အကြမ်းဖက်မှုတိုက်ဖျက်ရေး နိုင်ငံတကာစောင့်ကြည့်အဖွဲ့ FATF က ပါကစ္စတန်ကို ‘grey list’ တွင် ဆက်လက်ထားရှိ

By Scroll.in
28 June 2021
အကြမ်းဖက်မှုတိုက်ဖျက်ရေး နိုင်ငံတကာစောင့်ကြည့်အဖွဲ့ FATF က ပါကစ္စတန်ကို ‘grey list’ တွင် ဆက်လက်ထားရှိ
Photo: EPA

အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစောင့်ကြည့်အဖွဲ့အစည်းဖြစ်သော ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) သည် ပါကစ္စတန်ကို ယင်း၏ စောင့်ကြည့်စာရင်း ‘grey list’ ထဲတွင် ဆက်လက်ထားရှိကြောင်း ဇွန်လ ၂၅ ရက်က ထုတ်ဖော်ခဲ့သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရန် အချက်ပေါင်း ၂၇ ချက်ပါ လုပ်ငန်းစီမံချက်ကို အပြည့်အ၀ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် ပါကစ္စတန်ကို FATF က ယင်း၏ ‘grey list’ ထဲတွင် ဆက်လက်ထားရှိခဲ့ခြင်းဖြစ်သည်။

“FATF ဘက်က တိုးမြှင့်စောင့်ကြည့်စစ်ဆေးမှုအောက်မှာ စီရင်ဆုံးဖြတ်ပိုင်ခွင့်တစ်ရပ်ကို ထားရှိလုပ်ဆောင်ချိန်မျိုးဆိုရင် နိုင်ငံတစ်နိုင်ငံဟာ သဘောတူထားတဲ့ သတ်မှတ်ကာလတွေအတွင်း ခွဲခြားဖော်ထုတ်ထားတဲ့ မဟာဗျူဟာ ပျော့ကွက်တွေကို ပြေလည်အောင် ဖြေရှင်းဖို့ ကတိပြုထားတယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်သလို တိုးမြှင့်စောင့်ကြည့်မှုတွေကို ခံယူရမယ့် အဓိပ္ပါယ်မျိုးလည်း ဖြစ်ပါတယ်” ဟု FATF အဖွဲ့အစည်းက ပြောသည်။ “ဒီစာရင်းက အပြင်ပန်းအားဖြင့် မီးခိုးရောင် စာရင်းအဖြစ် ရည်ညွှန်းပါတယ်” ဟု ယင်းက ပြောသည်။

စောင့်ကြည့်အဖွဲ့၏ ငါးရက်ကြာ အွန်လိုင်း မျက်နှာစုံညီ အစည်းအဝေးတစ်ခုအတွင်း ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်သည် ယင်း၏ ၂၀၁၈ လုပ်ငန်းစီမံချက်ထဲတွင် လုပ်ဆောင်သွားရမည့် ၂၇ ခုအနက် ၂၆ ခုကိုသာ ပြီးစီးအောင် ဆောင်ရွက်ထားခဲ့သည်ဟု ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်မှုအဖွဲ့ (FATF) က ပြောသည်။ ပါကစ္စတန်နိုင်ငံက ကိုင်တွယ်လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည့် အချက်တစ်ခုမှာ ကုလသမဂ္ဂက သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့များ၏ တပ်မှူးများနှင့် ခေါင်းဆောင်များကို ပစ်မှတ်ထားအရေးယူခြင်းနှင့် ပတ်သက်သည့် အချက်တစ်ခု ဖြစ်ကြောင်း သိရသည်။

“ကုလက သတ်မှတ်ထုတ်ဖော်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြီးတန်း ခေါင်းဆောင်တွေနဲ့ တပ်မှူးတွေကို ပစ်မှတ်ထားပြီး တရားစွဲဆိုတာ၊ အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်တာတို့ကို ဖော်ထုတ်ပြသပြီးတော့ ကျန်ရှိနေတဲ့ အချက်ဖြစ်တဲ့ အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုတဲ့အချက်ကို တတ်နိုင်သလောက် မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပါကစ္စတန်ဘက်က တိုးတက်မှုတွေ ဖြစ်ပေါ်အောင် ဆက်လက် ကြိုးပမ်းဖို့ကိုပဲ FATF အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု FATF က ပြောသည်။

နောက်ဆုံးကျန်ရှိနေသော လုပ်ဆောင်ရမည့် ကိစ္စက သိသာထင်ရှားမှု ရှိနေကြောင်း၊ ပါကစ္စတန်အနေဖြင့် FATF က ကနဦး အမည်တပ်ထုတ်ဖော်ထားသည့် ကုလ သတ်မှတ်သော အကြမ်းဖက်အုပ်စုအဖွဲ့ ရှစ်ဖွဲ့၏ တပ်မှူးများနှင့် ခေါင်းဆောင်များကို တရားစွဲဆိုသွားမည့် လက္ခဏာများ ပြသထားခြင်း မရှိသေးကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့များမှာ တာလီဘန်၊ ဟက်ကာနီ ကွန်ရက်၊ လက်ရှ်ကာ အီ တိုင်ဘာ၊ ဂျိုင့်ရှ် အီ မိုဟာမက်၊ ဂျမတ် အွတ် ဒါ၀ါ ၊ ဖာလာ အီ အင်ဆာနီယက် ဖောင်ဒေးရှင်း၊ အယ်လ်ကိုင်ဒါနှင့် အိုင်အက်စ် တို့ ဖြစ်သည်။

လက်ရှိအချိန်အထိ ပါကစ္စတန်သည် လက်ရှ်ကာ အီ တိုင်ဘာ အဖွဲ့ တည်ထောင်သူ ဟာဖစ်ဇ် ဆေအိဒ်နှင့် ၎င်း၏ အနီးကပ် လက်ထောက်များကိုသာ ပြစ်ဒဏ်ချမှတ်ထားကြောင်း သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ဂျမတ် အွတ် ဒါ၀ါ၏ အကြီးအကဲလည်း ဖြစ်သည့် ဆေအိဒ်နှင့် ၎င်း၏ လက်ထောက်နှစ်ဦးဖြစ်သော ဇာဖာ အစ်ခ်ဘဲလ် နှင့် ယာဟာ မူဂျာဟစ်ဒ် တို့ ကို ထောင်ဒဏ် ဆယ်နှစ်ခွဲစီ အသီးသီးပြစ်ဒဏ်ချမှတ်ထားသည်။ ဂျိုင့်ရှ် အီ မိုဟာမက် အကြီးအကဲ မာဆုဒ် အက်ဇ်ဟာ ကဲ့သို့ အခြား ခေါင်းဆောင်များအပေါ် ပါကစ္စတန်ဘက်မှ မည်သည့် အရေးယူဆောင်ရွက်ချက်မှ မလုပ်ထားခဲ့ပေ။

ပါကစ္စတန်သည် အက်ဇ်ဟာကို ခိုလှုံရာနေရာ ဆက်လက် ထောက်ပံ့ပေးနေသည်ဟု နယူးဒေလီကလည်း စွပ်စွဲထားသည်။ အက်ဇ်ဟာ သည် ပူလ်၀ါမာ အကြမ်းဖက်တိုက်ခိုက်မှု၊ ၂၆/၁၁ မွမ်ဘိုင်း တိုက်ခိုက်မှုများနှင့် အခြားသော တိုက်ခိုက်မှုတစ်ချို့အတွက် အိန္ဒိယတွင် အလိုရှိခြင်းခံနေရသူတစ်ဦး ဖြစ်သည်။

ပါကစ္စတန်သည် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးပိုင်းကို အာရုံစိုက်သည့် ယင်း၏ လုပ်ငန်းစီမံချက်သစ်ထဲရှိ မဟာဗျူဟာ ပျော့ကွက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် တိုးတက်မှု ရရှိထားခဲ့ကြောင်း FATF ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

သို့သော် ယင်းနိုင်ငံအနေဖြင့် ယင်း၏ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပ‌ဒေကို ပြင်ဆင်ခြင်းအားဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အပါအ၀င် နယ်ပယ်ဧရိယာတစ်ချို့တွင် အာရုံစိုက် လုပ်ဆောင်သွားသင့်ကြောင်း ယင်းက ထောက်ပြသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required