တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အသင့်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အသင့်ရှိ
Photo - AFP

ဇွန် ၁၈

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ပထမဆုံးသော ပြည်ပခရီးစဉ်က ပေကျင်းကို တန်ပြန်ရင်ဆိုင်ရာတွင် ဂျီ ၇ နှင့် နေတိုးအုပ်စု၏ စည်းလုံးညီညွတ်မှုရှိခြင်းကို ပြသခဲ့သော်လည်း ဘိုင်ဒင်အနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် အဆင်သင့် ရှိနေကြောင်း ၎င်း၏ ထိပ်တန်းလက်ထောက်တစ်ဦးက ဇွန်လ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတ ဘိုင်ဒင်သည် အခြေခံအဆောက်အအုံ စီမံကိန်းသစ်တစ်ခုတွင် ဂျီ ၇ အုပ်စုကို ဦးဆောင်ခြင်းအားဖြင့် တရုတ်ကို တန်ပြန်ရင်ဆိုင်မည့် ရွေးချယ်စရာ နည်းလမ်းတစ်ခုကို ပြသခဲ့သည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်က ပြောသည်။

ထို့ပြင် နေတိုးအုပ်စု၏ ညီလာခံတွင်လည်း ပထမဆုံးအကြိမ်အဖြစ် တရုတ်တို့၏ လုံခြုံရေး ခြိမ်းခြောက်မှုအပေါ် အလေးအနက်ထားပြီး စစ်မှန်သည့် တုံ့ပြန်မှုကို လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် ကာလကြာ ရှိနေခဲ့သည့် အမေရိကန်-အီးယူ လေယာဥ်ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ အငြင်းပွားမှုတစ်ရပ်အပေါ် ပြေလည်အောင် အဖြေရှာနိုင်ခဲ့မှုကိုလည်း ၎င်းက ညွှန်ပြပြောဆိုခဲ့ပြီး ယင်းသည် တရုတ်၏ ခေါင်းပုံဖြတ် အမြတ်ကြီးစားသည့် လုပ်ဆောင်ချက်များအပေါ် ဆန့်ကျင်တုံ့ပြန်ရာတွင် အနောက်အုပ်စုအနေဖြင့် တစည်းတလုံးတည်း ရှိကြောင်း ပြသလိုက်သည့် သတင်းစကားတစ်ခုပင် ဖြစ်သည်ဟု ဆူလီဗန်က ပြောသည်။

“အဓိကအချက်ကတော့ သမ္မတ ဘိုင်ဒင်ဟာ ဒီခရီးစဥ်မှာ လွတ်လပ်တဲ့ ကမ္ဘာကြီးရဲ့ ဦးဆောင်သူနေရာကို ယုံကြည်မှု ရှိစွာနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ တာ၀န်ယူနိုင်ခဲ့ပါတယ်၊ အရင် သမ္မတတုန်းကတော့ အဲဒီနေရာကို စွန့်လွှတ်ထားခဲ့ပါတယ်၊ ဒီသမ္မတကတော့ ဒါကို အလေးအနက် ပြန်လည်ရယူခဲ့ပါပြီ” ဟု ဆူလီဗန်က မဟာမိတ်များနှင့် မကြာခဏ သဘောထားကွဲလေ့ ရှိခဲ့သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရည်ညွှန်းပြောသွားခဲ့သည်။

လက်ရှိအမေရိကန်သမ္မတ ဘိုင်ဒင် အစိုးရသည် တရုတ်ကို အဓိကကျသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ထားသည်။

သို့သော် ဘိုင်ဒင်အနေဖြင့် တရုတ်သမ္မတ ရှီနှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အရေး ပေါ်လာပါက ကြိုဆိုလိမ့်မည်ဖြစ်ကြောင်း ဆူလီဗန်က ပြောသည်။

အဆိုပါ ခေါင်းဆောင်နှစ်ဦးသည် ဖေဖေါ်၀ါရီလက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှု လုပ်ထားခဲ့သည်။ အမေရိကန်-တရုတ် အကြား လူချင်းတွေ့ဆုံသည့် ဆွေးနွေးမှုအဖြစ် ပြီးခဲ့သည့်မတ်လက အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်၊ အမျိုးသားလုံခြုံရေးအကြံပေး ဆူလီဗန်တို့နှင့် တရုတ်ထိပ်တန်းအရာရှိကြီးများအကြား အလက်စတာတွင် တွေ့ဆုံခဲ့သည့် အစည်းအဝေးသာ ရှိနေသေးပြီး အဆိုပါ တွေ့ဆုံမှုတွင်လည်း အပြန်အလှန် တင်းမာမှုများဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required