အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဖို့ အလားအလာ မရှိလို့ အီရန်ရွေးကောက်ခံသမ္မတ ပြော 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဖို့ အလားအလာ မရှိလို့ အီရန်ရွေးကောက်ခံသမ္မတ ပြော 
Photo - AFP

ဇွန် ၂၂

အီရန်နိုင်ငံရဲ့ ရွေးကောက်ခံသမ္မတ အီဘရာဟင်ရာအီစီက သူ့အနေနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံစည်းဝေးဖို့ ရည်ရွယ်ချက် မရှိဘူးလို့ တနင်္လာနေ့မှာ ပြောလာပါတယ်။ 

အီရန်နျူကလီးယားသဘောတူညီချက် ပြန်လည်အသက်ဝင်ရေးအတွက် နှစ်နိုင်ငံကြား ကြားခံညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ကြားက အခုလို ပြောလာတာလည်း ဖြစ်ပါတယ်။ 

အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းစေတာကို ဦးတည်စေမယ့် ဒီလို ဆွေးနွေးပွဲတွေမှာ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံဖြစ်မလားလို့ အမေရိကန်မီဒီယာတစ်ခုက မေးမြန်းတာကို ရာအီစီက ပြန်လည်ဖြေကြားလိုက်တာလည်း ဖြစ်ပါတယ်။ 

အမေရိကန်ဟာ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီချက်ကနေ သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်မှာ နုတ်ထွက်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု‌တွေ ပြန်လည်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ သဘောတူညီချက်မှာ အမေရိကန် ပြန်လည်ပါဝင်ရေးအတွက် အခုအချိန်မှာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 

အီရန်မှာ သောကြာနေ့က ကျင်းပပြုလုပ်တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ရှေးရိုးစွဲ ဘာသာရေးခေါင်းဆောင် ရာအီစီက အနိုင်ရခဲ့တာ ဖြစ်ပြီး အဓိကပြိုင်ဖက်တွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ထားတဲ့ အဲဒီ ရွေးကောက်ပွဲကို တရားမျှတမှု မရှိဘူးလို့ အမေရိကန်နိုင်ငံက ပြောဆိုထားပါတယ်။ 

မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်မက မဲမပေးကြတဲ့ အခု ရွေးကောက်ပွဲဟာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးအကျပ်အတည်း ဆိုက်ရောက်နေတဲ့ကြားကပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

ရှီးယိုက်မွတ်စလင် ဘာသာရေးအဖွဲ့အစည်းရဲ့ သိက္ခာကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ရာအီစီဟာ သဘောထားပျော့ပြောင်းတဲ့ တာဝန်ထမ်းဆောင်ဆဲ သမ္မတ ဟတ်ဆန်ရိုဟာနီထံကနေ ရာထူးလွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။ ရိုဟာနီအနေနဲ့ ရှစ်နှစ်တာ ရာထူးသက်တမ်းအဆုံးသတ်အဖြစ် ဩဂုတ်လမှာ တာဝန်ကနေ အနားယူရမှာပါ။ 

အခု ရွေးကောက်ခံရတဲ့ ရာအီစီဟာ နိုင်ငံမှာ အကြွင်းမဲ့ နိုင်ငံရေးဩဇာ ပိုင်စိုးတဲ့ အသက် ၈၁ နှစ် နိုင်ငံဥသျှောင် အယာတိုလက်ရှိအလီခါမေနီနဲ့လည်း နီးစပ်သူတစ်ဦးအဖြစ် သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly