"သဘာဝဘေးဥပါဒ်အန္တရာယ်တွေ လျှော့ကျဖို့နဲ့ကာကွယ်ဖို့ ပြည်သူတွေမှာ ပညာရေးအသိ မြင့်မားအောင်လုပ်ဖို့့လိုတယ်"

"သဘာဝဘေးဥပါဒ်အန္တရာယ်တွေ လျှော့ကျဖို့နဲ့ကာကွယ်ဖို့ ပြည်သူတွေမှာ ပညာရေးအသိ မြင့်မားအောင်လုပ်ဖို့့လိုတယ်"

မင်္ဂလာပါ မဇ္ဈိမ ပရိတ်သတ်များ ခင်ဗျာ။ ကျွန်တော် ဒီနေ့တွေ့ဆုံမေးမြန်သွားမယ့်သူကတော့ မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့   တွေ့ဆုံမေးမြန်းမယ့် အကြောင်းအရာ တွေကတော့ အနာဂတ် မြန်မာနိုင်ငံမှာ မိုးလေဝသ ရာသီဥတုနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြင်ဆင် သင့်တယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့နိုင်တယ်။ ဒါကို ဘယ်လိုကြိုတင်ကာကွယ်ရမလဲ ဆိုတဲ့ အခြေအနေကို တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီနှစ် နှစ်ကုန်တော့မယ်ဆိုတော့ ၂၀၁၆ မှာ ဖြစ်လာမယ့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကနေ  Impact  ဖြစ်လာမယ့် မိုးလေဝသ အခြေအနေတွေ ဘယ်လိုပြောင်းလဲ သွားနိုင်တယ်။ ဗမာပြည်ကနေ ဘယ်လိုမျိုးကာကွယ် ထားသင့်တယ်ဆိုတာ  နည်းနည်းလေး ဆွေးနွေးပေးပါအုန်းဆရာ..

 အရေးကြီးတဲ့ မေးခွန်းပဲ။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်က ထူးခြားတဲ့ အထဲမှာ ပိုထူးခြားတဲ့ နှစ်ဖြစ်နေလို့ပဲ။ အကြောင်းကတော့ ပထမဦးဆုံး အခြေခံက ကမ္ဘာ့ရာသီဥတုက ပြောင်းနေတယ်။ ကမ္ဘာနဲ့ ချီပြောရင်တော့ ၁၉၈၀ လောက်က စတာပေါ့လေ။ မြန်မာနိုင်ငံ ကတော့ ၁၉၇၈ လောက်က စပါတယ်။ နောက် Global  Warming ဖြစ်နေတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါတယ်။ အဲဒီအခြေခံ သွားနေတဲ့ trend  ထဲမှာ ၂၀၁၅ က ဘာထူးခြားလာလဲ ဆိုရင် အယ်နီညို ရာသီဥတု ဖြစ်လာတယ်။ တစ်ခါ ဒီနှစ်ဖြစ်မယ့် အယ်နီညို ၂၀၁၅ အယ်နီညိုက သမိုင်းမှာ ကျွန်တော်တို့ ၂၀၁၅ ရဲ့ ရှေ့မှာ အားကောင်းတဲ့ အယ်နီညို နှစ်တွေဆိုတာ ရှိတယ်ပေါ့။ အထူးသဖြင့် ထိပ်ဆုံးက နှစ်ခုက ၁၉၈၂ နှင့် ၁၉၉၇ ပေါ့နော်။ အဲဒီတော့ လက်ရှိအနေထားမှာ ၂၀၁၅ရဲ့ အယ်နီညိုက ၈၂ ထက်လည်း အားကောင်းတယ်။ ၉၇ ကိုလည်း ဒီဇင်ဘာလ ကုန်ရင် ကျော်တောင်သွားနိုင်တယ်လို့ ခန့်မှန်းထားတယ်။ ဒီတော့ ဘာပဲပြောပြော လက်ရှိမှာတော့ သမိုင်းမှာ ဒုတိယ အားအကောင်းဆုံး   နှစ်ဖြစ်နေပြီပေါ့နော်။ ပထမ အားအကောင်းဆုံးနှစ်လည်း ဖြစ်သွားနိုင်တယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ အယ်နီညိုအား အကောင်းဆုံးက ဒီဇင်ဘာလလည်း ဖြစ်တာကို။ ဒီတော့ တော်တော်ထူးခြားတဲ့ နှစ်ပေါ့။

အဲဒီထူးခြားတဲ့ နှစ်ထဲမှာ အယ်နီညို အားကောင်းပြီဆိုရင် အဲဒီအားကောင်းတဲ့ အယ်နီညိုရဲ့ Impact ခေါ်တာပေါ့နော် သူ့ရဲ့ ထိခိုက်မှုဟာ ကမ္ဘာ့နေရာ တော်တော်များများကို ပျံနှံသွားတယ်။ အဲဒီပျံနှံတဲ့ အထဲမှာ ကျွန်တော်တို့လည်း ပါသွားတယ်ပေါ့။ တကယ်တော့ အယ်နီညိုဟာ မြန်မာပြည်ရဲ့ အဝေးကြီးမှာ ဖြစ်တာပါ။ အယ်နီညို ဆိုတာ ဘာကိုပြောတာလဲ ဆိုတော့ ပင်လယ်ရေ အပြောင်းလဲကို   ဖြစ်တာပြောတာပါ။ အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာရဲ့ အရှေ့ဘက်မှာ တောင်အမေရိက တိုက်ပေါ့နော်။ တောင်အမေရိကတိုက်ရဲ့ အနောက်ဘက် ကမ်းရိုးမှာ နိုင်ငံ နှစ်နိုင်ငံ ရှိတယ်။ အီကွေတို၊ ပီရှုးဆိုတာ ရှိတယ်။ အဲဒီ အီကွေတိုနဲ့ ပီရှုးမှာ ဒီဇင်ဘာလမှာ ပြောရရင်တော့ ခရစ်စမတ်ကာလလောက်မှာ ၅နှစ်မှ ၇နှစ် တစ်ခါဆိုသလိုပေါ့။ ရေနွေးစီးကြောင်းတွေ ဝင်ဝင်လာတယ်။ မူလက ရေအေးတွေ ရှိတယ် အဲဒီ ရေအေးစီးကြောင်းတွေ နေရာမှာ ရေနွေးစီးကြောင်းတွေ ဝင်လာပြီးတော့ ရာသီဥတု ကမောက်ကမတွေ ဖြစ်တယ်။

 တစ်ချို့နေရာတွေမှာ အထူးသဖြင့်ကတော့ ရေနွေးစီးကြောင်းထဲ ဝင်တဲ့ ငါးတွေ ရှားသွားတာပေါ့နော်။ အဲဒီ ခရစ်စမတ်ကာလ လောက်မှာ ဝင်လာတဲ့ ရေနွေးစီးကြောင်းတွေကို ဒါခရစ်မတ်ကို အစွဲပြုပြီးတော့ ခရစ်၏ သားတော် အဲလို အဓိပ္ပာယ် ပေးလိုက်တာပေါ့။ ဆိုတော့ ဖြစ်တဲ့ နေရာက ကျွန်တော်တို့ နဲ့ အဝေးကြီးပဲ။ ဒါကြောင့်မို့ အယ်နီညိုက အင်အားသိပ်မကောင်းဘူးဆိုရင် ကျွန်တော်တို့ သိပ်မသိရဘူး။ ဒါပေမယ့် သိပ်ကောင်းပြီဆိုရင်တော့ သူ့ရဲ့ Impact က ကျွန်တော်တို့ အရှေ့တောင် အာရှ အိန္ဒိယထိ ရောက်သွားတယ်ပေါ့။ စတုန်းကတော့ မယုံဘူးပေါ့ဗျာ။

ကျွန်တော်မှတ်မိသေးတယ် ၁၉၈၁ခုနှစ် လောက်တုန်းက အယ်နီညိုကို စပြီးတော့သိတဲ့ နှစ်ပေါ့နော်။ ဘယ်လိုသိလဲ ဆိုတော့ အဲတုန်းက ကျွန်တော်က စာအုပ်ကြီး တစ်အုပ်ဖတ်တယ်ဗျ။ အဲဒီစာအုပ်ကြီးမှာ  Introduction ကို လိုက်ဖတ်တယ်။ အဲဒီအထဲမှာ တောင်အမေရိက westcoast  မှာပီရူး အီကွေတိုမှာ ရှိကြတဲ့ တံငါသည်များက ၅နှစ်မှ ၇နှစ်ဆိုသလို သူတို့ဆီမှာ ငါးတွေ ရှားသွားတယ်။ အဲဒီငါးရှားသွားတဲ့နှစ်တိုင်းမှာ ရာသီဥတုကလည်း ပြောင်းသွားတယ်။ မိုးတွေရွာလာတယ်။ မုန်တိုင်းတွေ ဖြစ်တယ်။ ရေတွေက နွေးလာတယ်။ အဲဒါကို အယ်နီညိုလို့ ခေါ်တယ်။

အယ်နီညို ဖြစ်တဲ့ နှစ်တွေက ဒီနှစ်တွေဆိုတော့ အဲဒါကို List  ကလေးတစ်ခုပါလာတယ်။ အဲဒီအချိန်မှာကျွန်တော်က မြန်မာ့ ရုပ်မြင်သံကြားကနေပြီးတော့ လပတ်မိုးလေဝသ ပြောနေပြီ။ လူချစ်လူခင် အလွန်များတဲ့ Program  ပေါ့နော်။ အဲတာကျွန်တော်ပြောနေပြီဆိုတော့ ကျွန်တော့်ခေါင်းထဲမှာက  မြန်မာနိုင်ငံမှာ နှစ်အလိုက် မိုးနည်းတာ များတာ တော်တော်များများ ခေါင်းထဲမှာ ရှိတာပေါ့နော်။ ဒါပေမယ့် သူပြောလိုက်တဲ့နှစ်တွေကို အယ်နီညို ဖြစ်တဲ့နှစ်တွေလို့ ပြောလိုက်တဲ့ အချိန်မှာ ခေါင်းက ချက်ချင်း သတိရတယ်။ အဲဒီနှစ်တွေမှာတုန်းက မြန်မာပြည်မှာ မိုးနည်းတဲ့ နှစ်တွေဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော် စိတ်ဝင်စားသွားတယ်။ စိတ်ဝင်စားသွားတဲ့ အတွက် ကျွန်တော်က အယ်နီညို ကိုကြည့်လိုက်တော့ ဖြစ်ချင်တော့ အဲဒီနှစ်မှာပဲ ၁၉၈၁/၁၉၈၂ မှာပဲ အယ်နီညို ဖြစ်တာပေါ့။    ဖြစ်တာမှ အတော်အားကောင်းတယ်။ လက်ရှိ သမိုင်းမှာ ဒုတိယအားကောင်းဆုံး အယ်နီညို ပဲ။

အဲသလိုဖြစ်တဲ့ အခါကျတော့ ကျွန်တော်က ဇာတ်လမ်းလေး တစ်ပုဒ်ပြောပြတာပါ။ အဲတာလေးကို ကျွန်တော်က လူငယ် လူငယ်စိတ်နဲ့ပေါ့ အဲဒီနှစ် ၈၁ လောက်မှာ ကျွန်တော်က ဧပရယ်ဆိုရင် တစ်နှစ်လုံးအတွက် မိုးလေဝသ ခန့်မှန်းချက်တွေ ပေးတယ်။ ခုလို မေးခွန်းမျိုးတွေပေါ့။ ဘာဖြစ်လာမလဲ အဲလို လုပ်တဲ့ အစည်းအဝေးမှာ ကျွန်တော်က နည်းနည်း ဆောင့်ကြွား ဆောင့်ကြွားနဲ့ အဲတာလေးကို သွားပြောတာ။ အားလုံးကတော့ ဆရာတွေပေါ့။ ကျွန်တော်က အငယ်ဆုံး ဒီနှစ်က အယ်နီညို ဖြစ်မယ်လို့ ပြောပါတယ်ပေါ့။ ဖြစ်မယ့်နှစ်တွေမှာ ဒီလိုပဲ မိုးက အားမကောင်းဘူး မုတ်သုန်လေ ဝင်တာ နောက်ကျမယ်။ မိုးတွေနည်းမယ်။ အပူချိန်တွေတက်မယ် ဘာညာပေါ့။ပြောတာပေါ့။

ပြောတဲ့အခါကျတော့ မှန်တိုင်းပြောရင် အဲဒီတုန်းက အယ်နီညိုက ဘယ်သူမှ မသိသေးဘူး။ မသိသေးတော့ ထုံးစံအတိုင်းပဲ ကျွန်တော်တို့ ဆရာ ခုတော့ ကွယ်လွန်သွားပါပြီ။ သူက နေစမ်းပါအုန်းကွ အယ်နီညို ဆိုတာဘာလဲပေါ့ အဲလိုမေးတော့ ကျွန်တော်က ခုပြောသလို ပြောပြတယ်။ အယ်နီညို ဆိုတာ ဒါပဲပေါ့။ ဘယ်မှာဖြစ်တာလဲတဲ့။ ပီရှုးအီကွေတိုမှာ ဖြစ်တာလို့။ ပီရှုး အီကွေတိုမှာ ဖြစ်တာများကွာ တို့နဲ့ အဝေးကြီးပဲတဲ့။ နားထဲမှာ စွဲနေတယ် သူပြောတဲ့ စကားကို ခုထိကို ဘာပြောလဲ ဆိုတော့ မင်းဟာ ညောင်ဦး ကမ်းပါးပြိုတာနဲ့ စပ္ပန်နဂိုက နွားမ ပေါင်းကျိုးတာလို ဖြစ်နေပါပြီတဲ့။ အဲလိုပြောတော့ ကျွန်တော်သူကို့ ပြန်ရှင်း မပြနိုင်ဘူး။ အယ်နီညိုနဲ့ ကျွန်တော်တို့နဲ့ ဘယ်လို ဆက်စပ်တယ်ဆိုတာ မရှင်းပြနိုင်ဘူး။

ဒါပေမယ့် တကယ်တမ်းကျတော့ အဲဒီနှစ်က ကျွန်တော် ပြောတဲ့ အတိုင်းပဲ ဖြစ်တယ်။ ဖြစ်ပြီးတော့ အလွန်မိုးခေါင်တယ်။ ပြောရရင်တော့ ဖိုဝင်တောင် ရှိတယ်မို့လား ကျွန်တော်တို့ အညာက မျောက် အလွန်ပေါတဲ့ နေရာလေ။ မျောက်တွေတောင် မျိုးသုန်းသွားတယ်။ ဘယ်လောက်ထိပူပြီး ဘယ်လောက်ထိ မိုးနည်းလိုက်လဲ ဆိုရင်နော်။ အဲတာပေါ့။ အဲလောက်ဝေးတဲ့ နေရာကနေ ဆက်စပ်မှု ရှိတယ်ဆိုတာ နောက်ပိုင်းကျ အဖြေပေါ်တယ်။ အဖြေကတော့ ကျွန်တော် မပြောတော့ဘူး ရှည်နေမှာစိုးလို့။

မိုးလေဝသပညာမှာ ဘာသာရပ်တစ်ခု ပေါ်လာတယ်။ Teleconnections ဆိုတဲ့ ဘာသာရပ်တစ်ခု ပေါ်လာတယ်။ ပေါ်လာတော့ ဒီနှစ်အယ်နီညိုက လက်ရှိသမိုင်းမှာ ဒုတိယ အားအကောင်းဆုံး   ဖြစ်လာပြီ။ ပထမ နေရာလည်း ရသွားနိုင်တယ်နော်။ ဒီတော့ ဘာဖြစ်မလဲပေါ့ နောက်နှစ် ခုနက မေးခွန်းပေါ့နော်။ ပထမဆုံး နားလည်ရမှာက အယ်နီညို ဖြစ်ရင် ကျွန်တော်တို့ ဘာဖြစ်မလဲ ပေါ့။ အယ်နီညို ဖြစ်ရင် ကျွန်တော်တို့ ဘက်မှာ ဖြစ်တတ်တဲ့ ရာသီဥတုကတော့ အပူချိန်တက်မယ်။ မိုးကနည်းမယ် ဒါသူရဲ့ သဘာဝပေါ့။ သူရဲ့ သဘာဝဆိုတော့ မိုးရွာဖို့ ကျန်သေးလားပေါ့။ မိုးရွာဖို့ ကျန်သေးလားဆို မိုးလေဝသရဲ့ သတ်မှတ်ချက်အရတော့ ခု နိုဝင်ဘာကုန်ထိဟာ မိုးလွန်ခေါ်တယ်။ အဲတော့  ဒီမိုးလွန်အထိ မိုးက ရနိုင်သေးတယ်ပေါ့။ ဒီဇင်ဘာ တစ်ရက်ကစပြီး ကျွန်တော်တို့က နည်းနည်းပါးပါးတော့ မိုးရွာတာလေးတွေ ရှိပေမယ့် အများအားဖြင့်တော့ ဆောင်းရာသီ စသွားပြီ။ ကျွန်တော်တို့ ရဲ့ သတ်မှတ်ပုံက ဒီဇင်ဘာ တစ်ရက်နေ့ကနေပြီးတော့ ဖေဖော်ဝါရီ လကုန်ထိဆိုတော့ သုံးလပေါ့နော်။ အဲတာက အေးပြီး ခြောက်သွေ့တဲ့ကာလ။ အရပ်အခေါ်တော့ ဆောင်းရာသီပေါ့။

မတ်လ အကုန်ကနေပြီးတော့ ဧပြီလကုန်ထိက  Hot and Dry ပူပြီးတော့ ခြောက်သွေ့တဲ့ ကာလ ကျွန်တော်တို့ အရပ်အခေါ်တော့ နွေရာသီပေါ့။ အဲတော့ ကျွန်တော်ပြောတဲ့စကားလေးကို သေချာ စဉ်းစားမယ်ဆိုရင် အေးတာနဲ့ ပူတာပဲ ကွာတယ်။ Dry ချည်းပဲ။ Dry က ဘယ်နှစ်လ ရှိမယ် ဆိုတော့ ၅ လရှိမယ်။ ဒီဇင်ဘာ တစ်ရက်ကနေပြီးတော့ ဧပြီလကုန်အထိက Dry ခြောက်သွေ့တဲ့ကာလ။   ရေရစရာ အကြောင်းမရှိတော့ဘူး။ အဲဒီရေရစရာ အကြောင်းမရှိတဲ့ကာလမှာမှ လက်ရှိကာလက Global  Warming ဖြစ်နေတယ်။ မိုးရွာသွန်းမှုကလည်း နည်းနေတယ်ဆိုတော့။ ၁၉၈၀ ကတည်းက စနေတဲ့ အစဉ်လာကြီးကလဲ ရှိနေတယ်။ အဲဒီအထဲမှာမှ ဒီနှစ်က အယ်နီညိုက ထပ်ဖြစ်သေးတယ်ဆိုတော့ ဒီနှစ်ရဲ့ Out Come  ဘာဖြစ်မလဲဆိုတော့ ကိုယ့်ဟာကိုယ်သာ စဉ်းစားကြည့်တော့ပေါ့နော်။ ဆိုတော့ အလွန် သတိထားရတော့မယ့် ကာလ တစ်ခုကို ရောက်တော့မယ်။ အကြောင်းကတော့ မြန်မာပြည်မှာ ရေရှားတဲ့ ပြဿနာက ကျွန်တော်သိသလောက်ဆိုရင် ၄/၅နှစ်လောက် ရှိနေပြီ။ အတော်ဆိုးတယ်။ အစကတော့ ကျွန်တော်တို့နယ်ပေါ့ဗျာ။ စစ်ကိုင်းတိုင်းပေါ့။ စစ်ကိုင်းမှာ ရေရှားတယ်။ စစ်ကိုင်းက ပရဟိတ အသင်းတွေက ကျေးရွာတွေကို ရေသွားပေးရတယ်။ ဒီလောက်ပေါ့။   နောက်အဲဒီ ရေရှားတာက စစ်ကိုင်းပဲ ထင်နေတာ ဘယ်ဟုတ်မလဲ ကိုယ့်နားမှာ ဒီနားက ဒလ ရောက်လာတယ်။ နောက်တစ်ခါကျတော့ ရှမ်းပြည်ရောက်လာပြန်တယ်။ ရေပြဿနာက မြန်မာပြည်မှာ   ဖြစ်နေတာကြာပြီ။

 မြန်မာပြည်မှာ ရေသယံဇာတက ၃ မျိုးပဲ ရှိတယ်။ တစ်မျိုးက ကျွန်တော်တို့ရဲ့ မြောက်ဘက်မှာ အလွန်ထူးခြားတဲ့ သဘာ၀ အမွေကြီး တစ်ခု ရှိတယ်။ အဲတာ ဟိမဝန္တာ တောင်ကြီးပဲ။ ဟိမဝန္တာ တောင်ကြီးက ကျွန်တော်ဘာလို့ အမွေလို့ ပြောလဲဆိုတော့ ဟိမဝန္တာ တောင်ကြီးရဲ့ အပေါ်မှာ အမြဲတမ်း ရေခဲရှိတယ်။ တစ်နှစ်လုံးရှိတယ်။ တစ်နှစ်လုံး ရေခဲရှိတဲ့ နေရာ ကမ္ဘာမှာ အများကြီး မရှိဘူး ၃ နေရာပဲ ရှိတယ်။ အမြဲတမ်း ရေခဲရှိတဲ့နေရာ အာတီကီပေါ့။ ဒါ လူတိုင်းသိတယ်။ ကျွန်တော်တို့ ဝင်ရိုးစွန်းဒေသပေါ့။ အဲဒီဝင်ရိုးစွန်းကို ဖယ်လိုက်ရင် တစ်နှစ်လုံး ရေခဲ ရှိတဲ့ နေရာ ကမ္ဘာပေါ်မှာ နှစ်နေရာပဲ ရှိတာ။ တစ်နေရာက Green Land  ခေါ်တယ်။ ဟို ဥရောပ ဘက်မှာရှိတယ်။ နောက်တစ်နေရာကတော့ အာရှမှာ ဟမ်မဲလီးယား။ ဟမ်မဲလီးယား ကို ကျွန်တော်တို့က အခြေခံထားတာ။

ကျွန်တော်တို့ လူမျိုးတွေ ကျွန်တော်တို့ သဘာဝကို ချစ်တတ်အောင် ကျွန်တော်ပြောပြတာပါနော်။ အဲတော့ ဟမ်မဲလီးယား တောင်ပေါ်မှာ ဘာရှိလဲ ရေခဲရှိတယ်။ အဲဒီရေခဲက ဘယ်အချိန် အရည်ပျော်မလဲ။ နွေမှာ အရည်ပျော်မှာပေါ့။ အဲတော့ နွေဆိုတာ အခြားဒေသတွေ အားလုံးက ရေခမ်းတဲ့ ဒေသ။ ကျွန်တော်တို့က မခမ်းဘူး။ ဘာကြောင့်လဲဆိုတော့ ရေခဲက နွေကျမှ ပျော်တာကို။ အဲဒီဆင်းလာတဲ့ ရေက ဘယ်ရောက်လာတယ် ဧရာဝတီ ဖြစ်လာတယ်။

နောက်တစ်ခါ ရေသယံဇာတ တစ်ခုက မိုးရေ။ မြန်မာပြည်က မိုးရေ ရဖို့တော့ ပြောစရာမလိုဘူး။ မုတ်သုန်နိုင်ငံ တစ်နှစ်မှာ ၅ လတိတိ မိုးမပြတ်အောင် ရွာတဲ့ နိုင်ငံ။ နောက် တတိယ ရေသယံဇာတ   မြေအောက်ရေ ကျွန်တော်တို့   အက်စ်ကက်က     ထုတ်တဲ့ Reoprt မှာ မြေအောက်ရေ ကြွယ်ဝပုံမှာ မြန်မာက ကမ္ဘာမှာ နံပါတ် ၄ ရှိတယ်။ နံပါတ်တစ်က ရုရှား။ ကျွန်တော်တို့က နံပါတ် ၄ပေါ့။ ရေနဲ့ ပတ်သက်တဲ့ အန္တရာယ် မြန်မာ ပြည်မှာ ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်။ အလွန် သဘာဝအရ ချမ်းသာတဲ့ နိုင်ငံ။ ဒါပေမယ့် အဲတာ ငယ်ငယ်တုန်းက ရွှေထီးဆောင်းတာ ဖြစ်သွားပြီ။ အဲတာ သိဖို့ အရေးကြီးတယ် အရင်တုန်းကလို မဟုတ်တော့ ဘူး။

နံပါတ်တစ် ဟိမဝန္တာ ရေခဲတွေ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ Global  Warming ဖြစ်လို့ ရေခဲ မရှိတော့ဘူး။ အထူးသဖြင့် ရေခဲ အရည်ပျော်ပြီး ဆင်းတယ်ဆိုတာ   ရေခဲ မြစ်တွေကလာတာ။   မြန်မာပြည်ကို လာတဲ့ ရေခဲမြစ်က ဘယ်မှာ ရှိလဲဆိုတော့ နီပေါမှာ ရှိတယ်။ နီပေါမှာ ရေခဲမြစ်ပေါင်း ၃၀၀၀ လောက်ရှိတယ်။ ခုတစ်ခုမှ မရှိတော့ဘူး ရေမရှိတော့ဘူး။ အဲတစ်ခု ပြုတ်သွားပြီ။   နောက်တစ်ခုက မုတ်သုန်ကလည်း ၁၉၇၈ ကစပြီးတော့ မုတ်သုန် ဝင်တာ နောက်ကျတယ် ထွက်တာ စောတယ်။ အဲတော့ ဝင်တာမှာ ၁၅ ရက်နောက်ကျတယ်။ ထွက်တာမှာ ၂၅ ရက်စောတယ်။ မိုးရာသီက ရက် ၄၀ ပျောက်သွားတယ်။ အဲဒီရက် ၄၀ နဲ့ ညီမျှတဲ့ မုတ်သုန်မိုးကို တွက်လိုက်ရင် ၃၀ ရာခိုင်နှုန်းရှိတယ်။ ပျောက်သွားပြီ မရှိပြန်ဘူး။

မြေအောက်ရေ။ မြေအောက်ရေကို မြန်မာပြည်မှာ ပျက်စီးနေတာ နှစ်ချက်ရှိတယ်။ တစ်ချက်က အပူချိန်မြှင့်တက်တာရယ်။ နောက်တစ်ချက်က သစ်တော ပြုန်းတာရယ်။ အဲတော့ သစ်တောတွေ ရှိနေရင် သစ်ပင်တွေမှာ ရှိတဲ့ အမြစ်တွေက မြေအောက်က ရေကို စုပ်ထားတယ်။ စုပ်ထားတော့ Under Ground Table  ကို Water Table  ကို သူက မြှင့်ထားပေးတယ်။   မြှင့်ထားပေးတော့   မြေအောက်ရေက ပေါတယ်ပေါ့။ ခုသစ်တောကလဲ သိတဲ့ အတိုင်း မြန်မာပြည်က ကမ္ဘာပေါ်မှာ သစ်တော ပြုန်းတီးမှုက နံပါတ် ၃ ဖြစ်သွားပြီ။ သစ်တောမရှိတော့ သစ်ပင် မရှိ၊ သစ်ပင်မရှိတော့ သစ်မြစ်မရှိ၊ သစ်မြစ်မရှိတော့ ရေစုပ်တာမရှိတော့ဘူးပေါ့။ အဲတော့ Under Ground Water  က ကျသွားတယ်။ နောက် အပူချိန်ကလည်း တစ်ဆင့်တစ်ဆင့် တက်တဲ့ အပြင် မြန်မာနိုင်ငံရဲ့ အပူချိန်က ဘယ်လောက်ထိ တက်မလဲ ဆိုတာကို အင်္ဂလန်မှာ ရှိတဲ့ ကမ္ဘာကျော် Institute ပါပဲ။

ဒီရာစုနှစ် အကုန်ပေါ့ဗျာ သက္ကရဇ် ၂၁၀၀ ပေါ့ ဒီနှစ်နဲ့ တွက်ရင် နောက် ၈၅ နှစ် အကြာ။ အရှေ့တောင် အာရှနိုင်ငံတွေဟာ ခုလက်ရှိ အပူချိန်ထက် ၄ ဒီဂရီ တိုးမယ်။ အဲဒီအထဲမှာ မြန်မာ မပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာက ၅ ဒီဂရီ တိုးမယ်။ ကျွန်တော်တို့ အဲလို ထူးခြားတဲ့ နိုင်ငံ။ အဲတော့ အပူချိန်တိုးရင် ဘာဖြစ်လဲဆိုတော့ အပူချိန်တိုးရင် မြေအောက်ရေ လျော့တယ်။ ၃ ဒီဂရီ စင်တီဂရိတ်ထက်   ကျော်ပြီဆိုရင် မြေအောက်ရေက စုပ်သွားပြီ။ ဆိုတော့ ကျွန်တော် ပြောချင်တာ စဉ်းစားကြပေါ့နော်။

  ကျွန်တော်တို့မှာ ရေခဲမြစ်လဲ မရှိတော့ဘူး။ မိုးရေကလည်း လျော့ပြီ။ မြေအောက်ရေကလည်း မရှိတော့ဘူး။ ရေသယံဇာတ ရုပ်နေပြီ။ အဲဒီ ရေသယံဇာတ ရုပ်နေတဲ့ကာလမှာ ဒီ ၅လ ကို ကျွန်တော်တို့ ဘယ်လို ကျော်ဖြတ်မလဲ။ ပြဿနာကတော့ အနည်းနဲ့ အများ ရှိမှာပဲ။ ဒါအယ်နီညို ရဲ့ အဆိုးဝါးဆုံး ပြဿနာပဲ။ အဲတာပြီးရင် တစ်ခါ အယ်နီညို ရဲ့ သဘာဝက အပူချိန်ကို မြှင့်တယ်လို့ ပြောတဲ့ အတွက် အခုလောလောဆယ်ကို မြန်မာနိုင်ငံရဲ့ အပူချိန်ဟာ တစ်ဖြေးဖြေးနဲ့တက်နေတယ်။ ဒီနှစ်ဆိုရင် ဇန်နဝါရီလကတည်းက ခုချိန်ထိ လအလိုက် အပူချိန်တွေဟာ ပုံမှန်ရဲ့  အထက်ကို ကျော်နေတဲ့ အထဲမှာ အယ်နီညိုက လာဖြစ်လိုက်အုံးမယ်ဆိုရင် နောက်နှစ် ၂၀၁၆ မတ်လ ကတည်းက စတဲ့ နွေရာသီဟာ ဘယ်လောက်ပူမလဲဆိုတာကို စဉ်းစားလို့ရတယ်။ ဒီပူတဲ့ ဒဏ်ကိုလည်း မကြာသေးပါဘူး ကျွန်တော်တို့ ကြုံခဲ့တာ။ မန္တလေးမှာ သေလိုက်ကြတာ။ အဲဒီနှစ်မျိုး အတွေ့ကြုံကို Base  လုပ်ပြီးတော့ လာမယ့် နွေရာသီကလည်း အလွန်သတိထားဖို့ အဓိက အချက်က ရေနဲ့ အပူချိန်မြင့်တက်မှုပေါ့။

ဒါတော့ ဆရာပြောသွားတာ ဖြစ်လာနိုင်ချေ ရှိတာပေါ့နော်။ ကျွန်တော်တို့ ကြိုတင်ကာကွယ်လို့ မရနိုင်ဘူးလား ဘယ်လိုမျိုးကာကွယ်မလဲပေါ့နော်။

ဘယ်အရာမဆိုဗျာ မရနိုင်ဘူးလို့တော့ ကျွန်တော်ပြောလို့ မဖြစ်ဘူး။ မရနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ ဘဝက ပြီးသွားပြီ။ ရနိုင်တယ်ပဲ ကျွန်တော်တို့ ယူဆရမှာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ ခုချိန်ထိ အသိဉာဏ်က အတိုင်းတာ တစ်ခုထိတော့ ကာကွယ်နိုင်သေးတယ်။ ဒါကျွန်တော်တို့ လက်ခံထားတာပေါ့နော်။ လက်ခံထားလို့ပဲ ကျွန်တော်တို့ ဒီနှစ်ထဲမှာပဲ လုပ်ပါ့မယ်။ ပြင်သစ်မှာ ရာသီဥတုဆွေးနွေးပွဲပေါ့။ ဒါသည် မျှော်လင့်ချက်လေးနဲ့ လုပ်နေတာပေါ့နော်။ လုပ်တယ်ဆိုတာ ယေဘုယျ အားဖြင့် ပြောရရင်တော့ နှစ်မျိုးပဲ ပညာရှင်တွေက ထောက်ခံထားတာပေါ့။

တစ်မျိုးက ရာသီဥတုပြောင်းလဲတာနဲ့ ပတ်သက်ပြီး ကာကွယ်မှုလုပ်မယ်ဆိုရင် လျော့ပါးအောင် လုပ်ပါတဲ့။ လျော့ပါးအောင်လုပ်တယ်ဆိုတာ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စေတဲ့ အရာတွေကို   လျော့ပေးပါပေါ့။ ဆိုတော့ ဘယ်ကောင်တွေက ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသလဲ။ ထိပ်ဆုံးကလာတာတော့ ရုပ်ကြွင်းလောင်စာပေါ့။ ရုပ်ကြွင်းလောင်စာ မီးရှို့တာတွေက ရာသီဥတု   ပြောင်းလဲခြင်းကို အလွန်ဆိုးရွားစေပါတယ်။ ရာသီဥတုပြောင်းတာ ဘာကြောင့် ဖြစ်လဲပေါ့။ ကျွန်တော်တို့ကို ပြောရင်တော့ ရာသီဥတုပြောင်းလဲတာ Global  Warming ကြောင့်ပေါ့။ Global  Warming ဟာ ဘာကြောင့်ဖြစ်လဲဆိုရင် ဖန်လုံအိမ် ဓါတ်ငွေ့တွေ တိုးလာလို့။ ဖန်လုံအိမ် ဓါတ်ငွေ့ တိုးတာ ဘာကြောင့် ဖြစ်လဲဆိုရင် ဓါတ်ငွေ့ ထုတ်လုပ်မှု များလို့ ။ ဓါတ်ငွေ့ ထုတ်လုပ်မှု အများဆုံးဟာ ဘယ်က ထွက်လည်း ရုပ်ကြွင်း လောင်စာကပေါ့။ ရုပ်ကြွင်းလောင်စာ ဆိုတာ တကယ်တော့ ကြီးကြီးကျယ်ကျယ်ကြီး လျောက်ပြောနေတာ ကျောက်မီးသွေးကို ပြောတာပေါ့ဗျာ။ အဲတော့ ကျောက်မီးသွေးလို ဟာတွေက ကျွန်တော်တို့က လုံး၀ လက်မခံဘူး။ ဒါပေမယ့် ကျွန်တော်က လက်မခံပေမယ့် ကျွန်တော်တို့ နိုင်ငံတွေက ဒါတွေကို အကြီးအကျယ် ချနေတာနော်။ အဲတာ တကယ့်တော့ ရှေ့လျှောက် ကျွန်တော်တို့ ပြောရမယ့် အရာပေါ့ဗျာ။

ကျောက်မီးသွေးကတော့ ကမ္ဘာက လက်ကို မခံတာ။ ဒီပြင်လူ မကြည့်နဲ့  အိမ်နီးနားချင်း တရုတ်ပဲ ကြည့်လေ။ ကျောက်မီးသွေး စက်ရုံတွေ ပိတ်လိုက်တာ ၆၀၀၀ လောက်ရှိတယ်။ အံသြစရာတော့ကောင်းတယ် အဲမှာပိတ်လိုက်တာနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျောက်မီးသွေး စက်ရုံ လုပ်မယ်ဆိုတာ ပေါ်လာတာပဲ။ ဇာတ်လမ်းတွေက မျိုးစုံပေါ့ဗျာနော်။ ကျွန်တော်ပြောချင်တာက အဲဒီအရာမျိုးတွေကို လျော့ရမယ်။

နောက်ပြီးတော့ ကမ္ဘာကြီး ပူနွေးအောင် လုပ်တဲ့ အထဲမှာ နံပါတ်တစ်က ကျောက်မီးသွေး ၊ နံပါတ် နှစ်က သစ်တောပြုန်းတာ။ ခုထိ မနိုင်သေးဘူး ကျွန်တော်တို့ ပိုတောင် ဆိုးလာ သေးတယ်။ ကျွန်တော်တို့က ဟိုလေးငါး ဆယ်နှစ်တုန်းက နံပါတ် ၇ လောက်ရှိတယ်။ ခုဆိုရင် နံပါတ် ၃ ဖြစ်သွားပြန်ပြီ။ အဲတာက ဘာတွေ လုပ်ရမလဲ ဆိုရင်တော့ တစ်နိုင်ငံလုံ စကေးနဲ့ ဆိုရင် ဒါတွေ လုပ်ရမှာပေါ့။ တခြား အသေးအမွှားလေးတွေတော့ အများကြီး ရှိတယ်ပေါ့ဗျာနော်။ နောက်တစ်ခု ဘာလုပ်ရမလဲဆိုတော့ လိုက်လျောညီထွေ နေရမယ်။  ခုမြန်မာပြည်မှာ မုတ်သုန်ဝင်တာ နောက်ကျပြီလို့ ပြောတယ်။ ဒါပေမယ့် လယ်သမားတွေ ဦးနှောက်ထဲမှာ အဲတာ သိပ်မရောက်သေးဘူး။ သိပ်မရောက်သေးတော့ ဘာဖြစ်လဲဆိုတော့ အထူးသဖြင့် ကျွန်တော်တို့ ဇာတိပါပဲ။ ကျွန်တော့် အမျိုးတွေ ဦးလေတွေ အဒေါ်တွေ အကုန်ပါပါတယ်။အညာပေါ့။ သူက မိုးရာသီ စိုက်ချိန် ပျိုးချိန် ရောက်ပြီဆိုရင် လယ်ထဲ ဆင်းတော့တာပဲ။ သူက  ဝီရိယ ရှိတာကို။ အဲတော့ များသောအားဖြင့် ခါတိုင်းကတော့ မေလဆန်းဆို ဆင်းပြီပေါ့။ ခုအရင်တုန်းကလိုပဲ မေလဆန်းတယ် ပျိုးထောင်တယ်။ ဒါပေမယ့် မိုးက အဲဒီအချိန်မှာ မလာဘူး။ လကုန်လောက်မှ လာတော့ ပျိုးတွေက ပုပ်ကုန်ရော။ ပျက်စီးကုန်တာပေါ့နော်။ ဒါနဲ့ နောက်တစ်ကြိမ် ပြန်လုပ် နောက်တစ်ကြိမ် ပြန်လုပ်တော့လဲ မိုးက မရွာသေးဘူး။ ကျွန်တော့်ကို ဖုန်းဆက်တော့တာပဲ။

ကျွန်တော်မှတ်မိတယ် ဘယ်တုန်းကလဲဆိုတော့ စစ်ကိုင်းတိုင်း အောက်ပိုင်း ပုလဲဘက် ကပေါ့။ ဆရာကြီးရယ် ကျွန်တော် ပျိုးထောင်ထားတာ တစ်လကျော်ပြီ မိုးကလဲခုထိ မရွာသေးဘူး ပျိုးတွေ ပုပ်ကုန်ပြီ။ အဲတာနဲ့ ကျွန်တော် နောက်တစ်ကြိမ် ပျိုးထောင်တာတဲ့ ခု ဆယ်ရက်ရှိပြီ မိုးမရွာဘူးတဲ့။ မိုးဘယ်တော့ ရွာမယ်ပေါ့။ ဒါမျိုးတွေပေါ့။ ဆိုတော့ ကျွန်တော်တို့ သိရမှာက မိုးဥတု နောက်ကျပြီ ဆိုတာကို ကျွန်တော်တို့ သိရမယ်။ တိုင်မင်ပေါ့ ဒီတိုင်မင်ကို လယ်သမားတွေ သိဖို့လိုပါတယ်။ နောက်ပြီးတော့ အထူးသဖြင့် အညာမှာပဲ ခုနောက်ပိုင်း ဖြစ်နေတာက မိုးကြိုလို့ ခေါ်တဲ့ ဧပရယ် ၊မေ မှာလည်းနည်းတယ်။ မိုးဦးလို့ ခေါ်တဲ့ ဇွန်မှာလည်း နည်းတယ်။ ဂျုလိုင် မိုးလည်း ပထမ လမှာလည်း နည်းတယ်။ ဒီသုံးလကတော့ သေချာပေါက်လျော့တယ်နော်။ ။ မိုးနည်းတဲ့ အခါမှာ မိုးနည်းတဲ့ ဒဏ်ကို ခံတဲ့ သီးနှံကို စိုက်ဖို့တော့ လိုတယ်။ ဒါကျွန်တော်က စိုက်ပျိုးရေး ပညာရှင် မဟုတ်ဘူးနော်။ ဘာလုပ်ရမလဲ မေးလို့ ကျွန်တော် ဉာဏ်မီတာလေး ပြောပြတာ။

နောက်တစ်ခု ရှိသေးတယ်ဗျ။ ဟိုတစ်နေ့ကပဲ ကျွန်တော် ဟောပြောပွဲ တစ်ခုသွားတယ်။  ဟင်္သာတနားပေါ့နော်။ ဘာတွေ့ရလဲဆိုတော့ ဓနုဖြူနားမှာ ရွာတစ်ရွာပေါ့။ ကျွန်တော်ပြန်လာတော့ အဲဒီက ကျွန်တော့်ကို ဖုန်းဆက်တယ်။ ဆရာရယ် လယ်သမားတွေက ဆက်ခိုင်းလို့ပါတဲ့။ ဘာလဲလို့ ကျွန်တော်က ပြောပါလို့ ပြောတော့ သူတို့ကမေးနေတယ်တဲ့ ခုစပါးတွေက ရိတ်ခါနီးပြီပေါ့။ မိုးက ရွာအုံးမှာလားပေါ့။ မိုးရွာရင်တော့ ပျက်ပါပြီလို့ ပြောတယ်ပေါ့။ ဟိုဘက်က ရွာတစ်ဖက်ကလူတွေကလည်း မေးနေတယ်တဲ့။ ဆရာ ပဲတွေ စိုက်စရာရှိလို့ မိုးမရွာသေးဘူးလားလို့ မေးနေတယ်တဲ့။ ဟာ ဘာပြောရမလဲတောင် ကျွန်တော် မသိတော့ဘူးပေါ့နော်။ ဒီဘက်က စပါးသမားက မိုးရွာမှာကြောက်နေတယ်။ ဟိုဘက်က ပဲသမားက မိုးမရွာမှာကို ကြောက်နေတယ်။ သဘာဝတော့ ကျပါတယ်။ ဒါပေမယ့် သဘာ၀ မကျတာက အဲဒီနှစ်မူက တစ်ရွာထဲမှာ နေနေတယ်။ ကဲဘယ်လို လုပ်မလဲ။

ကျွန်တော်တို့ စိုက်ပျိုးရေးက ဘာလုပ်ရမယ်ဆိုရင် အဲဒီစနစ်တကျ စိုက်ပျိုးရေးကလည်း လိုတယ်ခင်ဗျ။ အဲတာကို ကျွန်တော်တို့ ရာသီဥတု ပြောင်းလဲခြင်းက Adaptation ခေါ်တယ်။ လိုက်လျောညီထွေဆိုတာ။ သေချာပြီ တစ်ယောက်ကတော့ လိုက်လျောညီထွေ မဖြစ်တာ သေချာတယ်။ လိုက်လျောညီထွေသာ နှစ်ယောက်လုံး လုပ်ရင် ခံရင်လည်း အတူခံရမယ်။ စံရင်လည်း အတူစံရမယ်။ ဒီလို ဖြစ်ရမယ်။ ခုတော့ မဟုတ်ဘူး။

ကျွန်တော်တို့မှာ ပြောရမယ်ဆိုရင် လုပ်စရာတွေ အများကြီးပဲ ရာသီဥတု အသိပညာတွေ ရှိရမယ်။ အဲဒီ လိုက်လျောညီထွေမှုတွေ ရှိရမယ်။ နောက်ပြီးတော့ ဆိုကြပါစို့   အောက်ပြည်အောက်ရွာပေါ့။   အောက်ပြည်အောက်ရွာဆို ဘာဒုက္ခပေးလဲ အချိန်ခါမဟုတ်ဘူး မိုးက ဒုက္ခပေးတယ်။ အချိန်အခါမဟုတ်မိုး ဆိုတာ ဘာလဲဆိုတော့ မိုးရာသီအတွင်း ရွာတဲ့ မိုးဟာ အချိန်ခါအရ ရွာတဲ့မိုးပေါ့။ မိုးရွာချိန်တန်လို့ ရွာသွားတာပဲ။ ဒါပေမယ့် မိုးရာသီက ကုန်ပြီ မုတ်သုန်ရာသီက ကုန်ပြီ ဒါပေမယ့် မိုးက ရွာနေတယ်ဆိုရင် အဲတာ အချိန်အခါ မဟုတ် မိုးလို့ ခေါ်တယ်။ အရပ်ကတော့ ဒါ မိုးအခါလွန်မှ ရွာတဲ့မိုး မို့လို့ အခါလွန်မိုး ခေါ်တယ်။ လယ်သမားကတော့ အဲတာ ဖျက်မိုးခေါ်တယ်။ ဒီအောက်ပြည် အောက်ရွာက ဖျက်မိုး အမြဲ မိနေတယ်။ ဖျက်မိုးဆိုတာ ခုလိုလတွေ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာမှာ ရွာတဲ့မိုးတွေပေါ့။ ကျွန်တော်တို့ မိုးကို ရန်ကုန်တောင် မပြတ်တပြတ် ဖြစ်နေတယ်ပေါ့။

ဆိုတော့ ဖျက်မိုးရွာလိုက်တယ်ဆိုတော့ လယ်သမားဘက် ကြည့်ရင် ရိတ်ချိန်သိမ်းချိန်။ ရိတ်ချိန်သိမ်းချိန်မှာ မိုးရွာရင် ဒါများသောအားဖြင့် မိုးမိရင်တော့ ပျက်တော့မှာပေါ့။  ဒါပေမယ့် ဘယ်လို လုပ်မလဲ ဆိုရင် သမရိုးကျတွေကို တော့ နည်းနည်း ပြင်ရမှာပေါ့။ လိုက်လျောညီထွေ သဟာဇာတ ဖြစ်အောင် လုပ်ရမှာပေါ့။ အဲတော့ ဘယ်လိုလုပ်မလဲ ရိတ်ပြီးရင် အမိုးအကာအောက်ရောက်အောင် မြန်မြန်လုပ်။ ဟုတ်လား ကျွန်တော်ပြောတာ။ အရင်တုန်းက တစ်လ ပစ်ထား ကိစ္စမရှိဘူး။ ဒီလိုလတွေမှာ တစ်လ အာမခံတယ် မိုးမရွာဘူး။ ခုက အာမမခံနိုင်ဘူး။ အရင်တုန်းက အခြောက်ခံတယ်ဆိုရင် နေပူထဲ သဘာဝနေနဲ့ပဲ အခြောက်ခံလိုက်တာပဲ။ သဘာဝနေနဲ့ အခြောက်ခံတယ်ဆိုရင် အနည်းဆုံး တစ်ပါတ် ဆယ်ရက် ထားရတော့မှာ ခု အဲဒီအတွက် မိုးမရွာဖို့က အာမမခံဘူး။ အဲတော့ ဘာလုပ်ရမလဲ သဘာ၀ နေနဲ့တော့ အခြောက်မခံနဲ့ စက်နဲ့ အခြောက်ခံ။ နောက် အစေ့ချွေတော့လည်း သဘာဝအရ နွားနဲ့ နှယ်ပြီး မချွေနဲ့ပေါ့ဗျာ။ စက်နဲ့ချွေပေါ့ဗျာ ဟုတ်လား။ တစ်နည်းအားဖြင့်တော့ စက်မှု အကူညီတော့ ကျွန်တော်တို့ လုပ်ဖို့ လိုတာပေါ့။ ဒါပေမယ့် လယ်သမားက ကျွန်တော့်ကို မေးမှာပေါ့။ ခင်ဗျား ဗျာ ပြောတာဖြောင့်နေတာပဲ  အဲဒီစက်က ဝယ်ဖို့ ပိုက်ဆံဘယ်မှာလဲပေါ့။ အဲတာဆိုရင်တော့ ကျွန်တော် တာဝန်ရှိတဲ့ သူကို ညွန်ပြမယ်ဗျာ။ အဲတာ အစိုးရ အလုပ်ပေါ့။ အစိုးရလုပ်ပေတော့ပေါ့ဗျာ မဟုတ်ဘူးလား။

ဟုတ်ကဲ့ ကျွန်တော်တို့အခုနပြောတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်းယှဉ်ရင်ကော ကျွန်တော်တို့ မြန်မာ နိုင်ငံက ဘယ်လောက်အထိ အန္တရာယ်ရှိနေလဲ၊ ဒီသဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ်၊ ရာသီဥတု ပြောင်းလဲမှုအရပဲဖြစ်ဖြစ်ပေါ့နော်။

ဒီမေးခွန်းကတော့ အသည်းနာတဲ့မေးခွန်းပဲနော်၊ ဒါပေမဲ့ အဖြေက ရှိတယ်။ ကျွန်တော်ထင်မြင်ချက် မပြောပါဘူး။ ကမ္ဘာက လေ့လာထားတဲ့ လေ့လာချက်အရပဲ ကျွန်တော်ပြောပါမယ်။ ကျွန်တော် ပထမ ဦးဆုံး report ကို ကျွန်တော်တွေ့ဖူးတာပေ့ါနော်။ 2012 က အဲဒီ အစီရင်ခံစာက ဘယ်သူက ထုတ်တာလဲ ဆိုတော့ ကျွန်တော်တို့ အာရှတိုက်မှာရှိတဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ပေါ့။ အတိုကောက်တော့ ADB ခေါ် တာပေ့ါနော်။ Asian Development Bank ပေါ့။ အဲဒီ  Bank က 2012 သြဂုတ်လမှာ အစီရင်ခံစာ တစ်စောင်ထွက်တယ်ဗျ။ အဲဒီအစီရင်ခံစာက Myanmar in transition နော် Opportunity and challenges စာအုပ်ရဲ့နာမည်က မြန်မာလိုပြောရင်တော့ ခေတ်ပြောင်းနေသော မြန်မာနိုင်ငံပေါ့။ အခွင့်အလမ်းနှင့် စိတ်ခေါ်မှုများ အဲဒီစာအုပ်ထွက်တယ်။ ဘာလို့ထွက်လဲဆိုတော့ မြန်မာပြည်ကို FDI လာချင်တာ ဒါမြန်မာပြည်အကြောင်း သိတဲ့လူဆိုတာ ရှိတောင်မရှိဘူး။ နိုင်ငံခြားမှာလဲ ဖတ်စရာ စာအုပ်က မရှိဘူးဖြစ်နေတယ်။ အဲဒါကြောင့်သူက သူ့ဘာသာသူ ပညာရှင်တွေငှါးပြီးတော့   မြန်မာပြည် ကို လေ့လာခိုင်းတာ။ အကုန်လေ့လာတာ။ သိပ်ကောင်းတယ်။ ကျွန်တော်အကြံဉာဏ်ပေးချင် ပါသေးတယ်။ အကယ်၍များ ဒီစာအုပ် copy မရှိဘူးဆိုရင် အင်တာနက် Free download အရမ်းကောင်း တယ် အဲဒီစာအုပ်က။ Free download လုပ်လို့ရတယ်။ အဲဒီအထဲမှာ ရာသီဥတုနဲ့ ပတ်သက် ပြီးတော့ လေ့လာချက်ကို ဖော်ပြထားတယ်။

ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအဆိုးဆုံး ၁၀ နိုင်ငံဆိုတာ စာရင်းပေးထားတယ်။ အဲဒီ ၁၀ နိုင်ငံထဲမှာ ကျွန်တော်တို့ နိုင်ငံက ကမ္ဘာမှာ ဒုတိယအဆိုးဆုံးလို့ပြထားတယ်။ တစ်ကမ္ဘာလုံးမှာ ဒုတိယအဆိုးဆုံး။ ဒါတစ်ချက်။ နောက် ၂၀၁၄ ရောက်လာတယ်။ ၂၀၁၄ ရောက်လာတော့ ကျွန်တော်တို့ အခု Paris  လုပ်တဲ့ Cog အစည်းအဝေးလုပ်တဲ့အဖွဲ့က UNSCCC အစည်းအဝေး၂၀၁၄ Cog တုန်းက အဲလိုပဲ ကမ္ဘာပေါ်မှာ ရာသီဥတုနဲ့ ပတ်သက်ပြီး၊ အန္တရာယ်အရှိဆုံး ၁၀ နိုင်ငံပေ့ါနော်။ အဆိုးဆုံး ၁၀ နိုင်ငံ စာရင်းထပ်ထုတ်တယ်။ ကျွန်တော်တို့က တစ်ခါ ဒုတိယပဲဗျ။ တိုးကိုး မတိုးတက်ဘူးနော်။ သို့သော် နောက်တစ်ခုကိုကျတော့ ကျွန်တော်က ပိုကြိုက်တယ်။ အဲဒီ လေ့လာမှုက ဘယ်သူကလုပ်လဲဆိုတော့ Nawtartin University လုပ်တယ်။ အမေရိကက။ အဲဒီ့ Nawtartin University က ရာသီဥတုပြောင်းလဲခြင်းတွေ သဘာဝဘေးကျရောက်ခြင်းနဲ့ ပတ်သက်ပြီးတော့ သူက လေ့လာချက်လုပ်တဲ့အခါမှာ ကဏ္ဍနှစ်ခုခွဲတယ်။

ကဏ္ဍတစ်ခုက တိုင်းပြည်တစ်ခုချင်းအလိုက် ရာသီဥတုပြောင်းလဲမှုရဲ့ ဒဏ်ကိုခံရဖို့ အလားအလာ အနည်းအများပေါ့။ ဒါလည်း တိုင်းပြည် တစ်ပြည်နဲ့တစ်ပြည် မတူဘူးနော် သူ့အနေအထားတွေပေါ်မှာ မူတည်တယ်။ ဥပမာအားဖြင့် ပစိဖိတ်သမုဒ္ဒရာအလယ်မှာရှိတဲ့ ဗနားတူးဆိုတာ Climate ချိန်းတာ သူ့အတွက် သေရေးရှင်ရေး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တိုင်းပြည်ဟာ တဖြည်းဖြည်းနဲ့   ခေတ်သစ်နယ်ချဲ့နဲ့ တွေ့နေတာ။ ခေတ်သစ်နယ်ချဲ့က ဘယ်သူလဲဆိုတော့ ပင်လယ်ရေက၊ သူ့တိုင်းပြည်ကို ရေအားသင့်နေတာက သူ့တိုင်းပြည်ကို ကျွန်းထဲကနေ တစ်ဖြည်းဖြည်းနဲ့ နဲနဲလေးပဲ ကျန်တော့တယ်။ ဒါသူ့ကျတော့ ရာသီဥတုပြောင်းလဲမှုရဲ့ဒဏ်ကတအားမြင့်တာပေ့ါ။ မဟုတ်ဘူးလား။

ကျွန်တော်ပြောချင်တာ။ အခု နာဂစ် ဖြစ်တယ်။ သေတယ် လူတွေအများကြီးပဲ။ ဒါပေမဲ့ အဲဒီသေတဲ့ဟာက သဘာဝဘေးခေါ်လဲဆိုတော့  မုန်တိုင်းဒီရေခေါ်တယ်။ မုန်တိုင်းဒီရေက ရှမ်းပြည်ကလူတွေက ဘယ်အိပ်ရေး တောင်မပျက်ဘူး။  သူတို့နဲ့ဘာမှမဆိုင်ဘူးလေ။ မဟုတ်ဘူးလား။ ဒါကမ်းရိုးတမ်းမှာပဲ ဖြစ်သွားတာ။ ဆိုတော့ အဲလိုကွာတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ဒဏ် တွေကနော်။ ဆိုတော့ Climate ဒီလိုပဲ။ Climate ရဲ့ ထိခိုက်မှုများလားနည်းလား စာရင်းပြုစုတာ အားလုံး ၁၈၄နိုင်ငံ စာရင်းလုပ်လိုက်တာ။ မြန်မာက ဘယ်မှာရှိလဲဆိုတော့ ၁၃၁ မှာရှိတယ်။ ၁၃၁ ဆိုတော့ အောက်မှာ ၅၀ ကျော်ကျန်သေးတယ်။ ဒါပေမဲ့ ကျွန်တော်က အဲလိုမကျေနပ်ဘူး။ ကျွန်တော်က ကြည့်ချင်သေးတာ။ ၁၃၁ ဆိုတော့ ဘင်္ဂလားဒေ့ ဘယ်လိုများရှိလဲ သွားကြည့်တယ်။ ကျေနပ်သွားတယ်ဗျား။ ဘာဖြစ်လို့လဲ သူက ၁၄၃ လောက်ရှိ တယ်။ ကိုယ့်အောက်မှာ။ နောက်မကြေညာသေးဘူး ကိုယ်နဲ့ပြိုင်ဘက်ရှိသေးတယ်။ ဘယ်သူလဲဆို တော့ အာဆီယံ။ အာဆီယံထဲက ဘယ်ကောင်များ ငါ့ကိုကြည့်လဲ တွေ့တယ်ဗျားကျေနပ်တယ်။ လာအို ကိုယ့်အောက်မှာ ဒါက သဘာဝအရဖြစ်တဲ့ အနေအထားမှာ ကျွန်တော်တို့က ဆိုးပေမဲ့ အဆိုးကြီး မဟုတ်ဘူး ကျွန်တော်တို့ထက် ဆိုးတဲ့ကောင်တွေရှိတယ်။

နောက်တစ်ကဏ္ဍ Readyness အရန်သင့် ဖြစ်မှုပေ့ါ။ အဲဒီရာသီဥတုပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးတော့ အဲဒီနိုင်ငံက ဘာတွေလုပ်ထားလဲ အစိုးရက ဘာလုပ်လဲ၊ ပြည်သူကဘာလုပ်လဲ အခုနက   ပြည်သူတွေကော ပါတယ်ပေ့ါ့နော်။ NGO တွေ ဘာလုပ်လဲ ရန်ပုံငွေက ဘယ်လောက်သုံးသလဲ။ ဘယ်လိုများပြင်ဆင်ထားသလဲ။ အားလုံးပေ့ါ ခြုံံပြီးတော့ တစ်နိုင်ငံချင်းအလိုက် အခုနလိုပဲ ပြန် range လုပ်တယ်ခေါ်တာပေါ့။ score လုပ်ပြီး range လုပ်ပစ်လိုက်တာ။ မြန်မာက ဘယ်ရောက်သွားလဲဆိုတာ့ ၁၇၉  ရောက်သွားတယ်။ အောက်မှာ ၅ နိုင်ငံပဲ ကျန်တော့တယ်။ ဒါပေမဲ့စောစောက ပြိုင်ဘက်တွေကို ပြန်ကြည့်တယ်။ ဘင်္ဂလားဒေ့ဆိုရင် ဟိုးဇက်တောင်နာတယ် မော့ကြည့်ရတာ ဟိုထိပ်မှာ ၁၂၁ လောက်ရောက်သွားတယ်။ စောစောက လာအိုကလည်း ၁၂၃ ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့က ပင်ကိုယ်သဘာ၀ အရ အဆိုးဆုံးနိုင်ငံမဟုတ်ပေမဲ့ လူနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ အများကြီးရှိတယ်။ Action ဆိုတာ အများကြီးရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ လုပ်စရာ။ အဲဒီတော့ အဲဒါစဖို့အတွက် အေးအေး ကဲ လုပ်ကြစို့ ကွာ လုပ်မယ်ဆိုတိုင်း ထလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ Knowledge က လိုသေးတယ်နော်။ Knowledge ပြန့်ပွားဖို့က အဓိကပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly