ရုရှနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်မားလာတာကို သတိပေး 

ရုရှနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်မားလာတာကို သတိပေး 
Photo - AFP

ဇွန် ၂၄

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်မျိုးဖြစ်တဲ့ Delta ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ဖြစ်ပွားမှု မြင့်မားတာကြောင့် ရုရှနိုင်ငံဟာ ဗုဒ္ဓဟူးနေ့မှာ သတိပေးလာပါတယ်။ 

နှေးကွေးတဲ့ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်ကြောင့် ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း ရုတ်တရက် မြင့်တက်ပြီး အခြေအနေကို ပိုမိုဆိုးဝါးစေတာလည်း ဖြစ်ပါတယ်။ 

ရုရှဒေသအားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတာကို ကိုးကားပြီး ဒုတိယဝန်ကြီးချုပ် တာတီယာနာဂိုလီကိုဗာက တင်းကြပ်တဲ့ ကန့်သတ်လုပ်ငန်းစဉ်တွေနဲ့ ကာကွယ်ဆေး ထိုးနှံရေး အရှိန်မြှင့်ဖို့ကို တိုက်တွန်းပြောဆိုပါတယ်။ 

“ပြီးခဲ့တဲ့ သီတင်းပတ်က ကိုဗစ်ကြောင့် သေဆုံးနှုန်းဟာ အရင်လတွေနဲ့ နှိုင်းယှဉ်ရင် ၂၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်”လို့ ဂိုလီကိုဗာက ပြောပါတယ်။ နိုင်ငံတွင်းမှာ နေ့စဉ်နေ့တိုင်း ကူးစက်ဖြစ်ပွားမှု ထောင်ချီပြီး သေဆုံးသူ ရာနဲ့ချီ ရှိနေတာလည်း ဖြစ်ပါတယ်။ 

“အခြေအနေက ကူးစက်မှု ပေါက်ကွဲတဲ့ အခြေအနေမျိုး ဖြစ်လာပြီ”လို့ ရုရှရဲ့ ကပ်ဘေးကို တုံ့ပြန်ရေးမှာ ဦးဆောင်အခန်းကဏ္ဍက ပါဝင်နေတဲ့ မော်စကိုမြို့တော်ဝန် ဆော့ဘယန်းနင်က ဆိုပါတယ်။ 

နိုင်ငံရဲ့ ကူးစက်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်နေတဲ့ မြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ကူးစက်သူဦးရေက ၅၀၀၀၀ ကျော်ထက်မနည်းရှိပြီး ဒါဟာ ကပ်ဘေးမြင့်တက်လာမှုပဲလို့ သူက ပြောပါတယ်။ 

အိန္ဒိယကနေ ပထမဆုံး ပေါ်ထွက်ပုံရတဲ့ ကူးစက်မှု ပိုမြန်ဆန်တဲ့ Delta မျိုးကွဲဟာ မော်စကိုက အသစ်ကူးစက်ဖြစ်ပွားမှုမှာ ၉၀ ရာခိုင်နှုန်းနီးပါး ရှိနေတယ်လို့ ဆော့ဘယန်းနင်က ဆိုပါဝယ်။ 

မြို့မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေအတွက် ဆေးရုံကုတင် ၂၀၀၀၀ ရှိထားရာမှာ ထက်ဝက်ကျော်မကဟာ လူနာတွေနဲ့ ပြည့်နေပြီလို့လည်း သူက ပြောပါတယ်။ 

ရုရှအာဏာပိုင်တွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေအပေါ် သံသယရှိကြတဲ့ သာမန်ပြည်သူတွေကို ကာကွယ်ဆေး ထိုးနှံခံကြဖို့ တွန်းအားပေးတဲ့ လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်လျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly