အင်ဒိုနီးရှားမှာ ကူးတို့ရေယာဉ်နစ်မြုပ်လို့ လူ ၇ ဦးသေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားမှာ ကူးတို့ရေယာဉ်နစ်မြုပ်လို့ လူ ၇ ဦးသေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးနေ
Photo - AFP

ဇွန် ၃၀

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကမ်းရိုးတန်းအနီးမှာ ပင်လယ်ပြင်လှိုင်းထန်မှုအတွင်း ခရီးသည်တင် ကူးတို့ရေယာဉ်တစင်း နစ်မြုပ်ခဲ့လို့ လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဇွန်လ ၃၀ ရက်မှာ ပြောပါတယ်။

ဒါ့အပြင် လူ ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်လို့ ကယ်ဆယ်ရေးသမားတွေဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အမှုထမ်းနဲ့ ခရီးသည် ၅၇ ဦး တင်ဆောင်လာတဲ့ KMP Yunicee ရေယာဉ်ဟာ အားလပ်ရက် အပန်းဖြေကျွန်းရဲ့ အနောက်ဘက် ဂီလီမာနွတ်ခ် ဆိပ်ကမ်းအနီးမှာ နစ်မြုပ်ခဲ့ပြီးနောက် ဇွန်လ ၂၉ ရက် ညနေခင်းမှာ အသက်ရှင်ကျန်ရစ်သူ ဒါဇင်နဲ့ချီကို ကယ်ဆယ်ပေးခဲ့ရပါတယ်။

ယင်း ကူးတို့ရေယာဥ်ဟာ ဂျာဗားကျွန်းကနေ ကျဉ်းမြောင်းတဲ့ ‌ရေလက်ကြားတစ်ခုကို ဖြတ်ပြီး ခုတ်မောင်းသွားလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဇွန်လ ၃၀ ရက်မှာ လူ ၁၁ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သလို ရေထဲကနေ အလောင်းခုနစ်လောင်း ဆယ်ယူရရှိထားခဲ့ကြောင်းလည်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

“ပျောက်နေတဲ့သူတွေကို ကျွန်တော်တို့ ဆက်ရှာနေဆဲ ဖြစ်ပါတယ်၊ မနေ့ညတုန်းကတော့ မြင်ကွင်းမကောင်းတာနဲ့ လှိုင်းထန်နေတာတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အဟန့်အတား ဖြစ်ခဲ့ရပါတယ်” လို့ ဘာလီကျွန်း ရှာဖွေကယ်ဆယ်ရေး အကြီးအကဲ ဂီဒီ ဒါမာဒါက ပြောသွားပါတယ်။

ဒီ မတော်တဆမှု ဘာကြောင့် ဖြစ်ပွားခဲ့ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကျွန်းပေါင်း ၁၇,၀၀၀ ကျော် ရှိတဲ့ ကျွန်းစုနိုင်ငံ အင်ဒိုနီးရှားမှာ ပင်လယ်ရေကြောင်း မတော်တဆမှုတွေဟာ ဖြစ်နေကျဖြစ်ပြီး အန္တရာယ်ဘေးကင်းရေး စံနှုန်းတွေ အားနည်းမှုတွေ ရှိနေသော်လည်း လူအများအပြားဟာ တစ်နေရာကနေ တစ်နေရာ ခရီးသွားလာဖို့ ကူးတို့ယာဉ်တွေနဲ့ အခြား လှေတွေကို အသုံးပြုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ တုန်းကလည်း ဆူမားတြားကျွန်းက ကမ္ဘာ့အနက်ဆုံး ကန်တွေအနက် တစ်ခုမှာ ကူးတို့သင်္ဘောတစင်း နစ်မြုပ်ခဲ့လို့ လူ ၁၆၀ ခန့် ရေနစ်သေဆုံးခဲ့ရပါတယ်။

၂၀၀၉ ခုနှစ်တုန်းကလည်း ဆူလာဝေစီနဲ့ ဘော်နီယိုအကြား ကူးတို့သင်္ဘောတစင်း နစ်မြုပ်ခဲ့လို့ ခန့်မှန်းခြေ လူ ၃၀၀ ကျော်လောက် သေဆုံးခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required