နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ ဇွန် ၂၀၂၁)
(Photo : : AFP - ဇွန်လ ၂၄ ရက် ၊ မန္တလေးမြို့ရှိ ဒေသခံပြည်သူများ၏ ဆေးရောင်စုံFlareများကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့ဝင်နှင့် စစ်အုပ်စုယန္တရားများတွင် ပါဝင်သူ၊ စစ်အုပ်စုအား နည်းလမ်းတစ်ခုခုဖြင့်ထောက်ပံ့သူ၊ သတင်းအချက်အလက်စုဆောင်းပေးပို့သူနှင့် လက်နက်၊ ရိက္ခာသယ်ယူပေးသူများအား အရပ်သားအဖြစ် မသတ်မှတ်ထားဘဲ မလိုအပ်သည့် ထိခိုက်မှုများ မဖြစ်ပေါ်စေရန်အတွက် ယင်းအရပ်သားမဟုတ်သူများနှင့် အဝေးတွင်သာ နေထိုင်ကြ ရန် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ - ဖ.ဆ.လ.တ က ထုတ်ပြန်ထားသည်။ 

• “သွေးမအေး အရှုံးမပေးတဲ့ မြောက်ဥက္ကလာသပိတ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ လွှင့်ထူကာ မြောက်ဥက္ကလာပ မြို့နယ်နေ လူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံနှင့် ဇေယျာသီရိလမ်းတစ်ဝိုက်တွင် စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက်ပိုင်း က အင်အားအများအပြားဖြင့် တားဆီးစစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ဇေယျာသီရိလမ်းအား သံတန်းများဖြင့် ပိတ်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းကို စစ်အုပ်စုလက်အောက်ခံ တရားရုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။ 

• စမ်းချောင်းမြို့နယ် ပင်မသပိတ်စစ်ကြောင်းကလည်း သာကေတမြို့နယ်တွင်းရှိ စျေးတစ်ခုတွင် စစ်အာဏာရှင်စနစ် အပြီး တိုင်ပျက်သုန်းရေး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုက ဆန္ဒပြပြည်သူများအား ဖမ်းဆီးနှိပ်စက်ရာတွင် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးအား မြေမြုပ်သတ်ပစ်မည်ဟုဆိုကာ လည်ပင်းအထိ မြေမြုပ်နှိပ်စက်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ - HRW က ထုတ်ပြန်ထားသည်။

• အမျိုးသားညီညွတ်ရေးအစိုးရ - NUGသည် တော်လှန်ရေးအစိုးရပီသရန် အထူးလိုအပ်နေပြီး လူမျိုးစုများ၊ လူငယ်အင်အားစုများ၏ သဘောထား၊ အကြုံပြုချက်နှင့် လိုလားချက်များကို အလေးထားဆွေးနွေးပေးရန် လိုအပ်နေကာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည် ပြည့်စုံကောင်းမွန်သည့် အင်အားစုအဖြစ် NUG နှင့် အပြန်အလှန် ပြည့်ဝစွာ ထိန်းကြောင်းကြောင်း ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ ၁၆ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ထား သည်။ 

• ရန်ကုန်မြို့လယ် ပန်းဆိုးတန်းကုန်းတံတားပေါ်တွင် သံဃာတော်တစ်ပါးက "လက်နက်မဲ့ပြည်သူများအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်သည့် စစ်ကောင်စီနှင့် ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းများအား ဗုံးဖောက်သည့် မည်သည့်အဖွဲ့အ စည်းကိုမဆို ရှုတ်ချကြောင်း" ရေးသားထားသည့် စက္ကူစာရွက်ကြီးကိုင်ဆောင်ကာ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တာမွေမြို့နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီအချို့အား စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက် စစ်ဆေးမှုပြုလုပ်ခဲ့ရာ ညနေ ၄ ကျော်ကလည်း သီတာလမ်းထိပ်ရှိ ဗလီအား ဝင်ရောက်စစ်ဆေးခဲ့ကာ မည်သည့်အတွက် ကြောင့်ဆိုသည်ကိုမူ မသိရသေးပေ။ စစ်အုပ်စုလက်နက်ကိုင်များက တာမွေမြို့နယ်တွင်းရှိ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံအနက်ဘက်ရှိ ဆရာဝန်စာသင်ဆောင်တွင်လည်း အင်အားအများအပြားဖြင့် ဝင်ရောက်တပ်စွဲထားလျက်ရှိသည်။ 

• စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ တော်လှန်ရေးပန်းခြံရှေ့တွင် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးအတားအဆီးများ ချထားကာ ဦးဝိစာရလမ်းပေါ်ရှိ Blazon ကွန်ဒိုတွင်လည်း နေရာအနှံ့၌ သဲအိတ်များချကာ လုံခြုံရေးယူထားလျက်ရှိသည်။ 

မန္တလေးတိုင်းဒေသကြီး

• မိတ္ထီလာမြို့နယ်၊ ဂွေးတောက်ကုန်းကျေးရွာအနီးတွင် ယမန်နေ့ည ၈ နာရီခွဲခန့်က သတ္တမတန်းကျောင်းသူတစ်ဦးအား အမည်မသိ သေနတ်သမား သုံးဦးက သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့သဖြင့် ပေါင်တွင် ဒဏ်ရာရရှိခဲ့သည်။ 

• မန္တလေး ကနောင်အင်စတီကျုရုံးတွင် ကိုဗစ်-၁၉ ကြောင့် ဆေးကုသမှု ခံယူနေရသည့် CDM လုပ်နေသူ ဗိုလ်စိုးဝေလှိုင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးနှင့် ကနောင်အင်စတီကျုရုံးမှ ဝန်ထမ်းနှစ်ဦးကို စစ်အုပ်စုလက်နက် ကိုင်များက ဇွန်လ ၂၁ ရက် ည ၁၁ နာရီဝန်းကျင်က ဝင်ရောက်ဖမ်းဆီးသွားကာ နန်းတွင်းတပ် စစ်ကြောရေး၌ ထိန်းသိမ်း ထားသည်ဟု သိရသည်။ 

• မန္တလေးတွင် အဖမ်းအဆီးများရှိကာ လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် မန္တလာတက္ကသိုလ်ကျောင်းသား/သူများသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• မန်းမြို့ခံတချို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများတွင် NUG နှင့် PDF အား ထောက်ခံကြောင်းနှင့် စစ်အာဏာ ရှင်စနစ် အလိုမရှိကြောင်း စာများ ရေးကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း "မယိုင်လဲတဲ့ တပ်ပေါင်းစု - ခိုင်မြဲတဲ့ တပ်ပေါင်းစု" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် မဟာအောင်မြေလူထုနှင့် ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းတို့ ပါဝင်သည်။

• စစ်အုပ်စုက မြို့ပေါ်တွင် ကင်းလှည့်မှုများ ရှိသည့်ကြားကပင် လေးပြင်ရပ်သံဃာများ စုဖွဲ့ထားသည့် သံဃသမဂ္ဂသပိတ်စစ် ကြောင်းကလည်း လမ်းများပေါ်တက်ကာ ဖမ်းဆီးထားသည့် ခေါင်းဆောင်များ လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပစ်ခတ်မှုများနှင့် ပတ်သက်၍ စစ်အုပ်စု၏ လုပ်ရပ်မှာ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများအား ချိုးဖောက်လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲကိစ္စများအားလုံးအတွက် စစ် အုပ်စုအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု NUG အစိုးရက ထုတ်ပြန်လိုက်သည်။ 

• မန္တလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ထွန်းတောက်နိုင် ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် "မိဘပြည်သူများခင်ဗျား...ကျနော်တို့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ထွန်းတောက်နိုင်ဟာ ကျနော်တို့နဲ့အတူရှိနေပါတယ်..လတ်တလော ကျနော်တို့ အဖွဲ့အနေဖြင့်လုံခြုံရေးပိုင်းဆိုင်ရာ အခက်အခဲတချို့ကို ကိုင်တွယ်ဖြေရှင်းနေရတဲ့အတွက် page ကိုခတ္တခဏ unpublish လုပ်ထားခြင်းဖြစ်ပါတယ်..မကြာခင်အချိန်မှာ ကျနော်တို့ကြုံတွေ့ခဲ့ရသော ဖြစ်စဉ်များနှင့် ပါတ်သက်၍ ထုတ်ပြန်သွားပါမည်..အရေးတော်ပုံအပေါ်မှာ ထားရှိတဲ့ ကျနော်တို့ရဲ့ သစ္စာတရားအပေါ်မှာ ဘယ်တော့မှ ဖောက်ပြန်သွားမှာမဟုတ်ပါဘူး။ပြည်သူနဲ့အတူ ဒီအရေးတော်ပုံကို အောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ" ဟု PDF-MDY က ထုတ်ပြန်ထားသည်။ 

• မန္တလေးတွင် ပစ်ခတ်မှုများ ဖြစ်ခဲ့သည့် အောင်ပင်လယ်ဘက်တွင် ညပိုင်းပစ်ခတ်မှုများပါ မရှိတော့သော်လည်း စက်မှုနှင့် ပြည်ကြီးတံခွန်ဘက်တွင်မူ စစ်အုပ်စုလက်နက်ကိုင်များက အင်အားအများအပြားဖြင့် ယနေ့ ညနေပိုင်းအထိ ကင်းလှည့်မှု များ ဆက်လုပ်နေဆဲ ဖြစ်ကြောင်း မန်းမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ မြို့တွင်းပိုင်းတွင်မူ အစစ်အဆေး အနည်း ငယ်သာ ရှိသည်ဟုလည်း ဆိုသည်။ 

• မြင်းခြံမြို့နယ်၊ ခေါင်းကွဲကျေးရွာနေ ပြည်သူခြောက်ဦးအား ဇွန်လ ၂၀ ရက်က စစ်အုပ်စုက ဖမ်းဆီးထားရာ ပြန်လည်လွတ် မြောက်လာပြီ ဖြစ်ကာ မြို့ပေါ် အ.ထ.က (၂) ကျောင်းရှေ့တွင်လည်း စစ်အုပ်စုလက်နက်ကိုင်များက ဆိုင်ကယ်တူးဘောက် နှင့် ဖုန်းများအား စစ်ဆေးလျက်ရှိသည်။ 

• မြင်းခြံမြို့နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းစာများအား ရောင်စုံစက္ကူများပေါ်တွင် ရေး၍ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ပြည်ခရိုင်၊ သဲကုန်းမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ဖွဲ့စည်းလိုက်ပြီဖြစ်ကာ စစ်အုပ်စုလက်အောက်တွင် အလုပ် လုပ်နေသည့် Non CDM သမားများနှင့် သတင်းပေးဒလန်များ ဇွန်လ ၃၀ ရက်တွင် မြို့မှ နောက်ဆုံးထား ထွက်သွားပေးရန် သတိပေးထားသည်။ 

• သဲကုန်းမြို့နယ်တွင်းရှိ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ ဝက်ပုတ်နှင့် အင်းမမြို့များရှိ စျေးများနှင့် နေအိမ်များတွင် စည်ပင် သို့ ပေးဆောင်ရမည့် အခွန်အခများအား ပေးဆောင်ရန် စည်ပင်ဝန်ထမ်းများကိုယ်တိုင် လိုက်လံဖိအားပေး ပြောဆိုလျက်ရှိ ကာ အခွန်မပေးဆောင်သည့် စျေးဆိုင်ခန်းများကို ဖယ်ရှားမည်ဟုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသည်။ 

• ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ မုန်း-ကျောက်ကြီးလမ်းတွင် စစ်အုပ်စုလက်နက်ကိုင်များက အောင်းလောင်းစိန်၊ ကျွန်းပင်ဆိပ်စခန်းတို့တွင် ဝါးလုံးတားဂိတ်များ ချထားကာ ဖြတ်သန်းသွားလာသည့်သူများအား စစ်ဆေးခြင်းများ ပြုလုပ် နေသည့်အပြင် အချို့သူများအား ဖြတ်သန်းခဟုဆိုကာ ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်အထိ တောင်းယူမှုများ ပြုလုပ် လျက်ရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။ 

• ဒိုက်ဦးမြို့နယ်နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များ ကိုင်ဆောင် ကာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• ဘိုကလေးမြို့နယ်တွင် စစ်အုပ်စုလက်အောက်ခံ ရေတပ်က တရားမဝင်ငါးဖမ်းသင်္ဘောများထံမှ ငွေကြေးရယူကာ ငါးဖမ်းခွင့်များ ပေးနေကြောင်း ဒေသခံ ရေလုပ်ငန်းရှင်များထံက သိရသည်။ 

• မအူပင်မြို့ အ.ထ.က (၁) ကျောင်းတွင် ကျောင်းဆရာမတစ်ဦး ကိုဗစ်ကူးစက်ခံခဲ့ရသော်လည်း အဆိုပါကျောင်းအား ဆက်လက်ဖွင့်ထားဆဲဖြစ်သည်။ 

• ဖျာပုံမြို့နယ် (၁၂) ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့နေ့လယ် ၂ နာရီခွဲကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း စစ်အုပ်စုလက်နက်ကိုင်များက လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် အဆိုပါရုံးနောက်ဘက်ရှိ အ.ထ.က (၁) ကျောင်းမှ ကျောင်းတက်နေသည့် ကျောင်းသား/သူများကိုလည်း ပြန်လွှတ်မှုများ ပြုလုပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကလေးမြို့၊ ဆည်တောနှင့် ကဘာနီအကြား ဘုတ်ချောင်း (မြောက်ချောင်း) မှစ၍ ချင်းတောင်ဘက်သို့ တက်ရောက်သည့် လမ်းများတွင် စစ်အုပ်စုဘက်က နင်းမိုင်းများ ထောင်ထားမှုများ ရှိသည်ဟု သိရသည်။ 

• ကလေးမြိုံ၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၆) တွင် နေထိုင်သူ ဆလိုင်းငွန်နေပြန်ဆိုသူအား ယမန်နေ့ည ၈ နာရီခန့်က တောင်ဖီလာဝန်ထမ်းအိမ်ရာအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားခဲ့ ကာ ယနေ့နံနက်ပိုင်းတွင် အသုဘအမ်းအနား ပြုလုပ်ခဲ့သည်။ 

• ကလေးမြို့ ဆိပ်ကမ်းသာတံတားအနီး အိမ်တစ်အိမ်တွင် ယနေ့ နံနက် ၈ နာရီခန့်က စစ်ကားသုံးစီးဖြင့် စစ်အုပ်စုလက်နက် ကိုင်များ ရောက်လာကာ အသက်မပြည့်သေးသည့် ၁၄ နှစ်အရွယ် Thang Gin Hang၊ ၁၆ နှစ်အရွယ် Mang Kim Khoul၊ အသက် ၁၇ နှစ်အရွယ် Thang Biek Lien နှင့် အသက် ၂၇ နှစ်အရွယ် ဦးလေးဖြစ်သူ Suon Lam Khai တို့အား ဖမ်းဆီးခေါ် ဆောင်သွားသည်။ ၎င်းတို့ ဖမ်းဆီးခံရခြင်းမှာ ယခင်ရက်များက ဖမ်းဆီးခံထားရသည့် မောင်ကျော်မင်းခန့်မောင်နှင့် ဆက် စပ်၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ အဆိုပါလူငယ်မှာလည်း စစ်ကြောရေးတွင် အပေါ်ဘက်သွားအချို့ ကျိုးသည်အထိ ရိုက်နှက် စစ်ဆေးခံထားရကြောင်း ကလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် မဖြစ်မနေ အပြင်ထွက်သူကလွဲ၍ လမ်းပေါ်လူမစုနိုင်သည့်အချိန်တွင် စစ်အုပ်စုဘက်က အင်အားအ နည်းငယ်သုံးကာ ပိုက်စိတ်တိုက် လိုက်လံဖမ်းဆီးနေခြင်းလည်း ဖြစ်သည်။ 

• ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် မြို့ပေါ်တွင် လူမရှိသလောက် ဖြစ်နေချိန်တွင်ပင် မြို့ခံလူငယ်များက သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မုံရွာမြို့၊ လယ်ဇင်ကျေးရွာတွင် ယမန်နေ့က စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ခံရသည့် နေအိမ်တစ်ခုအား မျက်နှာဖုံးစွပ်လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၂၃ နှစ်အရွယ် မသူသုငြိမ်း သေဆုံးခဲ့ပြီးနောက် စစ်အုပ်စုလက်နက် ကိုင်များက အင်အား ၁၅၀ ခန့်ဖြင့် ရွာအတွင်း ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

• မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက မြို့လယ်လမ်းမကြီးများပေါ်အထိ တက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တန့်ဆည်မြို့နေ လူငယ်များကလည်း ကျေးရွာများအထိ လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော်၍ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့သည်။ 

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း လူအင်အားရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• စစ်ကိုင်းတိုင်းအတွင်းရှိ စစ်အုပ်စုသတင်းပေး ၂၇ ဦးအား ဇွန်လ ၂၀ ရက်မှ ၂၃ ရက်အတွင်း ရှင်းလင်းခဲ့ကြောင်း နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ဒလန်ရှင်းလင်းမှု ၃၂ ခုတွင် ၂၄ ခုအား ထိရောက်အောင်မြင်စွာ လုပ်နိုင်ခဲ့ ကာ ကျန် ရှစ်ခုတွင် ဒလန်များမှာ ကလေးနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအနီးတွင် နီးနီးကပ်ကပ်ရှိနေသည့်အ တွက် ခြောက်လှန့်ရုံသာ လုပ်ဆောင်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ကျန်ရှိနေသည့် ဒလန်ပစ်မှတ်များနှင့် ပစ်မှတ်အသစ်များကိုလည်း ဆက်လက်သုတ်သင်သွားမည်ဟုလည်း ကြေညာထားသည်။ 

• ဘုတလင်မြို့နယ်တွင်လည်း သံဃာတော်များ ဦးဆောင်သည့် ပြည်သူ့သပိတ်စစ်ကြောင်းကလည်း မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

• မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးအောင်မိုးညိုအပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်အချို့နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့အား စစ်အုပ်စုက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုလိုက်သည်။ 

• ဂန့်ဂေါမြို့နယ်တွင်း ကျေးရွာများတွင်လည်း ဒေသခံများက ယနေနံနက် ၇ နာရီခန့်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ပွင့်ဖြူမြို့နယ်၊ ရှားတောရွာတွင် သတင်းပေးဒလန်များက တိုင်ကြားမှုဖြင့် ကိုညီညီအောင်ဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးသွားသည့်အပြင် ရွာခံ ဒေါက်တာကျော်ခိုင်ဦးနှင့် ဦးဟန်ငြိမ်းတို့ ၏ နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်သွားခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ်တွင်းရှိ ကျေးရွာများမှာ နည်းပေါင်းစုံဖြင့် စစ်အာဏာရှင်ကို အာခံတော်လှန်လျက်ရှိရာ ယနေ့နံနက်ပိုင်းကလည်း ကြက်ယက်တွင်း၊ နတ်စင်ရှောင်၊ မိန်းမချောနှင့် ပြင်ချောင်းကျေးရွာများမှ လူငယ်များ စုပေါင်းကာ "အမှိုက်ကောက်ရင်း အာဏာရှင်ကို တော်လှန်မည်" ဟု ရေးသားထားသော ဆိုင်းဘုတ်များ လွှင့်ထူကာ အမှိုက်ကောက်သပိတ် ပြု လုပ်ခဲ့သည်။ 

• လောင်းလုံမြို့နယ် မောင်းမကန်၊ ကဒက်ငယ်ဆိပ်၊ ရေဖြူ၊ ညင်းမော်၊ စစ်ပြဲ စသည့် ကျေးရွာများတွင်လည်း သပိတ်စစ်ကြောင်းများထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လောင်းလုံမြို့နယ် သဗျာနှင့် ပဥ္စသီမော်ကျေးရွာနှစ်ခု စုပေါင်းသပိတ်စစ်ကြောင်းကလည်း ကျေးရွာတွင်းလှည့်လည်၍ "ငါတို့ငြိမ်သက်သွားမှာ မဟုတ်ဘူး" ဟု ကြွေးကြော်က စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်ထွေးအား စစ်အုပ်စုလက်နက်ကိုင်များက မတ်လ ၁၀ ရက်က ထားဝယ်မြို့သစ် (၄) လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀၅ (က) အပြင် လိုင်စင်မဲ့ကားမောင်းနှင် မှုဖြင့် စုစုပေါင်း ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်သည်။ 

• ထားဝယ်မြို့ခံ ကျောင်းသားသပိတ်စစ်ကြောင်းကလည်း ကျောင်းများရှေ့တွင် "စစ်ခွေးသွေးနဲ့ ခြေဆေးမယ်" ဟု ပိတ်စအဖြူပေါ်တွင် အနီရောင်ဖြင့် ရေးသားကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဇွန်လ ၁၅ ရက်နှင့် ၂၀ ရက်တို့က ဖမ်းဆီးခံရသည့် ဒေသခံငါးဦးအနက် မြသီတာရပ်ကွက်နေ ကိုပြည့်စုံဖြိုးနှင် ဗိုလ်ချုပ်ရပ်ကွက်နေ မခိုင်ဆုသွယ် (ခ) ဖွေးဖွေးတို့ကို ပြန်လွှတ်လိုက်ပြီဖြစ်သော်လည်း ၎င်းတို့ ဖခင်များဖြစ်သည့် ဦးညီညီလွင်နှင့် ဦးမင်းလွင်၊ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသူ ဗိုလ်ချုပ်ရပ်ကွက်နေ ကိုမြတ်သူရိန်အောင် (ခ) ရွှေအိုင်းတို့အား ထားဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ထိန်းသိမ်းထားသည်။ 

• မြိတ်အကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များက ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရကာ မတရားထောင်ချခံထားရသူများအား တစ်နေ့လျှင် ၈ နာရီနှုန်းဖြင့် အလုပ်ကြမ်းခိုင်စေမှုများ ပြုလုပ်လျက်ရှိသည်။ 

ကချင်ပြည်နယ်

• ချီဖွေမြို့နယ်ဆေးရုံတွင် CDM ပြုလုပ်နေသည့် ပြည်နယ်သူနာပြုဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွမ်းညွှယ်အား ဆေးရုံရှိ Non CDM ဆရာမများ တိုင်ကြားမှုကြောင့် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ည ၈ နာရီခွဲက လာရောက်ဖမ်းဆီးသွားသည်။ 

• မိုးညှင်းမြို့နယ် နားခါတောင်နှင့် ရေလယ်ကျွန်းရပ်ကွက်တို့တွင် ယမန်နေ့ည ၈ နာရီခွဲခန့်က စစ်အုပ်စုလက်နက်ကိုင်များက သေနတ်များ ပစ်ဖောက်ကာ တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးမှုကြောင့် လူငယ်နှစ်ဦး ဖမ်းခံခဲ့ရသည်။ 

• မိုးညှင်းမြို့တွင် ယနေ့နံနက် ၈ နာရီခန့်က ယမန်နေ့က ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်ပြုလုပ်မှုတွင် ပါဝင်သည်ဟုဆိုကာ အသင်တန်းဆရာတစ်ဦးဖြစ်သူ မောင်ဝေယံမျိုး (ခ) မျိုးမျိုးအား အကသင်နေသည့်နေရာတွင်ပင် စစ် အုပ်စုလက်နက်ကိုင်များက လာရောက်ဖမ်းဆီးသွားသည်။ 

• ဝိုင်းမော်မြို့တွင် ယမန်နေ့ညပိုင်းက ဧရာဝတီမြစ်ပေါ်ရှိ ဗလမင်းထင်တံတားအနီး စုပေါင်းဂိတ်အား ကချင်လွတ်မြောက်ရေးတပ် မတော် - KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

• ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာတွင် ယနေ့နက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ကျေးရွာအတွင်းလှည့်လျက်လုံခြုံရေးယူထားကာ ခတ်ချိုကူးတို့ဆိပ်တွင်လည်း ခရီးသည်တင်စက်လှေများ ဖြတ်ကူးခွင့်ကို ယာယီပိတ်ထားခဲ့သည်။ 

• ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားတွင် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နှင့် စစ်အုပ်စုတပ်များအကြား တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေကာ စစ်ရေးအရှိန် မြင့်လာနိုင်သည့်အတွက် တိုက်ပွဲသံများအား နားစွင့်ပေးထား ရန် KIA ဘက်က ပြောဆိုထားသည်။ 

• မိုးကောင်းမြို့နေ ပြည်သူများကလည်း "ငါတို့ရဲ့ မနက်ဖြန် အာဏာရှင်မရှိစေရ"၊ "တရားသောစစ် အောင်မြင်ပါစေ" ဟု ရေး သားထားသော စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။ 

• ပူတာအိုမြို့နယ်၊ ပမ္မတီးအုပ်စု၊ နမ်ရှယ်ကျေးရွာတွင် ပူတာအို ဌာနေပြည်သူ့စစ်အဖွဲ့က "ငါတို့ ပူတာအိုဟာ စစ်တပ်ဘက်က မားမားမတ်မတ် ရပ်တည်သည်" ဟု ပြောဆိုကာ တစ်အိမ်လျှင် တစ်ယောက်နှုန်းဖြင့် ပြည်သူ့စစ်အဖွဲ့တွင် ဝင်ရောက်ရမည် ဟုဆိုကာ အတင်းအဓမ္မ နာမည်စာရင်း ကောက်ယူလျက်ရှိသည်။ 

• ဖားကန့် ဟောင်ပါးအုပ်စု ပြည်သူများက ကျေးရွာတွင်းတံတားပေါ်တွင် "သူပုန်ကျောင်းအုပ် အလိုမရှိကြောင်း" ရေးသားစိုက်ထူထားသည့် ဆိုင်းဘုတ်အား စစ်အုပ်စုနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက အိမ်စီးကား နှစ်စီ၊ အင်အား ၁၀ ဦးကျော်ဖြင့် လာရောက်ဖျက်ဆီးသွားသည်။ 

• ဖားကန့်၊ လုံးခင်းနေ ပြည်သူများက စစ်အုပ်စုလက်နက်ကိုင်များ လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကယားပြည်နယ်

• ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်အုပ်စုဘက်က ကျေးရွာများအတွင်း မိုင်းထောင်ခြင်း၊ တပ်စွဲထားခြင်းများကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ နည်းပါးလာလျက်ရှိကြောင်း သိရသည်။ 

