မြန်မာအာဏာသိမ်းမှုနှင့် ဆက်နွယ်သည့် လူပုဂ္ဂိုလ်၊ လုပ်ငန်းအဖွဲ့များအပေါ် အီးယူနှင့် ယူကေက ထပ်မံ ဒဏ်ခတ်အ‌ရေးယူ

မြန်မာအာဏာသိမ်းမှုနှင့် ဆက်နွယ်သည့် လူပုဂ္ဂိုလ်၊ လုပ်ငန်းအဖွဲ့များအပေါ် အီးယူနှင့် ယူကေက ထပ်မံ ဒဏ်ခတ်အ‌ရေးယူ

ဇွန် ၂၂

ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းမှု၊ ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတို့နှင့် ဆက်နွယ်ပတ်သက်နေသော လူပုဂ္ဂိုလ်များနှင့် လုပ်ငန်းအဖွဲ့အစည်းများအပေါ် ဥရောပသမဂ္ဂ (အီးယူ) နှင့် ယူကေနိုင်ငံတို့က ဇွန်လ ၂၁ ရက်တွင် အရေးယူဒဏ်ခတ်မှုများ ထပ်မံချမှတ်ခဲ့သည်။

နိုင်ငံပေါင်း ၂၇ နိုင်ငံပါ အီးယူအုပ်စုသည် မြန်မာ စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်သော လူပုဂ္ဂိုလ် ရှစ်ဦး၊ စီးပွားရေးလုပ်ငန်း သုံးခုနှင့် စစ်မှုထမ်းဟောင်းများအဖွဲ့တို့အပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ကြောင်း အီးယူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခု အီးယူ၏ အရေးယူဒဏ်ခတ်မှုကို ခံရသည့် လူပုဂ္ဂိုလ်များထဲတွင် အာဏာသိမ်းစစ်ကောင်စီခန့် ၀န်ကြီးများ၊ ဒု၀န်ကြီးများ နှင့် ရှေ့နေချုပ်တို့ ပါ၀င်နေပြီး ၎င်းတို့သည် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမှုနှင့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုတို့အတွက် တာ၀န်ရှိသူများ ဖြစ်သည်။ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ပါ၀င်သည့် လုပ်ငန်းအဖွဲ့အစည်း လေးခုမှာ နိုင်ငံပိုင် သို့မဟုတ် စစ်အုပ်စု ထိန်းချုပ်သည့် လုပ်ငန်းအဖွဲ့အစည်းများ ဖြစ်ပြီး ယင်းတို့သည် အာဏာသိမ်းစစ်တပ်၏ ၀င်ငွေရရှိမှုများ သို့မဟုတ် လုပ်ဆောင်မှုများအတွက် တိုက်ရိုက် သို့မဟုတ် သွယ်၀ိုက် ထည့်၀င်ပံ့ပိုးပေးနေသည့် လုပ်ငန်းအဖွဲ့အစည်းများဖြစ်ကြသည်။

“ကျောက်မျက်နဲ့ သစ် လုပ်ငန်းကဏ္ဍတွေကို ပစ်မှတ်ထားခြင်းအားဖြင့် ဒီအရေးယူမှု အစီအမံတွေဟာ အာဏာသိမ်းစစ်အုပ်စု နိုင်ငံရဲ့ သဘာ၀ရင်းမြစ်တွေဆီကနေ အကျိုးအမြတ်တွေ ရရှိနိုင်မှုအပေါ် ပိတ်ပင်ကန့်သတ်ဖို့ ရည်ရွယ်သလို တစ်ဘက်မှာလည်း မြန်မာပြည်သူတွေ အလွန်အကျွံ ထိခိုက်နစ်နာမှု မရှိအောင် စီမံထားပါတယ်” ဟု အီးယူထုတ်ပြန်ချက်တွင် ပါရှိသည်။

အီးယူ၏ ပိတ်ပင်ကန့်သတ်မှု အစီအမံများသည် ယခုအခါ မြန်မာနိုင်ငံ၏ လူပုဂ္ဂိုလ် ၄၃ ဦးနှင့် လုပ်ငန်းအဖွဲ့အစည်း ခြောက်ခုအထိအပေါ် အကျုံး၀င်နေပြီ ဖြစ်ပြီး ယင်းပိတ်ပင်ကန့်သတ်အရေးယူမှုများထဲတွင် ပိုင်ဆိုင်မှု ပိတ်ပင်ခြင်း၊ အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါ၀င်သူများ ဘဏ္ဍာငွေ မရရှိစေရေး ပိတ်ပင်ခြင်း နှင့် ခရီးသွားလာမှု ပိတ်ပင်ခြင်းတို့ ပါ၀င်နေသည်။

တစ်ချိန်တည်းမှာပင် ယူကေနိုင်ငံကလည်း မြန်မာ့သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းတို့အပေါ် ထပ်တိုး အရေးယူဒဏ်ခတ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။အဆိုပါ ပိတ်ပင်ကန့်သတ်မှုများသည် ချက်ချင်း အသက်၀င်မည်ဖြစ်ပြီး ယင်းတို့သည် ၀င်ငွေသန်းချီ ဖြစ်ထွန်းရှာဖွေနိုင်သော ပုလဲနှင့် သစ်လုပ်ငန်း တို့ကနေ အာဏာသိမ်းစစ်အုပ်စု အကျိုးအမြတ် ဖြစ်ထွန်းရရှိနိုင်စွမ်းအပေါ် ပစ်မှတ်ထားကန့်သတ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ဆက်လက် ထိခိုက်စေပြီး အရပ်သားများအပေါ် လူမဆန်စွာ ဆက်လက် ဖိနှိပ်နေသော အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် အရေးယူမှုအသစ်များ လုပ်ဆောင်ခြင်းဖြစ်ပြီး ယခု ယူကေက ကြေညာခဲ့သည့် အစီအမံများသည် စစ်အုပ်စု၏ စီးပွားရေးအကျိုးစီးပွားများကို အဓိက ပစ်မှတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly