တရုတ်၏ ပြည်ပအ‌ရေးယူပိတ်ဆို့မှု ဆန့်ကျင်ရေး ဥပဒေသစ်က စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းအကြား စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေ

တရုတ်၏ ပြည်ပအ‌ရေးယူပိတ်ဆို့မှု ဆန့်ကျင်ရေး ဥပဒေသစ်က စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းအကြား စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေ

ပြီးခဲ့သည့် သုံးနှစ်တာအတွင်း အမေရိကန်နှင့် ဥရောပသမဂ္ဂ (အီးယူ) သည် တရုတ်အရာရှိများနှင့် ကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုများကို ချမှတ်ခဲ့သည်။ ယခုအခါ တရုတ်သည် ယင်းကို ပြန်လည်တုံ့ပြန်ထိုးနှက်ရန် ဥပဒေလက်နက်သစ်တစ်ခုကို ဖန်တီးထားခဲ့ပြီ ဖြစ်သည်။

အမေရိကန်တွင်ရော၊ တရုတ်နိုင်ငံတွင်‌ရောပါ အခြေချထားသည့် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ရှေ့ဆက်လုပ်ကိုင်ရာတွင် ခက်ခဲသော ရွေးချယ်မှုတစ်ခုနှင့် ကြုံတွေ့ရနိုင်သည်။ ယင်းတို့အနေဖြင့် တရုတ်အပေါ် ချထားသော အမေရိကန်၏ အရေးယူပိတ်ဆို့မှုများအတိုင်း လိုက်နာဆောင်ရွက်ရချိန် ထိုသို့ လုပ်ဆောင်ခြင်းအတွက် ပြစ်ဒဏ်အဖြစ် တရုတ်တွင် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများနှင့် ကြုံရနိုင်သည့် အလားအလာ ရှိနေသည်။

တရုတ်အရာရှိများနှင့် အဓိကကျသည့် တရုတ်ကုမ္ပဏီများအပေါ် အမေရိကန်နှင့် အီးယူ၏ အရေးယူပိတ်ဆို့မှုများကို တန်ပြန်ရန် စီစဥ်ဖန်တီးထားသော ဥပဒေတစ်ရပ်ကို ဇွန်လ ၁၀ ရက်တွင် ပေကျင်းသည် အတည်ပြုလာခဲ့သည်။ ယင်းအောက်တွင် အမေရိကန်နှင့် အီးယူ အရေးယူပိတ်ဆို့မှုများကို စီစဥ်ခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းတွင် ပါ၀င်ပတ်သက်ထားသူများအနေဖြင့် ၎င်းတို့ ကိုယ်တိုင် သို့မဟုတ် ၎င်းတို့၏ မိသားစု၀င်များ တရုတ်တွင် ဗီဇာများ ငြင်းပယ်ခံရမှုနှင့် ကြုံတွေ့ရနိုင်သည်။ ထို့ပြင် တရုတ်တွင် ရှိနေသော ၎င်းတို့၏ ပစ္စည်း၊ ဥစ္စာ၊ မြေအဆောက်အအုံများ သိမ်းဆည်းခံရနိုင်ကောင်း နိုင်သလို တရုတ်အင်စတီကျူးရှင်းတစ်ခုနှင့်အကြား ၎င်းတို့ ကြိုးပမ်းနေသည့် မည်သည့် စီးပွားဖြစ် သဘောတူညီချက်မဆို ပိတ်ပင်ခံရနိုင်သည်။

“ခင်ဗျားတို့ဟာ လူတွေကို ဆရာလုပ် သြဇာပေးဖို့ အဆင့်အတန်း ဒါမှမဟုတ် လုပ်ပိုင်ခွင့် မရှိတဲ့အချိန်မှာ အမေရိကန်မှာ ရှိတဲ့ ခင်‌ဗျားတို့ရဲ့ ဥပဒေကြောင့် တရုတ်မှာ ခင်ဗျားတို့ ဘယ်ကိုသွားရမှန်းမသိတဲ့ အဖြစ်ကို ရောက်စေလိမ့်မယ် ဆိုတာကို ဒီဥပဒေက ပြသနေပါတယ်” ဟု တရုတ် ကူးသန်းရောင်း၀ယ်ရေးဒု၀န်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဝေ ကျန်းကော်က ပြောခဲ့သည်။ “ဒီ ဥပဒေက မောင်းတီးသံ မြည်သလိုမျိုးပါပဲ၊ ဒါက အမေရိကန်ကို သတိပေးမှုတစ်ခု ဖြစ်ပါတယ်၊ ခင်‌ဗျားတို့ စိုးရိမ်ပူပန်သင့်တယ်၊ တရုတ်ဟာ ဒီလိုမျိုး ဆက်ဆံမှုမျိုးကို အရင်တုန်းကလုပ်ခဲ့သလို အလွယ်တကူ သည်းခံတော့မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

တရုတ်သည် ယင်း၏ နိုင်ငံခြား အရေးယူပိတ်ဆို့မှု ဆန့်ကျင်ရေး ဥပဒေသစ်ကို မကြာခဏ အသုံးပြုသွားမည်လား သို့မဟုတ် မည်မျှအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားမည်လဲ ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။ သို့သော် ယင်းကဲ့သို့ မပြတ်မသားဖြစ်မှုကိုက စီးပွားရေး အသိုင်းအ၀ိုင်းအကြား စိုးရိမ်ပူပန်စိတ်ကို ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။ တရုတ်သည် ယင်း၏ ကိုယ်ပိုင် ဥပဒေမြင်ကွင်းတစ်ခုကို ဖန်တီးစဥ် စီးပွားရေးလုပ်ငန်းအသိုင်းအ၀ိုင်းအနေဖြင့် တရုတ်တို့ တိတိကျကျ သတ်မှတ်ထားသော စံနှုန်းများနှင့် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများနှင့် သီးခြားကွဲကွာနေသလို ဖြစ်နေမည့် လုပ်ငန်းများကို ဖော်ဆောင်ရန် လိုအပ်နေသည်။

အပြင်ပန်းအားဖြင့် ယင်းဥပဒေသည် အနောက်အုပ်စု အရေးယူပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် ပေကျင်းက လုပ်ဆောင်ထားပြီးဖြစ်သော လက်တုံ့ပြန်မှုလုပ်ရပ်များကို စီစဥ်ပေါင်းစုထားမှုအဖြစ် အဓိပ္ပါယ်ဆောင်နေသည်။ ၎င်းတို့၏ မိခင်နိုင်ငံများတွင် တရုတ်အပေါ် အရေးယူပိတ်ဆို့မှုကို အတည်ပြုခဲ့သည့် ပြည်ပနိုင်ငံရေးသမားများကို ယခုဥပဒေက အဓိက ရည်ရွယ်ပုံ ပေါ်နေသည်။

သို့သော် ပြည်ပ အရေးယူပိတ်ဆို့မှု ဆန့်ကျင်ရေး ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားသည်ဖြစ်ရာ နိုင်ငံခြားစီးပွားရေးအသိုက်အ၀န်းအတွင်း ရှိနေသူများအနေဖြင့် ပထ၀ီနိုင်ငံရေးဆိုင်ရာ အရှုပ်အထွေးထဲ ကြားညပ်သွားနိုင်မည့်အပေါ် စိုးရိမ်ပူပန်နေကြရသည်။ ဥပဒေသစ်အောက်တွင် ကုမ္ပဏီများ သို့မဟုတ် ယင်းတို့၏ အမှုထမ်းများကဲ့သို့ လုပ်ငန်းအဖွဲ့အစည်းများအပေါ် အရေးယူပိတ်ဆို့မည့် ဆုံးဖြတ်ချက်များသည် အပြီးအပြတ် အတည်ဖြစ်သည်။ အယူခံ ၀င်နိုင်မည့် အလားအလာ မရှိပေ။

“ခင်ဗျားဟာ ဥပဒေကို နိုင်ငံရေးနဲ့ ရောထွေးလိုက်ချိန်မှာ ခင်ဗျားဟာ နိုင်ငံရေးထဲမှာ မလွဲမရှောင်သာ ရောက်ရှိပတ်သက်သွားရတော့မှာဖြစ်တယ်” ဟု Perkins Coie ဥပဒေအကျိုး‌ဆောင်ကုမ္ပဏီ၏ ပေကျင်းရုံးမှ ပါတနာတစ်ဦးဖြစ်သည့် ဂျိမ်းစ် ဇင်မာမန်က ပြောသွားသည်။

သို့ရာတွင် တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ဇွန်လ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောရေးဆိုခွင့်ရှိသူ ၀မ် ၀မ်ဘင်းက ဥပဒေသစ်နှင့်ပတ်သက်ပြီး ခုခံကာကွယ်ပြောဆိုသွားပြီး ယင်းအစီအမံများသည် ပိုမိုကြီးမားသည့် ဥပ‌ဒေဆိုင်ရာတည်ငြိမ်မှုကို ထောက်ပံ့ပေးသည်ဟု ပြောခဲ့သည်။ “တရုတ်အစိုးရဟာ နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် နိုင်ငံခြားကုမ္ပဏီတွေကို အစဥ်အမြဲ ကြိုဆို ထောက်ပံ့ပါတယ်၊ သူတို့ရဲ့ အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကိုလည်း ဥပဒေနဲ့အညီ ကာကွယ်ပေးနေပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required