ကလေးမြို့တွင် စစ်ကောင်စီက အိမ်တစ်အိမ်ကိုဝင်စီး သေနတ်ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံး ၂ ဦးခေါ်ဆောင်သွားခံရ

ကလေးမြို့တွင် စစ်ကောင်စီက အိမ်တစ်အိမ်ကိုဝင်စီး သေနတ်ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံး ၂ ဦးခေါ်ဆောင်သွားခံရ

ဇွန် ၂၀

ကလေးမြို့၊ အင်းယာကုန်းရပ်ကွက်မှာ မနေ့က ဇွန်လ ၁၉ရက်  ည ၈ နာရီ ခွဲလောက်က အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်တစ်အိမ်ကိုဝင်စီး သေနတ်နဲ့ ပစ်ခတ်တာကြောင့် လူလေးဦး သေဆုံးပြီးတော့ နှစ်ဦးကို စစ်ဆေးရုံကို ပို့ထားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ 

အင်းယာကုန်းရပ်ကွက်က အိမ်တစ်အိမ်ကို စစ်ယူနီဖောင်းဝတ် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား သုံးဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ 

“အဲ့အချိန်လောက်မှာ လမ်းမီးတိုင်အရောင်ရှိသေးတော့ စစ်သားတွေဆိုတာ သေချာမြင်ရတယ်၊ သူတို့ကအဲ့အိမ်ရှေ့ရောက်တော့ ဆဲဆိုပြီး ထွက်ခဲ့စမ်းဆိုတဲ့ အသံလဲကြားတယ်၊ ပြီးတော့ အိမ်ရှေ့ကိုထွက်လာတဲ့ တစ်ယောက်ကို ပစ်လိုက်တယ်၊ ပြီးတော့ သူတို့ အိမ်ထဲကို ဝင်သွားပြီး သေနတ်သံတွေ ဆက်တိုက်ထွက်လာတာ” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အိမ်မှာ မိသားစု လေးဦးနဲ့ တူမတစ်ဦး တူတစ်ဦး နေထိုင်နေတယ်လို့သိရပါတယ်။ 

သေဆုံးခဲ့သူ အမျိုးသားသုံးဦးဟာ ဖခင်ဖြစ်သူ ဦးဝင်းဇော်ဦးဟာ ဆဲဆိုသံတွေကြားလို့ ထွက်လာတဲ့အချိန် သေနတ်နဲ့ ပြစ်ခတ်တာခံရပြီး နေရာမှာလဲကျသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဧည့်ခန်းထဲမှာရှိနေသူ တူဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုဇော်ဇော်ကို ပြစ်ခတ်ခဲ့ကာ အိမ်ပေါ်ထပ်လှေကားကဆင်းလာသူ အမေဖြစ်တဲ့ ဒေါ် စန်းစန်းမော် ကိုထပ်မံပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ နောက်ထပ် အိမ်နောက်ဖေး ထမင်းစားခန်းမှာရှိနေတဲ့သမီး ဖြစ်သူ အသက် ၂၆ နှစ်အရွယ် မစန်းရွှေဦးနဲ့ တူမဖြစ်သူတို့ဟာ ကြောက်လန့်တကြားထွက်ပြေးခဲ့တာကို စစ်ကောင်စီတပ်သားတွေက ထပ်မံပြစ်ခတ်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။ သူတို့နှစ်ဦးကိုတော့ ကျည်ထိမှန်ပြီး စစ်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သတင်းထွက်ပေါ်နေပြီး သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။ 

အိမ်ပေါ်ထပ်မှာရှိနေသူ သားဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကိုသီဟအောင်က  အောက်ကိုဆင်းလာချိန် စစ်ကောင်စီတပ်တွေက ထပ်မံပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် အဲ့ဒီပြစ်ခတ်မှုတွေအတွင်းမှာ မိသားစုသုံးဦးနဲ့ တူဖြစ်သူ တစ်ဦး စုစုပေါင်း လေးဦး သေးဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်သားတွေက ညတွင်းချင်းသယ်ဆောင်သွားတယ်လို့ အနီးဝန်းကျင်က ဒေသခံတွေက ပြောပြပါတယ်။ 

သေနတ်သံတွေ ငြိမ်သွားတဲ့နောက်ပိုင်း စစ်ကားတစ်စီးရောက်လာပြီး အဲ့ဒီအိမ်ထဲက ပစ္စည်းတွေကို နှစ်ခေါက်ပြန်ပြီး သိမ်းဆည်းယူဆောင်သွားတယ်လို့ ဒေသခံကဆိုပါတယ်။ ညပိုင်း ၈နာရီခွဲခန့်က ဖြစ်ခဲ့တဲ့ ရုတ်ရုတ်သဲသဲဖြစ်စဉ်တွေဟာ ညပိုင်း ၁၂ နာရီဝန်းကျင်မှ ငြိမ်သွားခဲ့တာပါ။ 
စစ်ကောင်စီတပ်သားတွေ ပြစ်ခတ်သတ်ဖြတ်ခဲ့သူ ဦးဇော်ဝင်းဦးနဲ့ ဒေါ်စန်းစန်းမော်တို့ဟာ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို အားပေးထောက်ခံခဲ့သူတွေလို့ ဒေသခံတွေက ပြောပြပါတယ်။ 

သို့ပေမယ့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ ကိုအားပေးညီတာတွေရှိခဲ့သလို ဆန္ဒပြသူတွေနဲ့ စစ်ကောင်စီတပ်သားတွေထိပ်တိုက်တွေ့ဆုံကြတဲ့အချိန်တုန်းက လမ်းတွေပိတ်ဖို့ သူတို့အိမ်က ကားတာယာတွေသယ်ပြီး ကူညီခဲ့တာတွေရှိခဲ့တယ်လို့ သူတို့အိမ်ပတ်ဝန်းကျင်က ဒေသခံတစ်ဦးကဆိုပါတယ်။ 

“ဒီလိုတစ်မိသားစုလုံးကို ဘာအကြောင်းကြောင့် လာရောက်ပြစ်သတ်တယ်ဆိုတာကျွန်တော်တို့လဲ မသိဘူး၊  တစ်အိမ်သားလုံးကို အကြောင်းမရှိပစ်သတ်တာဟာ စစ်ကောင်စီဘက်ကရန်ငြိုးကြောင့်လားတော့မသိဘူး၊ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို စစ်ကားနဲ့နှစ်ခေါက်တိုက်သွားတာက ပေါ်ပေါ်တင်တင် ဓါးပြတိုက်၊ လူသတ်လိုက်တာမျိုးပါပဲ” လို့ ဒေသခံတစ်ဦးက သူ့ရဲ့ထင်မြင်ယူဆချက်ကို ပြောပြလာပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly