မွေးနေ့ပွဲပန်းသပိတ်ပြုလုပ်ပေးသည့် ပြည်သူများကို ကျေးဇူးတင်ကြောင်းနှင့် ကျန်းမာကြပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆုမွန်ကောင်းပေး

မွေးနေ့ပွဲပန်းသပိတ်ပြုလုပ်ပေးသည့် ပြည်သူများကို ကျေးဇူးတင်ကြောင်းနှင့် ကျန်းမာကြပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆုမွန်ကောင်းပေး

ဇွန် ၂၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အသက် ၇၆ နှစ်ပြည့်မွေးနေ့ပွဲအတွက် နိုင်ငံတစ်ဝှမ်း ပန်းသပိတ် ပြုလုပ်ပေးသည့် ပြည်သူများအား ကျေးဇူးတင်ကြောင်းနှင့် ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်း ပြန်လည်တောင်းဆိုပေးခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုး က မဇ္ဈိမကိုဆိုသည်။

"အမေ ဒီနေ့ဝတ်လာတာက အရင်ဝတ်နေကြ မြန်မာရင်ဖုံးအအင်္ကျီ ရိုးရိုးလေးကို ဝတ်လာပါတယ် ပန်းတော့မပန်လာပါဘူး ကျန်းမာရေးကကောင်းပါတယ် တက်တက်ကြွကြွပါဘဲ။ ကျန်တာတော့ဘာမှ ထပ်ပြောတာမျိုးမရှိပါဘူး"ဟု ဒေါ်မင်းမင်းစိုးက ဆိုသည်။

ယနေ့ဇွန် ၂၁ တွင် ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၂၀တွေ့ဆုံစကားပြောခွင့်ရခဲ့ပြီး သမ္မတဦးဝင်းမြင့်နှင့် ၁၀ မိနစ်သာ တွေ့ဆုံစကားပြောခွင့်ရခဲ့သည်ဟု ဆိုသည်။

" ဦးဝင်းမြင့်ကတော့ ဘာမှထွေထွေထူးထူးမပြောဘူး။ ဥပဒေအတိုင်းဆက်သွားမယ်လို့ပြောတာဘဲရှိတယ် ကျန်းမာရေးကောင်းကြပါတယ်"ဟု ၎င်းကပင်ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်မြင့်တို့ကို ယနေ့ ဇွန် ၂၁ ရက်တွင် ခြံအမှတ် (၁)ရှိ အထူးသီးသန့်တရားရုံးတွင် လူတွေ့ရုံးထုတ်ခဲ့ပြီး စွဲဆိုထားသည့် ပုဒ်မများအတွက် တရားလိုပြသက်သေများကို စစ်ဆေးခဲ့သည်။

ရုံးထုတ်စစ်ဆေးမှုတွင်ဒေါ်အောင်ဆန်းစုကြည်အတွက် သဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ရဲမှူးလှိုင်ဝင်းက တရားလိုပြသက်သေ ထွက်ဆိုခဲ့ကာပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ယင်းနှစ်မှုအတွက် ဗိုလ်ကြီး အာကာမင်းနိုင်က တရားလိုပြသက်သေထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အတွက် ရဲမှူးလှိုင်ဝင်းနှင့် ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်တို့က တရားလိုပြသက်သေအဖြင့် ထွက်ဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောဇွန်ရုံးချိန်းတွင်၁၄ရက်က ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပေဒပုဒ်မ ၂၅ ၊ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇တို့ဖြင့် တရားစွဲဆိုထားသော အမှုသုံးမှုအတွက်  ရဲမှူးမြင့်နိုင်နှင့် ရဲမှူးကြည်လင်းတို့ကို တရားလိုထွက်ဆိုချက်စစ်ဆေးခဲ့ပြီး ဦးဝင်းမြင့်အပေါ်တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပေဒပုဒ်မ ၂၅ အတွက် ရဲမှူးမြင့်နိုင်ကို တရားလို ထွက်ဆိုချက် အသီးသီး စစ်ဆေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly