အမေရိကန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၀၀၀၀၀ ကျော် 

ဇွန် ၁၆

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် သေဆုံးသူဦးရေဟာ အင်္ဂါနေ့ထိမှာ ခြောက်သိန်းကျော် ရှိသွားပြီးလို့ ဂျွန်ဟော့ကင်းတက္ကသိုလ် အချက်အလက်တွေအရ သိရပြီး သမ္မတ ဂျိုးဘိုင်ဒင်က ‘စိတ်မချမ်းမြေ့စရာ မှတ်တိုင်’တစ်ခုပါပဲလို့ ပြောရင်း ကာကွယ်ဆေး ထိုးနှံကြဖို့ အမေရိကန်ပြည်သူတွေကို တိုက်တွန်းပါတယ်။ 

ကပ်ဘေးအတွင်းမှာ အမေရိကန်ဟာ လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေပြီး သူ့နောက်မှာ ဘရာဇီးနဲ့ အိန္ဒိယတို့က သေဆုံးမှုအများဆုံးနိုင်ငံတွေအဖြစ် အသီးသီး ရှိနေပါတယ်။ 

“အသက်တွေ ဆုံးရှုံးရတာ အရမ်းများနေဆဲပါ”လို့ ဂျိုးဘိုင်ဒင်က ပြောပြီး ကပ်ဘေးအထွဋ်အထိပ်ကာလကစပြီး နေ့စဉ်သေဆုံးနှုန်း ကျဆင်းပေမယ့်လည်း အသက်တွေ ဆက်လက် ဆုံးပါးမှုတွေ ကြုံနေရဆဲက ‘အမှန်ကို ဝမ်းနည်းဖွယ်ရာ’ဖြစ်ရပ်ပါလို့ မှတ်ချက်ချ ပြောဆိုပါတယ်။ 

“ချစ်ခင်တဲ့ ဆွေမျိုးသားချင်း သေဆုံးရတဲ့သူတွေကို ကျွန်တော် စာနာပါတယ်”လို့ သေဆုံးသူ ခြောက်သိန်းနားကပ်လာချိန် တနင်္လာနေ့က ဘရပ်ဆဲလ်မှာ မိန့်ခွန်းပြောရာမှာ ဂျိုးဘိုင်ဒင်က ထည့်သွင်းပြောဆိုပါတယ်။ 

“ဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ ကျွန်တော်တို့ ပိုပြီး လုပ်ကိုင်ဆောင်ရွက်သွားရမယ်၊ အခုနေမှာ ကျွန်တော်တို့ အားလျှော့ချလို့ မဖြစ်ဘူး၊ ဖြစ်နိုင်သမျှ မြန်မြန် ကာကွယ်ဆေး အထိုးနှံခံကြပါ”လို့ သူက ဆိုပါတယ်။ 

အမေရိကန်မှာ ဒီဇင်ဘာလအတွင်း ပထမဆုံး ကာကွယ်ဆေးကို ခွင့်ပြုပြီးချိန်ကစလို့ ကျန်းမာရေးအာဏာပိုင်တွေဟာ အကြီးစား ကာကွယ်ဆေး ထိုးနှံပေးရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေပြီး ဧပြီလအတွင်းမှာ အထွဋ်အထိပ်ရောက်ခဲ့ကာ နေ့ဏည် လူ လေးသန်းကျော် ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။ 

ဒါပေမဲ့ ဆေးထိုးနှံရေး အရှိန်ဟာ အဲဒီနောက်ပိုင်းမှာ နှေးကွေးသွားခဲ့ပြီး မထိုးနှံကြတဲ့ ပြည်သူတွေက ဗိုင်းရပ်စ်အတွက် ခုခံကာကွယ်စွမ်း နည်းတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။ 

နိုင်ငံတွင်းမှာ အတည်ပြုပေးထားတဲ့ ကာကွယ်ဆေး သုံးမျိုးက တစ်မျိုးမျိုးကို ထိုးနှံပြီးသူဦးရေဟာ အမေရိကန်ပြည်သူဦးရေရဲ့ ၅၂ ရာခိုင်နှုန်းကျော် ၁၇၄ သန်း ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေအရ သိရပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဇူလိုင် ၄ ရက် မကျော်လွန်ခင် အရွယ်ရောက်ပြီးသူရဲ့ ၇၀ ရာခိုင်နှုန်း အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးဖို့ ရည်မှန်းချက် ချထားပေမယ့် အဲဒီ ရည်မှန်းချက် မပြည့်ဝနိုင်ဖွယ် အခြေအနေ ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly