ဘန့်ဘွေးရွာသို့ စစ်ကောင်စီတပ်များ ထပ်လာမွှေ၍ ရွာသားများတိမ်းရှောင် 

ဘန့်ဘွေးရွာသို့ စစ်ကောင်စီတပ်များ ထပ်လာမွှေ၍ ရွာသားများတိမ်းရှောင် 

ဇွန် ၂၁

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာကို ယနေ့နံနက်က စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ရွာသားများ နီးစပ်ရာတောထဲဝင်ပြေးခိုလှုံရမှုဒုတိယအကြိမ်ဖြစ်ပွားနေပြန်သည်။
 
“မနက်ပိုင်း ၁၁ နာရီလောက်မှာ သူတို့က စစ်ကားအကြီး ၄ စီးနဲ့ အင်အား ၈၀ လောက်တော့ရှိမယ်၊ ဝင်လာတာကို သတင်းကြားလို့ နီးစပ်ရာ တောထဲကို ကျွန်တော်တို့ပြေးနေရတာ” လို့ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။  
 
ဘန့်ဘွေးရွာတွင် လက်နက်များသိုလှောင်ထားသည်ဆိုသော သတင်းအရ လာရောက်ရှာဖွေကြခြင်းဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ဘန့်ဘွေးရွာကို  အကြမ်းဖက်စစ်တပ် လာမွှေတာ ဒုတိယမြောက်ဖြစ်သည်။  

ဇွန်လ ဒုတိယပတ်အတွင်း ဘန့်ဘွေးရွာနှင့် တစ်မိုင်ခန့်ဝေးသော စည်လောင်ကျေးရွာမှာ စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့အပြီး ဘန့်ဘွေးရွာကို လာရောက်ခဲ့ကြသေးသည်။ ထိုစဉ်က စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဘန့်ဘွေးရွာသူ အသက် ၂၀ အရွယ် မမာကြည်ရင်ဘက်ကို ကျည်ဆံမှန်ပြီး သေဆုံးခဲ့ရသည်။

ထိုစဉ်က စည်လောင်ကျေးရွာတိုက်ပွဲသည်  တစ်နေကုန်အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦးကျဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly