ကိုဗစ်စည်းမျဉ်း ချိုးဖောက်ခဲ့တဲ့ ဗြိတိန်ကျန်းမာရေး၀န်ကြီး ရာထူးမှ နုတ်ထွက်

ကိုဗစ်စည်းမျဉ်း ချိုးဖောက်ခဲ့တဲ့ ဗြိတိန်ကျန်းမာရေး၀န်ကြီး ရာထူးမှ နုတ်ထွက်
Photo - AFP

ဇွန် ၂၇

ဗြိတိန်ကျန်းမာရေး၀န်ကြီး မတ်ဟန်ကော့ခ်ဟာ အစိုးရ ချမှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ် ဆိုပြီး ဖွင့်ချခံရပြီးနောက် ဇွန်လ ၂၆ ရက်မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

မတ်ဟန်ကော့ခ်ဟာ ၎င်းရဲ့ အနီးကပ်လက်ထောက် အမျိုးသမီး၀န်ထမ်းတစ်ဦးကို အနမ်းပေးခဲ့တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ရာ ရောက်ခဲ့ပြီးနောက် ခုလိုမျိုး ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

၎င်းရဲ့ နေရာကိုတော့ ဘဏ္ဍာရေး၀န်ကြီးဟောင်း ဆာဂျစ် ဂျာဗစ်က အစား၀င် တာ၀န်ယူသွားမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် တုံ့ပြန်တိုက်ဖျက်မှု၊ အထူးသဖြင့် နိုင်ငံတ၀န်း ကာကွယ်ဆေး ဖြန့်ကျက်မှုတွေ လုပ်ဆောင်ရာမှာ ဦးဆောင်မှုပေးခဲ့သူ ဖြစ်တဲ့ မတ်ဟန်ကော့ခ်ဟာ ၎င်းရဲ့ နုတ်ထွက်စာကို ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ထံ ပေးအပ်ခဲ့ပါတယ်။

“ကျွန်တော် လုပ်ခဲ့တဲ့ လုပ်ရပ်က စည်းမျဥ်းလမ်းညွှန်ချက်ကို ချိုးဖောက်ရာ ရောက်ခဲ့တဲ့အတွက် ဒီကပ်ရောဂါကာလထဲမှာ အများကြီး စွန့်လွှတ်ပေးဆပ်ထားခဲ့ရတဲ့ ပြည်သူတွေကို စိတ်ပျက်စေခဲ့ရပါတယ်၊ ဒါကြောင့် ရိုးသားမှု ရှိစွာ တာ၀န်ယူမှုကို ပြည်သူတွေဆီ ပေးအပ်ဖို့ ကျွန်တော်တို့မှာ ၀တ္တရားရှိပါတယ်” လို့ မတ်ဟန်ကော့ခ်က ရေးသားခဲ့ပါတယ်။

“ဒီ ကျန်းမာရေး အကျပ်အတည်းကနေ ရုန်းထွက်နိုင်အောင် ကျွန်တော်တို့ အထူးအာရုံစိုက် ကြိုးပမ်းနေရချိန်မှာ ကျွန်တော့်ရဲ့ ခုကိစ္စကြောင့် အာရုံပျက်ပြားမှု မရှိရလေအောင် ဖြစ်စေဖို့ ကျွန်တော် ဆန္ဒရှိပါတယ်” လို့လည်း ၎င်းက ပြောသွားပါတယ်။

မတ်ဟန်ကော့ခ်ရဲ့ နုတ်ထွက်စာကို လက်ခံရရှိတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကော့ခ်ဟာ ၎င်းရဲ့ တာ၀န်ထမ်းဆောင်ခဲ့မှုအတွက် အထူးဂုဏ်ယူသင့်တယ်လို့ ဂျွန်ဆင်က ပြောသွားပါတယ်။

ယခုအခါမှာ ဟန်ကော့ခ်ရဲ့ နေရာမှာ ဆာဂျစ် ဂျာဗစ်ကို အစားထိုးခန့်အပ်မှုကို ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်ကလည်း အတည်ပြုလိုက်ပြီဖြစ်တယ်လို့ ဒေါင်းနင်းလမ်းရုံးက အရာရှိတစ်ဦးက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly