ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်နဲ့ အောင်ပွဲတခု 

ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်နဲ့ အောင်ပွဲတခု 

ဇွန် ၁၉

ဦးအောင်မျိုးမင်း (အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး) ၏ ရေးသားသုံးသပ်ချက် 

မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံကနေ ဇွန်လ ၁၈ ရက်မှာ ချမှတ်အတည်ပြုလိုက်တယ်လို့သိရပါတယ်။  

တောင်းဆိုချက်တွေထဲမှာ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ အရပ်သားအစိုးရအဖွဲ့ရဲ့ အုပ်ချုပ်မှုဖြစ်အောင်လုပ်ဆောင်ဖို့၊ ထိမ်းသိမ်းခံအားလုံး ချက်ချင်းပြန်လွှတ်ပေးပြီး သူတို့ရဲ့ တရားမျှတမှုရရှိအောင် လုပ်ပေးဖို့၊ အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ပေးဖို့၊ သတင်းသမားတွေအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေကိုရုပ်သိမ်းပေးဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လိုအပ်နေတဲ့ သူတွေဆီလုံခြုံအနှောက်အယှက်ကင်းစွာရောက်ဖို့နဲ့ ကုလအဖွဲ့ဝင်နိုင်ငံအားလုံး မြန်မာနိုင်ငံကို လက်နက်စီးဆင်းမှုတွေ တားဆီးဖို့ တို့ ပါဝင်ပါတယ်။

မူကြမ်းဆုံးဖြတ်ချက်ကို လိုင်ချက်စတိုင်း (Liechtenstein) နိုင်ငံနဲ့ အခြား (၅၃) နိုင်ငံတို့ပူးတွဲပြီး မေလဆန်းကထဲက တင်သွင်းခဲ့တာပါ။ ဆုံးဖြတ်ချက်မူကြမ်းကို မေလလယ်မှာ ဆုံးဖြတ်ချက်ချဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ 

 ဒါပေမဲ့ အာဆီယံနိုင်ငံတွေက မူလဆုံးဖြတ်ချက်မူကြမ်းမှာပါဝင်တဲ့ "မြန်မာနိုင်ငံအား လက်နက်ရောင်းချမှုပိတ်ပင်ရေး (Arms Embargo)" တောင်းဆိုချက်အပါအဝင် မြန်မာစစ်အုပ်စုကို ပြင်းထန်စွာ ဝေဘန်ရှုံ့ချတဲ့ စကားလုံးတွေအပေါ် သဘောမတူနိုင်ဘူးလို့ ဆိုခဲ့တဲ့အတွက် နိုင်ငံတွေကြားမှာ တလကျော်ကြာအောင် အပြန်ပြန်အလှန်လှန် ဆွေးနွေးညှိနိုင်းခဲ့ပါတယ်။ ညှိနှိုင်းမှုတွေအပြီး အခု ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်မှာတော့ "လက်နက်ရောင်းချမှုပိတ်ပင်ရေး" အစား "မြန်မာနိုင်ငံသို့ လက်နက်များ စီးဝင်နေမှုကို တားဆီးရေး (Prevent the flow of arms to Myanmar)" လို့ ပြင်ဆင်လိုက်ပါတယ်။

 ညှိနိုင်းပြီးတဲ့အခါမှာ ဒီဆုံးဖြတ်ချက်ကို မဲမခွဲပဲ ကန့်ကွက်သူမရှိ (Consensus) ပုံစံနဲ့ အတည်ပြုဖို့ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် မမျှော်လင့်ပဲ ဘယ်လာရုစ် (Belarus) က အများသဘောတူဆုံးဖြတ်တာထက် လက်ခံမခံကိုမဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုလာပါတယ်။ ဒါကြောင့် မဲခွဲကြတဲ့အခါ ထောက်ခံမဲ (၁၁၉) မဲ၊ ကြားနေ (၃၆) မဲနဲ့ ကန့်ကွက်မဲက ဘယ်လာရုစ် (၁) မဲထဲရှိပါတယ်။ မဲမပေးတဲ့နိုင်ငံကတော့ (၃၇) နိုင်ငံရှိပါတယ်။ ထူးခြားတာက အာဆီယံနိုင်ငံတွေက (၆) နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာ (NUG ကိုယ်စားပြုဦးကျော်မိုးထွန်း) တို့က ထောက်ခံမဲပေးခဲ့ပါတယ်။

 အာဆီယံ ၄ နိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့က ကြားနေပါတယ်။ ပြီးတော့ တရုတ်နဲ့ ရုရှားကလည်း ကြားနေကြပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၃) အဖွဲ့ဝင်နိုင်ငံ အများစုရဲ့ သဘောထားထင်ဟပ်တယ်လို့ ဆိုနိုင်ပါတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။ 

 ဆုံးဖြတ်ချက်တွေကိုလဲ ဦးအောင်မျိုးမင်းက ခုလို သုံးသပ်ရေးသားထားပါတယ်။ “ပထမတချက်ကတော့ မူကြမ်းမှာပါခဲ့တဲ့ "လက်နက်ရောင်းချမှုပိတ်ပင်ရေး" အစား "မြန်မာနိုင်ငံသို့ လက်နက်များ စီးဝင်နေမှုကို တားဆီးရေး (Prevent the flow of arms to Myanmar)" လို့ပြောင်းလိုက်ပေမဲ့ ကျန်တဲ့တောင်းဆိုချက်တွေက အားကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒုတိယတချက်ကတော့ ဆုံးဖြတ်ချက်တစ်ခုလုံးမှာ မြန်မာစစ်အုပ်စုကို "အစိုးရ" လို့မဖော်ပြသွားပါဘူး။ "နိုင်ငံတော် စီမံခန့်ခွဲမှုကောင်စီ/ နစက" ဆိုတဲ့ အမည်ကိုတောင် မသုံးဘဲ မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ/ မြန်မာ့တပ်မတော် (Myanmar Armed Forces) လို့ပဲ သုံးစွဲသွားပါတယ်။ ဒီအချက်က နိုင်ငံရေးအသိအမှတ်ပြုမှုနဲ့ပတ်သက်ပြီး တော်တော်လေးအရေးကြီးပါတယ်။ ဒီစကားလုံးလေးတလုံးက တရားဝင်မှုကို သက်ရောက်စေပါတယ်။ ဒီလိုစကားလုံးကို သတိထားသုံးစွဲထားမှုက အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရာ ရောက်ပါတယ်။

 ဒီဆုံးဖြတ်ချက်က လုံခြုံရေးကောင်စီဆုံးဖြတ်ချက်လို အာဏာသက်ရောက်မှုမရှိပေမယ့် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၃) နိုင်ငံထဲက အများစုက ထောက်ခံတယ်ဆိုတာ နိုင်ငံရေးအရ အဓိပ္ပာယ်ရှိပါတယ်။ ဩဇာရှိပါတယ်။ တချိန်ထဲမှာဘဲ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံအချို့ကို မှီခိုအားထားနေရချိန်မှာ သူတို့ထင်သလောက် အကာအကွယ်မရခဲ့တဲ့အတွက် အတော်ခံစားရခက်နေပါလိမ့်မယ်။ 

တခုသိစေချင်တာကတော့ နောက်ထပ်အရေးကြီးတဲ့အချိန်တခု ကျန်နေပါသေးတည်။ ဒါကတော့ လာမယ့် စက်တင်ဘာလမှာ စတင်ကျင်းပမယ့် (၇၆) ကြိမ်မြောက် အထွေထွေညီလာခံကြီး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီညီလာခံကြီး မစခင်မှာ အထွေထွေညီလာခံ ကိုယ်စားလှယ်စီစစ်ရေးကော်မတီ (Credential Committee) မှာ အာဏာသိမ်းစစ်ကောင်စီကရော၊ NUG ကပါ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် တင်လျှောက်ကြမှာပါ။ ဒီကာလမှာ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံအချို့က မြန်မာစစ်အုပ်စုကို အသိအမှတ်ပြုရေး အစွမ်းကုန်စည်းရုံးကြမှာပါ။ NUG အနေနဲ့လဲ တရားဝင်အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းရမှာဖြစ်ပါတယ်။ 

NUG အစိုးရအနေနဲ့ နိုင်ငံတကာသံတမန်အ‌ရေးမှာ အောင်မြင်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းနေပါတယ်။ အမှန်တရားအတွက် နိုင်ကိုနိုင်ရမယ်လို့လဲ ယုံကြည်ထားပါတယ်။ ပြည်သူတွေအနေနဲ့လဲ ရောက်ရှိနေတဲ့နေရာမှာ တတ်နိုင်သရွေ့ စစ်တပ်ကို တွန်းလှန်နေခြင်းဖြင့် စိတ်ဓာတ်ကို အမြင့်မားဆုံးမြှင့်တင်ထားကြပါလို့ သူက တိုက်တွန်းပြောဆိုရေးသားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly