ချက်နိုင်ငံမှာ လေဆင်နှာမောင်း တိုက်လို့ လူ ၃ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ

ချက်နိုင်ငံမှာ လေဆင်နှာမောင်း တိုက်လို့ လူ ၃ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ
Photo - AFP

ဇွန် ၂၅

ချက်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်းမှာ ကြုံတောင့်ကြုံခဲအဖြစ် လေဆင်နှာမောင်း တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူသုံးဦး သေဆုံးပြီး ဒါဇင်များစွာ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ကယ်ဆယ်‌ရေးသမားတွေက ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။

“ကံမကောင်းစွာနဲ့ပဲ လူနာသုံးယောက်ကို ကျွန်မတို့ အကူအညီမပေးနိုင်ခဲ့ပါဘူး” လို့ ပြည်တွင်း ကယ်ဆယ်ရေးအေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟက်ဒ်ဗစ်ကာ ခရိုပက်ကိုဗာက အေအက်ဖ်ပီကို ပြောပါတယ်။

ဒဏ်ရာရရှိခဲ့သူပေါင်း ၆၃ ဦးကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် ၁၀ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ခရိုပက်ကိုဗာက ပြောပါတယ်။

“ညပိုင်းမှာ ဒဏ်ရာတွေ ရခဲ့ပြီး ကျွန်မတို့ဆီ နောက်ကျမှ အကူအညီလှမ်းတောင်းခဲ့သူတွေကို ခု ကူညီပို့ဆောင်ပေးနေပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။

လက်ရှိအချိန်အထိ ကယ်ဆယ်ရေးသမားတွေဟာ လေဆင်နှာမောင်း တိုက်သွားတဲ့ နေရာတစ်ချို့မှာ အပျက်အစီး အစုအပုံတွေကြားထဲ ရှာဖွေမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။

သြစတြီးယားနဲ့ ဆလိုဗက်ကီးယားနိုင်ငံတို့ရဲ့ ကယ်ဆယ်ရေးသမားတွေလည်း ကူညီလုပ်ဆောင်ပေးခဲ့သလို အဆိုပါ ဒေသမှာ ချက်စစ်တပ်ကိုလည်း ဖြန့်ကျက်ထားခဲ့ပါတယ်။

ဟိုဒိုနင် အပါအ၀င် မြို့ရွာတစ်ချို့မှာ လေဆင်နှာမောင်းတိုက်ခတ်မှုအပြင် တင်းနစ် ဘောလုံးအရွယ်အစားရှိ မိုးသီးတွေ ကြွေခဲ့တယ်လို့ သိရပြီး အဆိုပါ ပြင်းထန်ရာသီဥတုကြောင့် အငြိမ်းစားဂေဟာတစ်ခုနဲ့ ပြည်တွင်းတိရစ္ဆာန်ရုံတစ်ခုတို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လေဆင်နှာမောင်းကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့သလို ယာဥ်ကြောပိတ်ဆို့မှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ ချက်နိုင်ငံရဲ့ မြို့တော် ပရာ့ဂ် နဲ့ ဆလိုဗက်ကီးယားနိုင်ငံရဲ့ မြို့တော် ဘရာတီဆလာဗာတို့ကို ချိတ်ဆက်ထားတဲ့ အဓိက ကားလမ်းတစ်ခုမှာလည်း ဓာတ်တိုင်တွေ လဲကျမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဇွန်လ ၂၅ ရက် မနက်ပိုင်းအထိ အိမ်ထောင်စုပေါင်း ၇၈,၀၀၀ နဲ့ ကုမ္ပဏီလုပ်ငန်းတွေမှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly