ကိုဗစ်ဖြစ်ပွားမှု မြင့်တက်တာကြောင့် ဆစ်ဒနီတစ်မြို့လုံး လော့ဒေါင်းချ 

ကိုဗစ်ဖြစ်ပွားမှု မြင့်တက်တာကြောင့် ဆစ်ဒနီတစ်မြို့လုံး လော့ဒေါင်းချ 
Photo - AFP

ဇွန် ၂၆

ကိုဗစ်ဖြစ်ပွားမှု တစ်ဟုန်ထိုး မြင့်တက်လာတာကို ထိန်းချုပ်နိုင်ဖို့အတွက် ဩစတြေးလျနိုင်ငံရဲ့ အကြီးဆုံး ဆစ်ဒနီမြို့မှာ စနေနေ့ကစလို့ သီတင်းနှစ်ပတ်ကြာ လော့ဒေါင်း ချပြီဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်မှုနှုန်း ပိုမြန်တဲ့ ဗီဇကွဲမျိုးက ကမ္ဘာတစ်လွှား ပြန့်နှံ့နေတဲ့ကြားကပဲ ဥရောပနိုင်ငံအချို့ဟာ ကန့်သတ်စည်းမျဉ်းတွေကို ရုပ်သိမ်းလာခဲ့ပါတယ်။ 

ချမ်းသာတဲ့ နိုင်ငံအများစုဖြစ်တဲ့ နိုင်ငံတော်တော်များများမှာ ကာကွယ်ဆေး ထိုးနှံပေးတာတွေကြောင့် ကူးစက်မှုနှုန်း ကျဆင်းလာပေမယ့် အိန္ဒိယကနေ ပထမဆုံး ထွက်ပေါ်တဲ့ ကိုရိုနာမျိုးကွဲ Delta ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် လူ လေးသန်းနီးပါး  သေဆုံးထားတဲ့ ကပ်ဘေးအတွင်း နောက်ထပ် ကူးစက်မှုလှိုင်းသစ်တွေ ဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်စရာ ရှိနေပါတယ်။ 

ဆစ်ဒနီမြို့ရဲ့ အမြဲတစေ လူပျားပန်းခတ်မျှ စည်းကားတဲ့ ဆိပ်ကမ်းဝန်းကျင် အချက်အခြာအရပ်မှာ လောဒေါင်းစတင်အသက်ဝင်ပြီးတာနဲ့ လွင်တီးခေါင်သမျှ ခြောက်ကပ်သွားခဲ့ပါတယ်။  

“လာမယ့် ရက်တွေမှာ တော်တော်များများ ကူးစက်မှု ရှိလာမယ့် ဖြစ်လာနိုင်တဲ့အနေအထားအတွက် ကိုယ်ကိုကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ကျွန်မတို့ လိုပါတယ်”လို့ နယူးဆောက်ဝေးလ်ပြည်နယ် ဝန်ကြီးချုပ် ဂလက်ဒီဘာရစ်ချ်လီယန်းက ပြောပါတယ်။ 

“Delta ဗိုင်းရပ်စ်လို ကူးစက်နှုန်း ပိုမြန်တဲ့ မျိုးကွဲ ရှိထားတဲ့အချိန်မှာ သုံးရက် လော့ဒေါင်းချတာမျိုးက အလုပ်မဖြစ်ဘူး၊ အခြေအနေနဲ့ ကိုက်ညီအောင် ကျွန်မတို့ တုံ့ပြန်သွားရမှာပဲ ဖြစ်တယ်”လို့ သူက ထပ်လောင်းပြောပါတယ်။ 

အခု လော့ဒေါင်းကန့်သတ်စည်းမျဉ်းသစ်တွေဟာ ဆစ်ဒနီမြို့အနှံ့က ပြည်သူ ငါသန်းနီးပါးအပြင် အနီးဝန်းကျင်အရပ်တွေက ပြည်သူတွေအပေါ်ပါ အကျုံးဝင်သက်ရောက်မှာ ဖြစ်ပါတယ်။ 

ကူးစက်မှု လအတော်ကြာ နည်းပါးပြီး ပုံမှန်ပြန်ဖြစ်နေတဲ့ မြို့တစ်မြို့မှာ ရုတ်တရက် ကူးစက်မှုတွေ ဖြစ်လာတာရဲ့ ခြိမ်းခြောက်မှုကို တော်တော်များများ စိုးရိမ်မကင်း ဖြစ်နေပါတယ်။ 

“မနှစ်က ချမှတ်ခဲ့တဲ့ လော့ဒေါင်းကနေ ပုံမှန်ပြန်ဖြစ်အောင်တောင် မနည်းရုန်းကန်နေရတာပါ”လို့ ဆစ်ဒနီက မိသားစုမုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်သူ အသက် ၃၂ နှစ်ရှိ ခရစ်ကရီကီတို့စ်က ပြောပါတယ်။ 

“ကျွန်တော်တို့ ဖြည်းဖြည်းချင်း ရုန်းထနေချိန်မှာ ဒီကနေ့တော့ နောက်ထပ် ထိုးနှက်ခံရသလိုပဲ ခံစားရပါတယ်”လို့ သူက ပြောပါတယ်။ 

ကမ္ဘာတစ်လွှားမှာ ကပ်ဘေးက အရှိန်လျော့ကျလာနေပြီး ဖေဖော်ဝါရီလကစလို့ ကူးစက်မှုသစ် နှုန်းထား အကျဆင်းဆုံးဖြစ်နေပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေလည်း နည်းပါးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က  ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly