တရုတ်အစိုးရ နှိမ်နင်းဖြိုခွင်းမှုကြောင့် ဟောင်ကောင် Apple Daily သတင်းစာတိုက် ပိတ်သိမ်းရမှုအပေါ် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ဝေဖန်ရှုတ်ချ

By Dailyhunt
29 June 2021
တရုတ်အစိုးရ နှိမ်နင်းဖြိုခွင်းမှုကြောင့် ဟောင်ကောင် Apple Daily သတင်းစာတိုက် ပိတ်သိမ်းရမှုအပေါ် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ဝေဖန်ရှုတ်ချ

တရုတ်အစိုးရ၏ ပြင်းထန်သော ဖိနှိပ်ဖြိုခွင်းမှုတစ်ခုနောက်ပိုင်း ဟောင်ကောင်၏ ဒီမိုကရေစီလိုလားသော Apple Daily သတင်းစာတိုက် ပိတ်သိမ်းခဲ့ရမှုအပေါ် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders-RSF) က ဇွန်လ ၂၃ ရက်တွင် ဝေဖန်ရှုတ်ချသွားခဲ့သည်။ RSF သည် သတင်းအချက်အလက် လွတ်လပ်ခွင့်ကို ကာကွယ်‌စောင့်ရှောက်ရန် ရည်ရွယ်လုပ်ဆောင်နေသည့် ပြင်သစ်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Apple Daily သတင်းစာလုပ်ငန်း၏ စီမံခန့်ခွဲမှုအဖွဲ့သည် သတင်းစာပုံနှိပ်ထုတ်ဝေမှု ရပ်နားရန် ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါ သတင်းစာလုပ်ငန်းက ဇွန်လ ၂၃ ရက်တွင် ပြောသည်။ Apple Daily သတင်းစာအနေဖြင့် ဇွန်လ ၂၆ ရက် နောက်ဆုံးထားပြီး ယင်း၏ ထုတ်ဝေမှုပုံစံ အားလုံးကို ရပ်နားသွားရန်အတွက် ၂၆ နှစ်တာသက်တမ်းရှိ သတင်းစာ၏ မိခင်ကုမ္ပဏီ Next Digital ၏ ဒါရိုက်တာများက ဆုံးဖြတ်ခဲ့ကြသည်။

ပေကျင်းပြဋ္ဌာန်းသော အမျိုးသားလုံခြုံရေးဥပဒေအောက်တွင် ယင်း၏ ဂျာနယ်လစ်များ ထပ်မံဖမ်းဆီးခံရပြီးနောက် ထိုကဲ့သို့ သတင်းစာ ပိတ်သိမ်းမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ပေကျင်းအစိုးရအပေါ် ဝေဖန်သည့် နောက်ဆုံးကျန်ရှိနေသော တရုတ်ဘာသာထုတ် အဓိက မီဒီယာများအနက် တစ်ခု ဖြစ်သည့် Apple Daily ၏ ဇွန်လ ၂၃ ရက်က ကြေညာခဲ့သော ပိတ်သိမ်းမှုကိစ္စအပေါ် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ကန့်ကွက်ရှုတ်ချကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။ Apple Daily ပိတ်သိမ်းမှုမတိုင်မီ ယင်း၏ ဘဏ္ဍာရေး ပိုင်ဆိုင်မှုများကို ဟောင်ကောင်အစိုးရဘက်က ပိတ်ပင်ခဲ့သည်။

နှစ်များစွာကြာ နှောင့်ယှက်တိုက်ခိုက်ခံခဲ့ရပြီးနောက် ပေကျင်းအစိုးရအပေါ် ဝေဖန်သည့် နောက်ဆုံးသော အဓိက တရုတ်ဘာသာမီဒီယာတစ်ခုဖြစ်သည့် Apple Daily ကို ဖြိုဖျက်ခြင်းက ဟောင်ကောင် ဂျာနယ်လစ်များထံ ကျောချမ်းဖွယ် မက်ဆေ့ချ်တစ်ခု ပေးလိုက်ခြင်း ဖြစ်ကြောင်း RSF ၏ အရှေ့အာရှ ဗျူရို အကြီးအကဲ စီဒရစ် အယ်လ်ဗီယန်နီက ပြောသည်။

"နိုင်ငံတကာ အသိုင်းအ၀ိုင်းက အတတ်နိုင်ဆုံးနဲ့ အစွမ်းကုန် စိတ်ပိုင်းဖြတ်မှုနဲ့ ဒီအပေါ်မှာ မတုံ့ပြန်ဘူးဆိုရင် သမ္မတ ရှီကျင့်ဖျင်ဟာ သူ့အနေနဲ့ လုံးလုံးလျားလျား ဒဏ်ခတ်မခံရဘဲနဲ့ ဟောင်ကောင်ရဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ချေဖျက်ပစ်နိုင်တယ်ဆိုတာကို သိသွားပါလိမ့်မယ်၊ သူဟာ ဒါမျိုးကို တရုတ်ရဲ့ ကျန်နေရာဒေသတွေမှာ လုပ်ထားပြီးပါပြီ" ဟု အယ်လ်ဗီယန်နီက ပြောသည်။

RSF သည် ကုလသမဂ္ဂထံ အရေးတကြီး ပန်ကြားမှုတစ်ရပ်ကို ဇွန်လ ၂၂ ရက်တွင် တင်ပြထားပြီး ဟောင်ကောင်၏ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် "လိုအပ်သည့် လုပ်ဆောင်ချက်အားလုံး လုပ်ဆောင်ရန်" ကုလထံ တောင်းဆိုထားခဲ့သည်။

တစ်ချိန်တည်းမှာပင် သက်တမ်း ၂၆ နှစ်ရှိ သတင်းစာတိုက်၏ ဇာတ်သိမ်းခန်း ရောက်ခါနီးတွင် ဟောင်ကောင်သားများသည် ဇွန်လ ၂၄ ရက် မနက်အစောပိုင်းတွင် လမ်းများပေါ်ရှိ အရောင်းဆိုင်များပေါ် ရောက်လာခဲ့သည့် Apple Daily ၏ နောက်ဆုံးသော ထုတ်ဝေမှုဖြစ်သည့် သန်းချီသော သတင်းစာစောင်များအနက် တစ်စောင်ကို ရရှိနိုင်ရန် ညတွင်းချင်း အပြေးအလွှား ၀ယ်ယူခဲ့ကြကြောင်း South China Morning Post က ဖော်ပြသည်။

ဟောင်ကောင်တစ်၀န်း သတင်းစာအရောင်းဆိုင်များအနီး ၀ယ်ယူမည့်သူများ တန်းစီစောင့်ဆိုင်းခဲ့ကြချိန် Apple Daily သတင်းခန်းတွင်လည်း အမှုဆောင်အယ်ဒီတာချုပ် လမ်မန်ချွန်း သတင်းစာ၏ နောက်ဆုံးထုတ် စာစောင်ကို ပုံနှိပ်စက်သို့ ပေးပို့ခြင်းကို ဂုဏ်ပြုရန် ည ၁၁ နာရီ ၄၅ မိနစ်တွင် လက်ခုပ်သြဘာပေးသံများ‌ ပေါ်ထွက်လာခဲ့သည်။

"စိတ်ဓာတ်မကျနဲ့ဟေ့၊ အက်ပဲလ်ဒေးလီးရေ၊ စိတ်ဓာတ်မကျနဲ့ဟေ့၊ ဟောင်ကောင်ရေ" ဆိုပြီး ၀န်ထမ်းများက ကြွေးကြော်ခဲ့ကြချိန် သတင်းစာလုပ်ငန်း၏ Tseung Kwan O ဌာနချုပ်အပြင်ဘက်တွင် စုဝေးရောက်ရှိနေကြသည့် အားပေးသူများကလည်း လက်ခုပ်တီး အားပေးခဲ့ကြသည်။

ယခုကဲ့သို့ Apple Daily ၏ လုပ်ငန်းလည်ပတ်မှု ပိတ်သိမ်းရခြင်းကို ကြည့်မည်ဆိုပါက အမျိုးသားလုံခြုံရေး ဥပဒေသည် သတင်းမီဒီယာနှင့် အတွေးအမြင်သဘောထားများ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အပေါ် ဖိနှိပ်ထိန်းချုပ်ရန် အသုံးပြုနေခဲ့ပြီ ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြသနေကြောင်း ဥရောပသမဂ္ဂကလည်း ပြောဆိုသွားခဲ့သည်။ အဆိုပါ အမျိုးသားလုံခြုံရေးဥပဒေသည် နိုင်ငံကို ဖြိုဖျက်ရန် ကြံစည်မှု၊ ခွဲထွက်မှု၊ အကြမ်းဖက်မှု၊ ပြည်ပအင်အားစုများနှင့် ပူး‌ပေါင်းကြံစည်မှုတို့ကို တားမြစ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required