှင်းပြခဲ့ရတဲ့ခရီးစဉ်ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက အများပြည်သူသိအောင် ကြေညာချက်ထုတ်တဲ့ နိုင်ငံတွေထဲက အင်ဒိုနီးရှားနဲ့ မလေးရှားတို့ဟာ သူ့ကို မြန်မာ့တပ်မတော်ရဲ့ တပ်ချုပ်အဖြစ်သာသုံးနှုံးခဲ့ကြပါတယ်။

စစ်တပ်ရဲ့ အာဏာလုယက်မှုနဲ့ နောက်ဆက်တွဲအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တော်များများက ရှုတ်ချတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားပြီးသားဖြစ်ပါတယ်။ ယူအက်စ်၊ ယူကေနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေဟာ စစ်ဘက်အရာရှိတွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ပြီးတုံ့ပြန်ထားကြပါတယ်။ ဇွန်လ ဒုတိယပတ်ထဲမှာပဲ လုပ်ခဲ့တဲ့ ကမ္ဘာ့စက်မှုထိပ်သီး ခုနှစ်နိုင်ငံ တွေ့ဆုံပွဲ G7 ဆွေးနွေးပွဲကလည်း မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး ပြင်းထန်စွာ ရှုတ်ချတဲ့ အကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

အနောက်နိုင်ငံတွေကကိုယ်စားလှယ်တွေဟာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ဦးဆောင်နေရာပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြောင်ကိုပဲဆွေးနွေးပွဲတွေလုပ်နေတာကိုလည်း တစ်ချိန်တည်းမှာ တွေ့မြင်နေရပါတယ်။

နိုင်ငံတကာစာမျက်နှာမှာ စစ်ကောင်စီဟာ အရှုံးကြီးရှုံးပါတယ် ။ အသိသာဆုံး အချက်ကတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ရာထူးကို အရပ်သားအစိုးရက ခန့်အပ်ထားခဲ့တဲ့ ဦးကျော်မိုးထွန်းကပဲ လက်ရှိအချိန်အထိ ဆက်လက်အသိအမှတ်ပြုခံ ရပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

ကုလသမဂ္ဂစင်မြင့်မှာ မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး ဖေဖော်ဝါရီ လကုန်ပိုင်းက ဦးကျော်မိုးထွန်းရဲ့ ပြောကြားခဲ့မှု အပြီး စစ်ကောင်စီဟာ ကိုယ်စားလှယ်အသစ်အဖြစ် ဦးတင်မောင်နိုင်ကို ခန့်အပ်ကြောင် UN ကို စာတင်ခဲ့ပါတယ်။ မတ်လ ၁ ရက်နေ့ကစလို့  စစ်ကောင်စီက စာတင်ခဲ့ပေမယ့် UN ကတော့ အခုအချိန်ထိ ဦးကျော်မိုးထွန်းကိုပဲ ကိုယ်စားလှယ်အနေနဲ့ အသိအမှတ်ပြု ဆက်ဆံနေတာပါ။ လာမယ့်စက်တင်ဘာလဆန်းမှာတော့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံအတွက် ကုလဆိုင်ရာ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ခန့်အပ်လွှာကို ပြန်လည်လျှောက်ရတော့မှာပါ။ အဲ့ဒီအချိန်မှာ စစ်ကောင်စီဘက်ကလည်းလျှောက်မှာဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း လျှောက်ရမှာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညီလာခံကို စစ်ကောင်စီ ကိုယ်စားလှယ်တွေ တက်ခွင့်မရတာ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့  FAO ညီလာခံအတွက် စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ပယ်ချတာ၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အထွေထွေ ညီလာခံကို စစ်ကောင်စီက တင်သွင်းတဲ့ ကိုယ်စားလှယ် တက်ခွင့်မရတာ၊  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၄၇) ကြိမ်မြောက် ညီလာခံကို စစ်ကောင်စီ ကိုယ်စားလှယ်တက်ခွင့်မပေးတာ စတဲ့အချက်တွေဟာလည်း အစိမ်းရောင်ယူနီဖောင်းဝတ်ကြီးတွေကို အထိနာစေတဲ့လက်သီးချက်တွေဖြစ်လို့နေပါတယ်။

သိပ်မကြာသေးတဲ့ကာလ ဇွန်လ ၁၈ ရက်နေ့ကပဲ UN က ပြုလုပ်ခဲ့တဲ့  မြန်မာနိုင်ငံကို လက်နက်တွေ စီးဝင်နေမှု တားစီးရေး မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ကမ္ဘာ့အဖွဲ့အစည်းကြီးရဲ့ တရားဝင်ထုတ်ပြန်တဲ့ အသုံးအနှုန်းတွေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒါမှမဟုတ် အစိုးရလို့ မသုံးနှုန်းပါဘူး။ Myanmar Armed Force လို့ပဲ သုံးပါတယ်။ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုတော့ သူ့ရာထူး အခေါ်အဝေါ်တွေအတိုင်း သုံးနှုန်းထုတ်ပြန်ပါတယ်။

စစ်ဘက်ဆက်ဆံမှုအနေနဲ့ကတော့ အရမ်း ဆိုးဆိုးရွားရွားမရှိလှပါဘူး။ မတ်လ ၂၇ ရက်နေ့မှာ လုပ်ခဲ့တဲ့ စစ်တပ်ရဲ့ စစ်ရေးပြအခမ်းအနားမှာတော့ အိမ်နီးချင်းငါးနိုင်ငံရယ်၊ ပါကစ္စတန်၊  ဗီယက်နမ် ၊ ရုရှား စတဲ့ နိုင်ငံတွေက စစ်ဘက်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါဟာ ကိုယ့်နေရာကိုယ်သိစေတဲ့သဘောလို့လည်း ကောက်ယူလို့ရပါတယ်။

ပြောရရင်တော့ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာ့ခေါင်းဆောင်ပါဆိုပြီး ရန်ကုန်က တရုတ်သံရုံးဟာ  ဇွန်လ ၅ ရက်နေ့က သူတို့သံအမတ်နဲ့ အာဏာသိမ်းတပ်ချုပ်တို့ ပထမဆုံးတွေ့ဆုံပွဲ ထုတ်ပြန်ချက်တောင် ပွဲဆူသွားစေပါသေးတယ်။ တရုတ်လေ့လာအကဲခတ်သူတွေအဆိုအရ ခေါင်းဆောင်ဆိုတဲ့ အသုံးအနှုံးဟာ ယေဘုယျသဘောသာဖြစ်ပြီး နိုင်ငံ့အကြီးအကဲဆိုတဲ့သဘောမဆောင်ဘူးလို့ တရုတ်ပြည်တွင်းဓလေ့ထုံးတမ်းကိုယှဉ်ပြီး မှတ်ချက်ပြုကြတာရှိပါတယ်။

ဒီလိုအခြေအနေတွေကို ကောင်းကောင်းသိနေပါလျက်နဲ့ စစ်အုပ်စုဟာ ဆက်ပြီးဖုံးကွယ်လိမ်ညာဖို့ ကြိုးစားပါတယ်။ အချောင်နှိုက်စိတ်အားကြီးတော့ တိမ်သလ္လာဖုံးပြီးဘာမဆိုလုပ်ရဲတယ်ဆိုတာကနေ ထွက်ပေါ်လာတဲ့လုပ်ရပ်တွေဖြစ်တယ်။

လိမ်ညာလေ့ရှိသူဖြစ်တာကနေ မယုံကြည်အပ်သောသူဖြစ်လာတော့ အဲဒီအုပ်စုကို ထိတွေ့ဆက်ဆံဖို့ရွံရှာကြပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဆိုတာလည်း ဒီသဘောပါပဲ။  

လိမ်ညာမှုသက်တမ်းရင့်လာတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ညာရတာပါပဲ။ သူတပါးကိုလိမ်လည်မှုမှာ သူတစ်ပါးလက်ခံစေဦးတော့ ကိုယ့်စိတ်ထဲက အမှန်တရားကိုသိနေတဲ့အတွက် လိပ်ပြာခြောက်လှန့်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်တတ်ကြတာမို့ အခုဆိုရင် စစ်အုပ်စုက ဒီအဆင့်ကိုရောက်လို့နေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly