အကြမ်းဖက်စစ်ကောင်စီယာဉ် ၃ စီးမိုင်းမိ အကျအဆုံးရှိ

အကြမ်းဖက်စစ်ကောင်စီယာဉ် ၃ စီးမိုင်းမိ အကျအဆုံးရှိ

ဇွန် ၂၅

ပုလဲမြို့နယ်အနောက်ဘက်က နဂါးမတောင်မှာ စစ်‌ကောင်စီတပ် စစ်ကားသုံးစီး မိုင်းမိ‌ကာ အကျအဆုံးရှိတယ်လို့ သိရပါတယ်။ 

ဒီကနေ့ဇွန်က ၂၅ ရက်၊ မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ မုံရွာနယ်ဘက်ကနေ ပုလဲနယ်ဘက်ကို တက်လာတဲ့ စစ်ကားယာဉ်တန်း ၅၆ စီး ထဲက သုံးစီးမိုင်းထိခဲ့တာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံတစ်ဦးက မဇ္စျိမကိုပြောပါတယ်။ 

“မနက်က စစ်ကောင်စီကားတွေတက်တဲ့လာအချိန်မှာ၊ ကျွန်တော်တို့ခရိုင်ညီအစ်ကိုတပ်တွေထောင်ထားတဲ့မိုင်းမိတာပါဗျ၊ မြေပြင်က သတင်းပို့လာလို့ အတည်ပြုလို့ရပါတယ်” လို့သူကဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယင်းမပင်နယ်၊ပုလဲနယ်ဘက်တွေမှာ မကြာခနဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။ 

ဘန့်ဘွေးရွာအနောက်ဘက်နဲ့ တရော်ကျင်းကျေးရွားကြားမှာ တစ်ကြိမ်၊ တရော်ကျင်းကျေးရွာထဲမှာတစ်ကြိမ် စုစုပေါင်း တိုက်ပွဲနှစ်ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ၃၀ ယောက်လောက်ကျပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦး ကျဆုံးခဲ့တယ်လို့  PDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ 

ဇွန်လ ၂၂ ရက် မုံရွာမြို့ရဲ့ ၁၆ မိုင်အကွာ မုံရွာ-ကလေးဝ-ယာကြီး လမ်းပေါ်က တရော်ကျင်းကျေးရွာကို စစ်ကောင်စီတပ်သားအင်အား ၃၀ ခန့် ဝင်ရောက်ပြီး ဖျက်ဆီးနေချိန် မုံရွာဘက်က စစ်ကူတက်လာတဲ့ စစ်ကားတွေကို PDF က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ ဘန့်ဘွေးရွာရဲ့ အနောက်ဘက်တစ်မိုင်ခန့်အကွာ  ဖန်းခါးချောင်းနားအရောက်မှာ စစ်ကူတက်လာတဲ့ စစ်ကားမိုင်းမိပြီး စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့လဲ ဆိုပါတယ်။ 

"ထိတွေ့တိုက်ပွဲဖြစ်တုန်းကတော့ အင်အား ၄၅ ဝန်းကျင်လောက်နဲ့သူတို့ဘက်က တက်လာတယ်၊ စစ်ကားအကြီးတွေနဲ့ တကယ်ရှေ့တန်းထွက်တဲ့အတိုင်းပဲဗျာ၊ ပြောရမယ်ဆိုရင် ကားကို နောက်ချန်ပြီး ခြေလျင်ဆင်းရှောက်လာကြတာဗျ။” လို့ ဆိုပါတယ်။  

သုံးနာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့တဲ့တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်သားတွေဟာ ဘန့်ဘွေးအုပ်စု၊ ထန်းဇင်တောပြင်က နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

အေးအေးချမ်းချမ်းနေထိုင်ကြတဲ့ ကျေးရွာတွေကို ခုလို ဝင်ရောက်ပစ်ခတ်၊ ဖျက်ဆီးမှုတွေအတွက် စစ်ကောင်စီတပ်တွေကို ရှိတဲ့လက်နက်နဲ့ တိုက်ထုတ်သွားမယ်လို့ ဒေသခံ PDF အဖွဲ့ဝင် တစ်ဦးကပြောပါတယ်။ 

“သူတို့တက်လာရင် တက်လာသလို ကျွန်တော်တို့ကရှင်းမှာပဲ၊ ကျွန်တော်တို့က မတရားမှုကို မလိုချင်တဲ့သူတွေဗျာ၊ ဒီထဲမှာ ကျောင်းသားတွေလဲပါတယ်၊ ပြည်သူလူထုတွေလဲပါတယ်၊ မတရားမှုလာလုပ်တာကိုတော့ ခေါင်းငုံ့မခံနိုင်ဘူး၊ ရတဲ့နည်းနဲ့ဖီဆန်တော်လှန်နေမှာပါ” လို့ဆိုပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့လဲ ယင်းမပင်ခရိုင်နဲ့ ပုလဲမြို့နယ်အတွင်းက မုံရွာ-ကလေးဝ-ယာကြီး ကုန်းလမ်းကြောင်းနဲ့ ချင်းတွင်းမြစ်ထဲက ရေလမ်းကြောင်းတွေကို မလိုအပ်ပဲ မသွားကြဖို့ တောင်းဆိုထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly