အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ၈ ဦးနဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို အီးယူ ပိတ်ဆို့အရေးယူ

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ၈ ဦးနဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို အီးယူ ပိတ်ဆို့အရေးယူ

ဇွန် ၂၂

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှာ ပါဝင်သူ ရှစ်ဦး၊ သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း သုံးခုနဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့တို့ကို ဥရောပသမဂ္ဂ အီးယူက ပိတ်ဆို့အရေးယူတဲ့စာရင်းထဲ ဇွန်လ ၂၁ ရက်က ထပ်တိုးထည့်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ စီမံကိန်းဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဝန်ကြီး ဦးဝင်းရှိန်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ၊ ပို့ဆောင်ဆက်သွယ်ရေးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး၊ ဗိုလ်ချုပ်အောင်လင်းထွန်းနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ရှစ်ဦးကို အီးယူက ပိတ်ဆို့အရေးယူလိုက်တာပါ။

ဒါ့ကြောင့် လက်ရှိမှာ ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီဝင် စုစုပေါင်း ၄၃ ဦးနဲ့ ဦးပိုင်အပါအဝင် စီးပွားရေးလုပ်ငန်း ခြောက်ခု ရှိသွားပါပြီ။ ပိတ်ဆို့အရေးယူမှုထဲမှာ ဥရောပနိုင်ငံတွေမှာရှိတဲ့ သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားတာ၊ သူတို့တွေအတွက် ငွေကြေးအကူအညီတွေမပေးတာ၊ ဥရောပနိုင်ငံတွေကို လာရောက်ခွင့်နဲ့ ဖြတ်သန်းခွင့်မပြုတာတို့ပါဝင်ပါတယ်။

အရင်ချမှတ်ထားပြီးဖြစ်တဲ့ လက်နက်နဲ့ လက်နက်ပစ္စည်းတွေရောင်းချမှုကို ပိတ်ပင်တာ၊ စစ်ကောင်စီထံ တိုက်ရိုက်ငွေကြေးကူညီတာကို ဆိုင်းငံ့ထားတာတွေလည်း ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly