ဒီပဲယင်းမြို့အရှေ့ခြမ်းကျေးရွာတွေကို စစ်ကောင်စီအင်အား ၄၀၀ ခန့် ဝင်ရောက်စီးနင်း၊ ရဟတ်ယာဉ်ပါ ပျံသန်း

ဒီပဲယင်းမြို့အရှေ့ခြမ်းကျေးရွာတွေကို စစ်ကောင်စီအင်အား ၄၀၀ ခန့် ဝင်ရောက်စီးနင်း၊ ရဟတ်ယာဉ်ပါ ပျံသန်း

ဇွန် ၁၇

ဒီကနေ့ ဇွန်လ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၀ ရွာကျော်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

မနက်ပိုင်း ၅ နာရီလောက်မှာ စစ်ကား ၁၆ စီးနဲ့ ယဉ်ကျေးရွာ/ယဉ်ကျေးတော‌ကျောင်းဘုန်းကြီးကျောင်း/မြို့ကြီး/တည်တော/သပြေကုန်း/အုပ်ဆည်/အင်ပင်လေး/မြင်းတန့်ကျေး ရွာ တွေကို  ဝင်ရောက်ရှာဖွေစီးနင်းတာတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

"ချောင်းပေါက်၊ ညောင်လှရွာတွေဘက်ကနေစဝင်လာတာပါ၊ ရွာသားတွေက အရင်ရက်တွေကတည်းက တော်တော်များများက ထွက်ပြေးနေကြရတာ တိုက်ပွဲတွေဖြစ်လို့၊ ညဘက်ဆိုရင်ရွာသားတွေမအိပ်ကျတော့ပဲ သတင်းတွေနားထောင်နေရတာ၊ အဲ့မှာ သူတို့လာပြီသတင်းကြားတော့ မနက်အစောကြီး ၃ နာရီလောက်ကတည်းက ပြေးကြရတာ" လို့ ဆိုပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နေတဲ့ ဒီပဲယင်းမြို့နယ်ကျေးရွာတွေမှာ ဇွန်လ ၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ကလူငယ်တွေ ဆင့်ပွားသင်တန်းပေးနေတယ်ဆိုပြီး စစ်ကောင်စီတပ်ဘက်က စစ်ကားသုံးစီး၊ အင်အား ၇၀ လောက်နဲ့ လာရောက်ရှာဖွေရင်း ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ 

အလားတူ ဇွန်လ ၁၄ ရက်၊ ဒီပဲယင်းမြို့နယ် ကြည်ရွာ၊ ဆပ်ပြာကျင်းနဲ့ ဘုတ်ရွာ အနီးမှာ ဒေသခံ PDF တပ်နဲ့  အင်အား ၂၀၀လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်၊ယဉ်ကျေးရွာမှ PDF က ထုတ်ပြန်ထားခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာ ဒီပဲယင်း PDF ရဲ့ ထုတ်ပြန်ချက်အရ PDF တပ်ဖွဲ့ဝင် တစ်ဦး ဝမ်းဗိုက် ကျဉ်ထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ အဆိုပါကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဒီကနေ့မှာ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ၊ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ယူဆောင်သွားတာတွေရှိနေတယ်လို့ ဒေသခံကဆိုပါတယ်။ ဒါ့အပြင် မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တစ်စင်းနဲ့ ၂ နာရီခန့်ကြာ ကျေးရွာတွေအပေါ်က လှည့်လည်ပျံသန်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အဆိုပါကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တစ်သောင်းနီးပါးရှိပြီလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly