NDF အရာရှိငယ်သင်တန်း အမှတ်စဉ် (၁) နှင့် မြို့ပြပျောက်ကျား သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲပြုလုပ်

NDF အရာရှိငယ်သင်တန်း အမှတ်စဉ် (၁) နှင့် မြို့ပြပျောက်ကျား သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲပြုလုပ်

ဇွန် ၁၇

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABDF) ရဲဘော်ဟောင်းများနှင့် ဖွဲ့စည်းထားသည့် အမျိုးသားကာကွယ်ရေးတပ်(National Defense Force )၏အရာရှိငယ် သင်တန်း အမှတ်စဉ် (၁)၊ မြို့ပြပျောက်ကျား သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။ 

အဆိုပါတပ်၏  တပ်မှူးအဖြစ် (ABSDF) စစ်ကော်မရှင်ကနေ ခွဲထွက်လိုက်ပြီး ပြည်ထောင်စုကာကွယ်ရေးတပ် UNRA (Union of National Resistance Army) အဖြစ် ၂၀၁၄ ခုနှစ်ကစပြီး ရပ်တည်လာခဲ့သည့် ဗိုလ်မှူးချုပ် ခင်ကျော် ဖြစ်ကြောင်း သိရသည်။ 

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက်အာဏာသိမ်းမှုကို လက်နက်ကိုင် တိုက်မှရမည်ဟု ယုံကြည်သောကြောင့်  နိုင်ငံတကာရောက် ABSDF ရဲဘော်များနှင့် ဆွေးနွေးညှိနှိုင်းပြီး အမျိုးသားကာကွယ်ရေးတပ် (NDF) ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း NDF ဥက္ကဠ ကိုထွန်းအောင်ကျော် (၇၄မျိုးဆက်) က ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲ သတ်ဖြတ်မှုတွေအတွက် ကြိုတင်ပြီး ပြင်ဆင်ထားဖို့ ဆက်သွယ်လာသည့် လူငယ်များအား  သင်တန်းပေးရန် စီစဉ်ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ သင်တန်းဆင်းပွဲ (၇) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။  
အမျိုးသားကာကွယ်ရေးတပ် (NDF) အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်ဆံရေးနှင့် ချိတ်ဆက်ပုံကိုလဲ NDF ဥက္ကဠက အခုလိုပြောဆိုခဲ့သည်။ 

"အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော် -  PDF ဖွဲ့စည်းမည်ဟု ပြောလာတဲ့အခါ ကျနော်တို့က သူတို့နဲ့ အကျိုးတူ ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့တယ်။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဆွေးနွေးပြီး သူတို့ PDF အနေနဲ့ သင့်တော်တဲ့ အစီအစဉ်ဆောင်ရွက်ပြီးတဲ့အခါ ကျနော်တို့ NDF ကို PDF အသွင်ပြောင်းပေးမယ်လို့ ကတိပြုပေးခဲ့တယ်။ အခု ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က PDF အဖြစ် လက်ခံမယ်လို့ ပြောထားပေမဲ့ တပ်ကို တရားဝင် လွှဲပြောင်းပေးခြင်းတော့ မရှိသေးပါဘူး" ဟုပြောသည်။

ယခုပြုလုပ်သည့် အရာရှိငယ် သင်တန်း အမှတ်စဉ် (၁) နှင့် မြို့ပြပျောက်ကျားသင်တန်း အမှတ်စဉ် (၇) သင်တန်းဆင်းပွဲတွင် NDF ဥက္ကဋ္ဌအနေဖြင့်  ထွန်းအောင်ကျော် (၇၄မျိုးဆက်) ကသဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရသည်။  

အမျိုးသားညီညွတ်ရေးအစိုးရဘက်က ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း သဝဏ်လွှာ ပို့ပေးခဲ့ကြောင်းသိရပြီး  ပဲခူးတိုင်း၊ ဝေါမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဒီ ( ABSDF သံလွင်စခန်း တပ်ရင်း ၂၀၉ ခေါင်းဆောင်ဟောင်း) က သင်တန်းဆင်းရဲဘော်တွေကို အားပေးစကား ပြောကြားကာ တပ်ကို စစ်ဆေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required