၅၀၅(က)နဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်မယ်ဆိုတဲ့အတွက် အိုးဘို အကျဉ်းထောင်ရှေ့ မိသားစုဝင်တွေ စောင့်ဆိုင်းနေ

၅၀၅(က)နဲ့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်မယ်ဆိုတဲ့အတွက် အိုးဘို အကျဉ်းထောင်ရှေ့ မိသားစုဝင်တွေ စောင့်ဆိုင်းနေ

ဇွန်-၃၀

၅၀၅(က)နဲ့ ဖမ်းဆီး အရေးယူထားသူတွေကို ဒီနေ့ ဇွန် ၃၀ရက်မှာ လွှတ်ပေးမယ်ဆိုတဲ့အတွက် မန္တလေး အိုးဘိုအကျဉ်းထောင်ရှေ့မှာ မိသားစုဝင်တွေက မနက်ကတည်းက လာရောက် စောင့်ကြိုနေကြပါတယ်။

ထောင်အနီးပတ်ဝန်းကျင်မှာတော့ စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေကတော့ အရပ်အဝတ်တွေအပါအဝင် ယူနီဖောင်းတွေနဲ့လည်း  ပုံစံအမျိုးမျိုးနဲ့ စောင့်ကြည့်နေတာတွေရှိပြီး ဖုန်းနဲ့ ဓါတ်ပုံရိုက်သူတွေကိုလည်း တားဆီးတာတွေရှိပါတယ်။

"မနက်ကတည်းက စောင့်နေတာပါ။သားက ၂၂ လမ်း သပိတ်မှာ အဖမ်းခံရတာပါ။ဘာမှန်းတော့ မသိဘူး လွတ်မယ်ထင်လို့ လာစောင့်နေတာပါ။သူတို့ သူငယ်ချင်းတွေ လွတ်မယ်လို့ မျှော်လင့်ထားတယ်။" ဖမ်းဆီးခံထားရသူရဲ့ မိခင်တစ်ဦးကပြောပါတယ်။

မန္တလေး အိုးဘို အကျဉ်းထောင်ကနေ ဖမ်းဆီးခံထားရသူတွေထဲက ၃၀၀ ဦးနီးပါး ပြန်လွှတ်မယ်လို့သိရပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေကနေ လွှတ်ပေးမယ်လို့လည်း ပြောဆိုတာတွေ ရှိနေပါတယ်။

လက်ရှိ မွန်းလွဲ ၁ နာရီအထိ လွတ်လာသေးတာ မရှိသေးတဲ့အတွက် ဆက်လက်စောင့်ဆိုင်းနေသူတွေရှိသလို အချို့က သက်ဆိုင်ရာရဲစခန်းတွေမှာ သွားစောင့်နေသူတွေလည်း ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly