ကိုဗစ် ၁၉ ကပ်ဘေး ထပ်မံပျံ့ပွားလာသည့်ကိစ္စ တစ်ပြည်လုံးဂရုစိုက်နေထိုင်ကြရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား

ကိုဗစ် ၁၉ ကပ်ဘေး ထပ်မံပျံ့ပွားလာသည့်ကိစ္စ တစ်ပြည်လုံးဂရုစိုက်နေထိုင်ကြရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား

ဇွန်လ ၂၈ ရက်

ကိုဗစ်၁၉ ကပ်ရောဂါ ထပ်မံပျံပွားလာသည့်ကိစ္စနှင့်ပတ်သက်၍ တစ်တိုင်းပြည်လုံး ဂရုစိုက်နေထိုင်သွားကြရန် ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားကြောင်း သူမ၏ရှေ့နေအပြောအရသိရသည်။

" ဒေါ်စုက နေပြည်တော်နဲ့ တစ်ပြည်လုံး ကိုဗစ်တိုးလာတဲ့အခြေအနေကို မေးပါတယ်။ ဂရုစိုက်နေထိုင်ကြဖို့လည်း မှာပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

" ပထမက ရှေ့နေအဖွဲ့ကို မှာပါတယ်။ ပြီးတော့ တစ်ပြည်လုံးကို ဂရုစိုက်ကြဖို့မှာပါတယ်" ဟု သူက ထပ်ပြောသည်။ 

နေပြည်တော်အထူးသီးသန့်တရားရုံးတွင် ယနေ့ ဇွန်လ ၂၈ ရက်ရုံးချိန်းရင်ဆိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို ရုံးထုတ်ချိန်တွင် အမှုလိုက်ရှေ့နေနှင့်အဖွဲ့ကို တဆင့်စကားပါးလိုက်ခြင်းဖြစ်သည်။ ခုနှစ်ယောက်ပါရှေ့နေအဖွဲ့တွင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်သည် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ 

ရုံးထုတ်စစ်ဆေးမှုမတိုင်မီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အသက် ၆၉ နှစ်အရွယ် သမ္မတဦးဝင်းမြင့်တို့နှစ်ဦးကို နံနက်၉နာရီခွဲမှ ၁၀ နာရီခွဲအထိ တစ်နာရီကြာတွေ့ဆုံစကားပြောခွင့်ရခဲ့ကြောင်း ဦးခင်မောင်ဇော်ကဆိုသည်။

ယနေ့ရုံးချိန်းတွင် သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တစ်မှုအတွက် တရားလိုပြသက်သေတစ်ဦးကိုစစ်ဆေးခဲ့သည်။ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အတွက် တရားလိုပြသက်သေနှစ်ဦးအား စစ်ဆေးခဲ့သည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီက အမှုခုနှစ်တပ်ကာ တရားစွဲခံထားရသည့် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အမှုတစ်ခုဖြစ်သော ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၇ အတွက် တရားလို ရဲအရာရှိတစ်ဦးကို စစ်မေးခဲ့ပြီး၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ အတွက် တရားလိုပြသက်သေ နှစ်ယောက်ကို ထပ်မံစစ်ဆေးခဲ့ပြီး ယနေ့ရုံးချိန်းကို ရပ်နားခဲ့သည်။

 အမှုနှစ်ခုလုံးအတွက် လာမည့်ရုံးချိန်းကို ဇူလိုင် ၅ ရက်သို့ပြန်လည်ချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required