ကရင်ပြည်နယ်

• ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများအား စစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေးဌာနက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရကာ နိုင်ငံခြားအထောက်အပံ့ရယူထားမှု ရှိ၊ မရှိအား အဓိကထား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

• ကရင်မြောက်ပိုင်း၊ ဖာပွန်ခရိုင်တွင် စစ်ရေးပဋိပက္ခများ ရှိနေသေးသည့်အတွက် ဒေသခံပြည်သူ ၄၀၀၀ ကျော်မှာ လှိုင်းဘွဲ့ မြို့နယ်၊ မြိုင်ကြီးငူဒေသဘက်သို့ တိမ်းရှောင်နေရကြောင်း သိရသည်။ 

ချင်းပြည်နယ်

• ချင်းပြည်နယ်၊ ကန်ပက်လက်တွင် တိုက်ပွဲများမရှိတော့သော်လည်း နေရပ်မပြန်ရဲဘဲ ဖြစ်နေသည့် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော် ရှိနေသေးသည်ဟု သိရသည်။ ချင်းပြည်နယ်တစ်ခုလုံးတွင်မူ စစ်ရှောင်ပြည်သူ ၄၀၀၀၀ ကျော် ရှိသည်။ 

မွန်ပြည်နယ်

• ကိုဗစ်ကူးစက်မှုသတင်းအား အမှောင်ချထားသည့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုပါချုပ်တို့အား အရေးယူပေးရန်အတွက် မော်လမြိုင်တက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီက NUG အစိုးရထံ တိုင်ကြားထားသည်။ 

• ပေါင်မြို့နယ် လူငယ်များကလည်း နေ့စဉ်မပျက် ပုံစံမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိရာ ယနေ့တွင်လည်း ပြောက်ကျား သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရှမ်းပြည်နယ်

• ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်အချို့ ဇွန်လ ၂၀ ရက်က ဖမ်းဆီးခံရပြီးနောက် ဇွန်လ ၂၂ ရက်တွင် စုဆောင်းထားသည့် လက်နက်၊ စားနပ်ရိက္ခာနှင့် ဆက်စပ်ပစ္စည်းများအား စစ်အုပ်စုက သိမ်းဆည်းသွားကြောင်း တောင်ကြီး PDF က ထုတ်ပြန်ထားသည်။ 

• သီပေါမြို့တွင် ယမန်နေ့ည ၉ နာရီကျော်က မြန်မာရပ်ကွက်ရုံးအနီး လက်ဖက်ရည်ဆိုင်အနီးတွင် စစ်အုပ်စုက သေနတ်ဖြင့် ပစ်ခတ်သဖြင့် အောင်မင်းဆိုသူ တစ်ဦးမှာ ကျည်ထိမှန်၍ ဆိုင်ကယ်တိမ်းမှောက်ကာ ဦးခေါင်းပွင့် သေဆုံးခဲ့သည်ဟု သိရသည်။ 

ရခိုင်ပြည်နယ်

• စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ ဓူဝံလမ်းနေ အသက် ၅၂ နှစ်အရွယ် ဦးညွန့်စိုးအောင် (ခ) ဦးမဲကလောင်အား ဇွန်လ ၁၉ ရက်ညပိုင်းက အမည်မသိလူတစ်စုမှ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့ခြင်းမှာ ရခိုင်လွတ်မြောက်ရေးတပ်မတော် - ALA ၏ လက်ချက်မဟုတ်ကြောင်းနှင့် အမှုမှန်ပေါ်ရေးအတွက် ကြိုးပမ်းဖော်ထုတ်မည်ဟု ထုတ်ပြန်ထားသည်။ 

• ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာအုပ်ချုပ်ရေးရုံးမှာ ဇွန်လ ၂၁ ရက် ည ၈ နာရီကျော်အချိန်က မီးရှို့ခံခဲ့ရသည်။ 

နေပြည်တော်

• နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်စာသင်တိုက်တွင် သံဃာအပါး ၇၀ ကျော်မှာ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရကာ ကိုဗစ် စည်းကမ်းနှင့်အညီ ပြန်ဖွင့်ပါမည်ဟု စစ်အုပ်စုက ကြေညာထားသည့် စာသင်ကျောင်းများတွင်လည်း ကျောင်းပိတ်ခြင်းမဟုတ်ဘဲ မိဘများကိုယ်တိုင် ကျောင်းမပို့ခြင်းများ ပြုလုပ်လာလျက်ရှိသည်။ စစ်အုပ်စုက ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေသည့် ဇွန်လ ၁ ရက်တွင် ကန့်ကွက်နေသည့်ကြားကပင် ကျောင်းများ ပြန်ဖွင့်ခဲ့ခြင်း ဖြစ်သည်။ 

• စစ်တပ်အာဏာသိမ်းပြီးနောက် အဆင်ခြင်မဲ့ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၈၇၇ ဦးအထိ ရှိလာနေပြီဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားသည်။ 

• စစ်အုပ်စုက အပြည်ပြည်ဆိုင်ရာ တရားရုံး - ICJ တွင် ရင်ဆိုင်နေရသည့်အမှုနှင့် ပတ်သက်၍ တရားရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းထားပြီး ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝင်းရှိန်၊ ဒုဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ ဦးကျော်မျိုးထွဋ်နှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည်။ ၎င်းတို့အနက် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းမှာ စစ်ရေးချုပ် ဖြစ်ကာ ဒေါ်သီတာဦးမှာ ယခင် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် တရားရင်ဆိုင်စဉ်က ပါဝင်ခဲ့သူဖြစ်ကာ စစ်အုပ်စုအာဏာသိမ်းပြီးချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်ခံထားရသူလည်း ဖြစ်သည်။ 

ဇွန် ၂၄ သုံးသပ်ချက်

• ရန်ကုန်တွင် လမ်းပေါ်တက် လူထုပြောက်ကျားသပိတ်များ ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က မြို့အနှံ့ လှည့်ကင်းနှင့် အထိုင်ကင်းများ ထား၍ လုံခြုံရေးတင်းကြပ်ထားကာ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီများအတွင်းသို့လည်း ဝင် ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုသပိတ်ကြီးများ ရှိနေဆဲဖြစ်ကာ စစ်အုပ်စုဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားလျက် ရှိသည်။ ကင်းလှည့်မှုများအား လမ်းကြားများအထိပင် ပြုလုပ်လျက်ရှိပြီး မြို့အဝင်အထွက်များတွင်လည်း လုံခြုံရေး တင်း ကြပ်ထားသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်သည့် မန်းမြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်း - CSO များအား စောင့်ကြည့်မှုများ ပိုတိုးလာနေကာ ညပိုင်းများတွင် ဝင်ရောက်ဖမ်းဆီးခြင်းများလည်း ရှိနေသည်။ ထို့ပြင် စစ်အုပ်စုထောက်ခံသူများဘက်က လူမှုကွန်ရက် ဖေ့ဘုတ်နှင့် တွစ်တာတို့တွင် သတင်းမှားဖြန့်ဝေမှုများ ကို ပိုတိုးလုပ်ဆောင်လာလျက်ရှိသည်။ 

• စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားလာသည့်အတွက် အသွားအလာကျဲကာ လမ်းပေါ်လူမရှိချိန်များ ၌ စစ်အုပ်စုလက်နက်ကိုင်များက အင်အားအနည်းငယ်သာ သုံး၍ ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်လာနေ သည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် လူထုသပိတ်များ အားကောင်းနေဆဲဖြစ်ကာ စစ်ကိုင်း၊ မင်းကင်းနှင့် ကနီနယ်တဝိုက်တွင်မူ စစ်အုပ်စုလက်နက်ကိုင်များက မကြာခဏဆိုသလို ကျေးရွာများအား အင်အားသုံးဝင်စီး၍ ဒေသခံများအား ရိုက်နှက်ဖမ်းဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းမျာ လုယက်ခြင်းနှင့် နေအိမ်များအား ဖျက်ဆီးခြင်းတို့ကို ဆက်လုပ် နေဆဲ ဖြစ်သည်။ 

• စစ်အုပ်စုဘက်ကတွင် မန္တလေးမြို့တွင်းတိုက်ပွဲအပြီး ကျန်မြို့ကြီးများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တိုက်ခိုက်မှု များ ရှိလာနေသည့်အတွက် လုံခြုံရေးစည်းမပေါက်ရန်အတွက် တင်းကြပ်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး - ICJ တွင် တရားစွဲဆိုခံထားရမှုကို ခုခံရန်အတွက် ကော်မတီများ ပြင်ဆင်ဖွဲ့စည်းနေကာ ထိုတရားရင်ဆိုင်မှုမှတစ်ဆင့် အစိုးရဖြစ် ကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။ စစ်အုပ်စုဘက်က ၎င်းလက်အောက်ရှိ စည်ပင်ဌာနများမှတစ်ဆင့် အခွန်အခ ရရှိ ရန်အတွက် ဖိအားပေးမှုများကိုလည်း နိုင်ငံအနှံ့ ပြုလုပ်လျက်ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required